နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

နေပြည်တော်  အောက်တိုဘာ  ၁၇

''ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့ ''ဟူသည့်ဆောင်ပုဒ်နှင့်အညီ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

 နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်း အပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယင်းတို့၏   မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ်ရေး  နည်းလမ်းများနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ် ဆေးထိုးနှံပြီး    နောက်ဆက်တွဲပြဿနာ၊ အန္တရာယ် တစ်စုံတစ်ရာရှိ၊ မရှိ သိရှိနိုင်ရန် နာရီဝက်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ချင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အတွက် လက်ဆေးဘေစင်များ ထားရှိ၍ လက်ဆေးစေခြင်း၊ Mask ၊ Face Shield နှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား    ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်   လက်မှတ်ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ ပညာပေး ဗွီနိုင်းဆိုင်းဘုတ်များကို ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊   ကျောင်းသူများ   ဘေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် School Busများ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊   မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက     လုံခြုံရေး ဆောင်ရွက်ပေးသည်ကိုလည်း တွေ့ရသည်။

နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရန်နှင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကိုတားဆီးရန် အတွက် ရည်ရွယ်၍ ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။