ရတနာပုံ၏နိဒါန်းနှင့်နိဂုံး အမှတ်စဉ်(၁၈)

ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၁၈)

ယမန်နေ့မှအဆက်

ထိုသံတော်ဆင့် အဝေးကျီဝန်မင်းသည် ၁၂၃၉ ခုနှစ် အတွင်းတွင် ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်း တရားကြီးလက်ထက်မှာ မင်းမူတော်ထမ်းနေရသူဖြစ်ပါသည်။ ပုဂံမင်းနန်းကျပြီးနောက် ရတနာပုံမြို့တည်  နန်းတည် မင်းတုန်းမင်းတရားကြီး နန်းစံ ချိန်တွင် တောင်ဥယျာဉ်တော်အတွင်းမှာ အဂ္ဂိရတ်ပညာဖြင့် ရွှေဖြစ် ငွေဖြစ် ကြိုးစား နေသူများကိုထောက်ပံ့ထားသည်။

ထိုသို့အထောက်အပံ့ပေးခြင်းမှာ မင်းတုန်းမင်း တရားကြီးသည် ထိုပညာမည်မျှ အစွမ်း ရောက်မရောက် သိလို၍အားပေးခြင်းတစ်ရပ်ဖြစ်သည်။ ရွှေဖြစ်ငွေဖြစ်နည်းကို ယုံကြည်လွန်း၍တော့ မဟုတ်ပေ။   အကယ်၍  ပုဂံပြည်က အဇ္ဇဂေါဏ ရသေ့ကြီးလို အောင်မြင်သွားလျှင်လည်း တိုင်းသူ ပြည်သားများ အကျိုးခံစားရလေမည်ဟုလည်း ရည်ရွယ် ဟန်ရှိသည်။ အဂ္ဂိရတ်ပညာနှင့် ရွှေဖြစ်ငွေဖြစ် လိုက်စား သူများသာမက ငွေချက်တတ်သည်ဆိုသူ နိုင်ငံခြား မဇ္ဈိမတိုင်းသား ယောဂီရသေ့များကိုပင် ထောက်ပံ့ အားပေးထားလေသည်။

ဤသို့ ရွှေဖြစ်ငွေဖြစ် လုပ်ရပ်သမားများကို တောင်ဥယျာဉ်တော် တစ်နေရာ၌ထား သည်။ ၎င်းင်းတို့အား ကြီးကြပ်သူအဖြစ် အုပ်ချုပ်ရေး ပေးလွှဲထားခံရသူ ပုဂ္ဂိုလ် တစ်ဦးမှာ အထက်ပါသံတော်ဆင့် အဝေးကျီ ဝန်မင်း ဦးလတ်ဖြစ်ပါသည်။ ၎င်း သံတော်ဆင့် အဝေးကျီဝန်မင်း ဦးလတ်ကြီးကြပ်အုပ်ချုပ်ရသော ရွှေဖြစ်ငွေဖြစ် လုပ်ရပ် ပုဂ္ဂိုလ်များအနက် အမရပူရသူတော်ကြီး ရန်အောင်ဇေဌကြီးလည်း အပါအဝင် တစ်ယောက် ဖြစ်နေပါသည်။

သက္ကရာဇ် ၁၂၃၉ ခုနှစ်တွင်ဖြင့် သူတော်ရန်အောင် ဇေဌမှာ အသက် ၅၀ ပင်ကျော် ခဲ့လေပြီဖြစ်သည်။

သံတော်ဆင့်မင်းသည် တောင်ဥယျာဉ်တော်သို့ မပြတ်လာရောက်ကြည့်တိုင်း သူတော် ကြီး ရန်အောင် ဇေဌ၏ဖိုတွင် စတည်းချလေ့ရှိသည်။ အဂ္ဂိရတ်ဆရာတို့ ဘာလိုသနည်း၊ ထင်းမီးသွေးကအစ စားရေး၊ ရိက္ခာ အထိ မရှိသည်ကို ထောက်ပံ့ပေးပို့စေသည်။ အကြောင်း တစ်စုံတစ်ရာရှိလျှင်လည်း ဘုရင်မင်းတရားကြီး  ရွှေနန်းတော်အရောက် တင်လျှောက်ပေးသည်။

ဤတောင်ဥယျာဉ်တော်တွင်းမှာပင် အင်္ဂလိပ်ဘုန်းကြီး   ဘီဂန်တက်ထံမှ ဝယ်ယူထား သော ပုံနှိပ်စက်များဖြစ် သော ပုံနှိပ်လုပ်ငန်းဌာနတစ်ခုရှိလေသေးသည်။ ၎င်းင်းပုံနှိပ် လုပ်ငန်းနှင့် စာစီပုံနှိပ်သမားများ အလုပ်သမားများအပေါ်တွင် အုပ်ချုပ်စီမံ၍ ကိုယ်တိုင် စာစီစာရိုက်ပညာကို နားလည်လုပ်ဆောင်   အုပ်စည်းနေသည်မှာလည်း  သံတော်ဆင့် အဝေးကျီဝန်မင်း ဦးလတ်ပင်ဖြစ်သည်။

သံတော်ဆင့်မင်း ဦးလတ်သည် ယင်းသို့လျှင် တောင် ဥယျာဉ်တော်သို့ တာဝန်ဝတ္တရား နှင့် လာရောက်တိုင်း ဖိုးသူတော်ကြီးရန်အောင်ဇေဌနှင့် ခင်မင်ကျွမ်းဝင်နေ သောကြောင့် တစ်ချိန်တုန်းက မြို့ဝန်ဘိုင်ဆပ်ကို ကိုယ်တိုင်သတ်ပါမည်ဟု ဓားထမ်း၍ လိုက်သွားဖူးသူ ဖြစ်ကြောင်းနှင့် သတင်းကြီးခဲ့သဖြင့် ထိုသတင်းနှင့် ယင်းအကြောင်း အရာများကို စုံစမ်းမေးမြန်းလေသည်။

သူတော်ဆရာကြီး၏သားကို မြို့ဝန်ဘိုင်ဆပ်က ဘယ်အကြောင်းများကြောင့် သတ်ခြင်းပါလဲ၊ ဆရာကြီးဟာ ဘိုင်ဆပ်ကို ရန်ငြိုးကြီးစွာနှင့် ကိုယ်တိုင်သတ်ရန် ဓားထမ်းလိုက်သွားပြီး တကယ်များသတ်မိခဲ့ပါသလား၊ သတ်မိခဲ့လျှင် အဋ္ဌင်္ဂသီလ စောင့်ထိန်းရသော သူတော်ကြီး အဖို့ ပါဏာတိပါတကံကို ကျူးလွန်ချိုး ဖောက်ခဲ့ရာ ရောက်မရောက်၊ အတိတ်ကအကြောင်းများကို ပြန်လည် ဆွေးနွေးမေးမြန်းခြင်းအမှုကို ပြုမိလေသည်။

ဤတွင် ဖိုးသူတော်ကြီး ရွှေဖြစ်ငွေဖြစ် အဂ္ဂိရတ် ဆရာကြီး ရန်အောင်ဇေဌက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။

“သံတော်ဆင့်မင်းရယ်၊ ကျုပ်ကတကယ်မသတ်ခဲ့ပါဘူး။ မသတ်ရုံသာမက ကျုပ်မှာ လည်း သားသမီး လည်းမရှိပါဘူး။ အိမ်ထောင်လည်း တစ်ခါမှမကျခဲ့ ဖူးပါဘူး။ ကျုပ်က ငယ်ဖြူပါ”ဟူ၍ ဖြေလေသည်။

သည်တော့ သံတော်ဆင့်မင်းမှာ တစ်ဆင့်တက်၍ ပြဿနာဖြစ်လာပြန်ပါသည်။ “ဆရာကြီးမှာ ငယ်ဖြူဖြစ်၍ အိမ်ထောင်မကျဖူးလျှင် ဘယ်မှာသားရှိပါ့မလဲ၊ သားမရှိ ပါဘူး။ ဆရာကြီးသားကို မြို့ဝန်ဘိုင်ဆပ်က သတ်တယ်ဆိုခြင်းမှာ ဘာကြောင့်ပါလိမ့်၊ ပါဏာတိပါတကံ မထိုက်ပါလည်း မုသာဝါဒကံက ကျန်ပါသေးရဲ့ မဟုတ်ပါလား၊ သည်တော့ ဆရာကြီးဟာ ဘာကို ရည်ရွယ်ပြီး ဓားကြီးထမ်းလို့ ဘိုင်ဆပ်ကိုသတ်ဖို့ဆို၍ လူသတ်ကုန်းကို လိုက်ခြင်းပါလဲ}}ဟူသော မေးခွန်းကို ဆက်ရပြန်ပါသည်။

“ဒါက ဒီလိုရှိပါတယ်  သံတော်ဆင့်မင်းရယ်၊ ဘိုင်ဆပ်ဆိုတဲ့အကောင်ဟာ လူ့ပြည် ရောက်ကတည်းက  အကုသိုလ်အလုပ်တွေကိုသာ လုပ်လာခဲ့တဲ့ အကောင်မဟုတ်ပါ လား၊ ဒီအကောင်ဟာ တစ်သက် တစ်ကမ္ဘာမှာ မဟာအဝီစိငရဲက မတက်ရတော့မယ့် အကောင်မဟုတ်ပါလား။   ဘဝရဲ့  တစ်လမ်းသွား အကောင်ပဲ၊ ငရဲက ဘယ်တော့မှ လွှတ်မှာမဟုတ်တဲ့ အတွက် သင်းမသေခင် ကုသိုလ်တရားသံကလေးများမှ နားမှလေ သံမကြားရပြန်လျှင် အမှန်ပင်အနစ်ကြီးနစ်မွန်း ရရှာတော့မည်မဟုတ်ပါလား။ ဘိုင်ဆပ်ဟာ ရာဇဝတ် အပြစ်ဒဏ်အတိုင်း အသက်အဆုံးစီရင်ပြီးတဲ့နောက်၊ သင်းပြု ခဲ့တဲ့ အကုသိုလ်တွေရဲ့အလျောက် အပါယ်ငရဲ ပဋိသန္ဓေသို့ မုချဆက်ဆက် ရောက်မည့် သတ္တဝါဖြစ်၍  သနားကရုဏာသက်သောအားဖြင့် ဓားထမ်း၍အတူ လိုက်ပါသွားပြီး လမ်းမှာတစ်လမ်းသွားပျက်စီးအံ့ဆဲဆဲ  တွင် တရားဓမ္မဟောပြောပြသည်ကို နာခံမှတ် ယူနိုင်သမျှ အကျိုးခံစားရပါစေတော့ဟု အလွန်မိုက်မဲသော သတ္တဝါဖြစ်၍  သနား ကရုဏာသက်သောအားဖြင့် ဓားထမ်း၍ အတူလိုက်ပါသွားပြီး လမ်းမှာတစ်လမ်းလုံး တရားဟောသွားခြင်းသာဖြစ်ပါတယ်။”

“သားအမိုက်ကို တိုင်းသူပြည်သားအားလုံးကလည်း သင်းအပြစ်ကြောင့် အလွန်မုန်းတီး နေကြပြီ။ လမ်းခရီး တစ်လျှောက်လုံး ဝိုင်းအုံကြည့်ရှုရင်း တံတွေးထွေးခြင်း၊ သဲနှင့် ပက်ခြင်း၊ ခဲနှင့်ပေါက်ခြင်းများ ပြုနေကြသည့် အထဲမှာ ကျုပ်ကဘိုင်ဆပ်ကို သနား သဖြင့် သေခါနီး တရားဟောပါရစေလို့ ခွင့်တောင်းနေလျှင် ကျုပ်ကိုပါ ပြည်သူ လူထုကဝိုင်းပြီး ခဲနဲ့ပေါက်ကြမယ်။ သူယုတ်မာ ကို အားပေးရမလားလို့ ကျုပ်ကိုပါဝိုင်း ရိုက်ကြမယ် မဟုတ်လား၊ ဒါကြောင့် ဝိုင်းကြည့်နေတဲ့လူတွေလည်း  ကျေနပ်လေအောင် ရာဇဝတ်သား ငဘိုင်ဆပ်အနားသို့ နီးနီးကပ်ကပ် သွားရခြင်းသာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။