ယမန်နေ့မှအဆက်
“ဟိုလှေကားကနေ မြေအောက်ခန်းဆင်းသွား။ အဲဒီမှာ ဘယ်သူ့မှမရှိဘူးသွားကျက်၊ အလွတ်ရရုံနဲ့ မပြီးဘူးနော်။ စာလုံးလေးမျိုးစလုံး အလွတ်ရေးတတ်ရမယ်...။ အေကနေဇက်၊ ဇက်ကနေအေ အပြန်အလှန်ရေးတတ်ရမယ်။ ခိုင်းချင်တဲ့စာလုံးအရေးခိုင်းမယ်။ လေးမျိုးစလုံးရေးပြနိုင်ရမယ်။ အားလုံးရပြီဆိုတာ သေချာမှပြန်လာ။ မသေချာရင်မလာနဲ့ နှစ်ရက်၊ သုံးရက်ကြာချင်ကြာပစေ။ မရဘဲနဲ့လာရင် မင်းနာမှာနော်...”
“တင်ပါ့ ဘုရား...”
“ကဲ သွားကျက်တော့...”
မောင်ငြိမ်းချမ်းစာအုပ်ကိုယူပြီး ဦးပဉ္ဇင်းညွှန်ပြသော လှေကားမှ အောက်သို့ဆင်းလိုက်သည်။ မြေအောက်တိုက်ခန်းသို့ ရောက်သွားသည်။ နွေရာသီမှာပင် အေးစိမ့်နေသည်။ အလွန်နေ၍ ကောင်းသည်။
အောက်ထပ်မှာဘယ်သူမျှမရှိ။ ဘာပစ္စည်းမျှလည်းမရှိ။ သမံတလင်းအချောခင်းထားသည်။ ထိုင်၍ ကောင်းပါသည်။ အေးအေးလေး၊ မောင်ငြိမ်းချမ်း သမံတလင်းမှာထိုင်လျက် အေဘီစီကျက်သည်။ အစကအဆုံးရသောအခါ အရေးကျင့်သည်။ လေးမျိုးစလုံး အလွတ်ရေးတတ်သွားပြီ။ အေမှဇက်၊ ဇက်မှအေ အပြန်အလှန်ရေးသည်။ ရပြီ။
ကိုယ့်ဘာသာစာလုံးတစ်လုံးစီ မေးကြည့်သည်။ ရေးနည်းလေးမျိုးနှင့်ရေးပြသည်။ ရပြီ တစ်နာရီ လောက်ကြာမည်ထင်သည်။ အားလုံးရတာသေချာပြီ။ ဝမ်းသာစရာကောင်းသည်မှာ စာကျက်နေ လျှင် လွမ်းရဆွေးရသည်များ အားလုံးမေ့သွားသည်။ မျက်ရည်လည်းမကျ။ အခုစာအားလုံးရသည်နှင့် အမေကြီးကို အရင်သတိရလာသည်။ ပြီးတော့ အိမ်ကိုသတိရသည်။ ပြီးတော့ ရွာကိုသတိရသည်။ မျက်ရည် ပြန်ကျလာမှာစိုးရသည်။ စာဆက်သင်နေရလျှင် ကောင်းမည်။
ဦးပဉ္ဇင်းထံပြန်သွားမည်လုပ်ပြီးမှ မရသောစာလုံးရှိလျှင် ဦးပဉ္ဇင်းစိတ်ဆိုးပြီးရိုက်မှာ ကြောက်စိတ် ဖြစ်မိသည်။ ရပြီဟု ကိုယ့်ဘာသာ အသေအချာသိပါလျက် ပြန်ကျက်သည်။ လေးမျိုးစလုံး အလွတ်ပြန်ရေးသည်။ ရှေ့ပြန်နောက်ပြန်ရေးသည်။ ရသည်မှာသေချာသည်။ ဘာမျှမှားစရာမရှိ။
မြေအောက်ခန်းမှ ပြန်တက်ခဲ့သည်။ ဦးပဉ္ဇင်းထံ ပြန်သွားသည်။
“တပည့်တော်...ရပါပြီ ဘုရား...”
“ဟေ...”
ဦးပဉ္ဇင်းစာရေးနေရာမှ လှည့်ကြည့်သည်။
“မင်း သေချာလို့လား...”
“သေချာပါတယ်ဘုရား...”
“မေးလို့မရရင်...ရေးတာမှားရင်... ငါရိုက်မှာနော်...”
“ရိုက်ပါဘုရား...”
“အေး... သိကြသေးတာပေါ့ကွာ...”
ဦးပဉ္ဇင်းက သူ့ခုတင်အောက်မှ ကြိမ်လုံးကို ထုတ်ယူလိုက်သည်။ မောင်ငြိမ်းချမ်းလန့်သွား၏။ ကြိမ်လုံးက လူကြီးတစ်ယောက်၏ လက်ညှိုးလောက် တုတ်သည်။ ရှည်လည်း ရှည်သည်။ ဦးပဉ္ဇင်းက စိတ်ရှည်သည့် သဘောမရှိ။ အရိုက်ခံလျှင်တော့ သက်သာမည်မဟုတ်။
“မသေချာရင် ပြန်သွားနိုင်သေးတယ်။ မနက်ဖြန်ခါမှလာ...”
“သေချာပါတယ် ဘုရား...”
မောင်ငြိမ်းချမ်း အာမခံရဲလိုက်သည်။
“အေး... ဟုတ်ရင်ဟုတ်ပေါ့...မဟုတ်ရင်တော့ မင်းနာပြီသာမှတ်”
ဦးပဉ္ဇင်းက ကြိမ်းမောင်းပြီးသည်နှင့် ကြိမ်လုံးကို စားပွဲပေါ်တင်လိုက်သည်။
“ကဲ...ဆိုစမ်း...”
မောင်ငြိမ်းချမ်း အေဘီစီကို မနှေးမမြန် အလွတ်ဆိုပြသည်။ ရသည်။ အေဘီစီ စာလုံးလေးမျိုးကို အေမှ ဇက်၊ ဇက်မှအေ အပြန်အလှန်ရေးပြရသည်။ ဦးပဉ္ဇင်းက အသေအချာစစ်သည်။ အားလုံးမှန်သည်။ တစ်လုံးချင်းမေးပြန်သည်။ မေးသမျှ ရေးပြရသည်။ မှန်သည်။ ဦးပဉ္ဇင်းက ဆက်မမေးတော့ပါ။ စာဆက်သင်ပေးရန် မောင်ငြိမ်းချမ်း မျှော်လင့်မိသည်။ သို့သော်...
“တော်ပြီကွာ...မသင်ချင်တော့ဘူး။ မင်းကရတာမြန်လွန်းတယ် သွားတော့”
ဦးပဉ္ဇင်းကြိမ်လုံးကို ခုတင်အောက်ပစ်ချလိုက်ပြီး သူ့စာသူဆက်ရေးနေသည်။ မောင်ငြိမ်းချမ်းကို လှည့်မကြည့်တော့ပါ။ မောင်ငြိမ်းချမ်း စာအုပ်ကိုယူ၍ ကိုယ့်နေရာ ကိုယ့်ဖာလေးရှိရာသို့ ပြန်လာခဲ့ရသည်။
ဆရာကြီးဦးစံလှိုင်
စာသင်စရာမရှိသည်နှင့် အမေကြီးကို သတိရလာသည်။ အမေကြီးကို သတိရသည်နှင့် မျက်ရည် များက အလိုလိုစီးဆင်းလာကြသည်။ ထန်းခေါက်ဖာလေးကို ဖွင့်လိုက်သည်။ ဖာလေးထဲမှာ အမေကြီး ခေါက်ထည့်ပေးလိုက်သော ပုဆိုး၊ အင်္ကျီအဝတ်ကလေးများကို မြင်ရလျှင် အမေကြီးနှင့် နီးသွားသလို ခံစားရသည်။
အနည်းဆုံး အဝတ်တစ်စုံကိုတော့ အမေကြီးလက်ရာမပျက် ခေါက်လျက်ချန်ထားမည်ဟု ဆုံးဖြတ် လိုက်သည်။ ဖာကလေးကို ပြန်ပိတ်လိုက်သည်။ စာဆက်သင်ချင်သည်။ စာသင်နေရလျှင် အားလုံး ကို မေ့၍ အငိုသက်သာသည်။ ဦးပဉ္ဇင်းကလည်း သင်ပေး တော့မည်မဟုတ်။
ထမင်းချက်တာဝန်ခံဖြစ်သူ မောင်ညွန့်ထံချဉ်းကပ်သည်။ ၆ တန်းကျောင်းသားကြီးဖြစ်သည်။ အင်္ဂလိပ်စာ ကောင်းစွာသင်နိုင်မည်။ စာအုပ်ကလေးနှင့် ခဲတံလေးယူသွားသည်။ ဆက်လက်ဖော်ပြ ပါမည်။