ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

ကျုပ်က ကျုပ်သားကို သတ်ခဲ့ဖူးသူဖြစ်လို့ အခဲမကျေ ရန်ငြိုးမကျေသူဖြစ်၍ ဓားထမ်းပြီး သုသာန်မှာသတ်ဖို့ ဆိုပြီး လိုက်လာတာကို မြင်ကြသူတွေ အလွန်ကျေနပ် အားရကြတယ်။ ဘိုင်ဆပ်တို့များ ဖိုးသူတော်တောင် မုန်းပါကလားလို့ ဖိုးသူတော်ကိုတောင်မှ ကောင်းချီးသြဘာပေးနေကြသေးတယ်။  တကယ်လို့သာ သူတော်က  သေရမယ့်ရာဇဝတ်သား  ဘိုင်ဆပ်ကိုသနားလို့ ဟောမလို့ဆိုတာသိရင် အဲဒီနေရာတွင်ပဲ ဖိုးသူတော်ရဲ့ အရိုးအသားတွေ ဖွဲအိတ်ဖြစ်သွားမှာကလား၊ လူတွေကသည်ကလောက် မုန်းမာန်ပွားနေခြင်းခံရတဲ့ ဘိုင်ဆပ်ပဲ'' ဟူ၍ဆိုပါသည်။

ဤတွင် ဖိုးသူတော်အဂ္ဂိရတ်ဆရာကြီး ရန်အောင်ဇေဌ၏ ဇာတ်ကြောင်းမှန်ကို သံတော်ဆင့်မင်းက သိရှိရလေသည်။

''ဒါဖြင့်ရင် လမ်းမှာ ဆရာကြီးက ဘိုင်ဆပ်အနားကပ်ပြီး တီးတိုးတီးတိုး ဟောသွားတဲ့အခါ ဘိုင်ဆပ်ကကော ဆရာကြီး တရားဟောတာကို ကောင်းကောင်းနာယူသွားပါရဲ့လား'' ဟု မေးရပြန်သည်။

''ဟာသည်အကောင်ဟာ  ကုလားဒိန်ဆိုပေမယ့် ကုလားဘာသာကိုလည်း ကောင်းစွာ ခံယူတဲ့ အကောင်မဟုတ်၊    ဗုဒ္ဓဘာသာ မြန်မာတရားတော်ကိုလည်း မဝင်ဆံ့၊ သက်သက်မဲ့ လူ့ငနွားကောင်၊ လူပြိန်း၊ လူညံ့၊ လူမိုက်အစားထဲက လူသက်သက်ပဲ၊ ပညာဉာဏ်ကလည်းနည်း ဗဟုသုတကလည်း မရှိ။ သူသိတာဟာ ချိုးတည်ဖို့ ခါတည်ဖို့လောက်သာ နားလည်တဲ့ လူစားမို့ တစ်လမ်းသွားလို့ ဆိုထိုက်တယ်။  ဒီတော့ တရားဓမ္မ ဟောပြောပြပေမယ့်လည်း အခံကမရှိလေတော့ ကျွဲပါးစောင်းတီး သလိုဖြစ်ခဲ့ရတယ်။ သူ့နားထဲမှာ တရားဓမ္မ သံဝေဂဝင်ဟန် မတူပါဘူး၊ သေခါနီး အပါယ်ပဋိသန္ဓေ မပေးပါစေနှင့်လို့ စေတနာထားပြီး တရားဟောပေမယ့်လည်း တရားသဘောကိုမှ လုံးဝနားမလည်တဲ့ သတ္တဝါမို့လို့ ဓားထမ်းပြီး လိုက်သွားရတာသာ အဖတ်တင်မှာပါပဲ၊ ကျုပ်က တရားသံပေးတဲ့အခါ ပြူးကြောင်ကြောင်နဲ့ ကျုပ်ကိုငေးကြည့်နေရုံမှတစ်ပါး  ဘာမှနားလည်ပုံ မရပါဘူး။ သင်းမျက်နှာကလည်း မိုက်ကျောကျော မိုက်ကပ်ကပ်ပုံပါပဲ၊ ကြောက်စိတ်ကလည်း မွှန်နေတယ်လေ၊ သူသေရတော့မှာကိုး။''

''ကျုပ်ကလည်း လက်ဖျားနှင့်မျှ သူကိုမတို့ခဲ့ပါဘူး၊ အဲဒါနှင့်အချိန်ကျလို့ သူ့ကို အာဏာပါးကွက်များက ဓားနဲ့ပိုင်းလိုက်တဲ့အခါ သွေးပွက်ပွက်ထပြီး ဇက်ကြိုး ကျသွားတာမြင်လိုက်ရတာပါပဲ၊ အဲတစ်ခု အထင်ကရ မှတ်မိလိုက်တာကတော့ သူ့ကိုစီရင်တဲ့ ပါးကွက်အာဏာသားတွေဟာ ဘာကြောင့်မှန်းမသိ တာဝန်ရှိလို့ လုပ်ရတာထက် ပိုပြီးစိတ်အား ထက်သန်နေကြတဲ့ပုံမျိုးကို မြင်ရပါတယ်။''

''ဒီတော့ကာ ဘိုင်ဆပ်ဟာ အာဏာပါးကွက်သားတွေရဲ့ ရပ်ကွက်မှာတောင် အနိုင်အထက် လုပ်ခဲ့ဖူးတယ် ထင်တယ်။ အဲဒါ သူတို့ကလည်း အငြိုးထားပြီး ဓားနှင့် ခုတ်ရာမှာတောင် မသေမချင်း တောက်တောက်စဉ်းကြသေးတယ်။ ကျုပ်လည်း ဆက်ကြည့်ဖို့ မျက်စိမရဲတာနဲ့ တစ်ခါတည်း လှည့်ထွက်လာခဲ့ရတာပါပဲ။ တစ်လမ်းသွားမို့ သနားတော့ သနားလိုက်ပါရဲ့လေ။

စသောအဖြေနှင့်အတိတ်က   ကိုယ်တွေ့မျက်မြင် ကိစ္စကို  သူတော်ကြီးက ပြန်လည်ပြောကြားခြင်း ပြုပါရဲ့လေ။

သံတော်ဆင့်မင်းသည်   ဤတွင်မှ  သူငယ်စဉ်က မတင်မကျဖြစ်ခဲ့ရသော သိချင်လှသည့်ပြဿနာများ ပြေလည်သွားပါတော့သည်။

၎င်းအဝေးကျီမင်း သံတော်ဆင့်ဦးလတ်သည် နောင်သောအခါ ဝန်ထောက် ဝက်မစွတ်မြို့စားမင်းကြီး မင်းထင်မဟာစည်သူဖြစ်ပါသည်။

ဘိုင်ဆပ်၏ တပည့်လက်ရင်း    အတွင်းလူ သူဌေးမြို့စာရေး မောင်ပိန်မှာလည်း သူ့ဆရာဘိုင်ဆပ်နည်းတူ သည်းအူထုတ်၍ နုပ်နုပ်စဉ်းခံရသည်ဟုဆိုသည်။

မြို့ဝန်ဘိုင်ဆပ် သားမယားများနှင့် မြို့စာရေးမောင်ပိန်၏ သားမယားများမှာလည်း ကြီးလေးသော ရာဇဝတ်သား တို့၏ သားမယားများ သွားရာလမ်းအတိုင်း သွားလေသူတို့နောက်သို့ ကောက်ကောက် ပါရှာကြလေသည်။

ဆရာကောင်းစား၍ စားဖော်သောက်ဖော် လုယက်လာဘ်စားရာ အားပေးလိုက်ပါ အမှုထမ်းရာမှာ ဝေစုဝေငှစား လုပ်စားပေါက်ကောက်စားရှာကြရသော ဘိုင်ဆပ်၏ တပည့်တပန်း အမှုထမ်းတို့မှာလည်း ဆရာများ သွားရာလမ်းသို့ ဖြောင့်ဖြောင့်တန်းတန်း လိုက်ပါသွားရှာကြရလေသည်။

ယင်းသို့လျှင် မတရားကျင့်ကြံသူ မြို့ဝန်ဘိုင်ဆပ်တို့ လူတစ်သိုက် ရာဇဝတ်ကပ်ကြီး ဆိုက်သွားသောအခါ တိုင်းနေပြည်သူတို့လည်း စိတ်ဝမ်းအေးချမ်း သွားရပေတော့သည်။ မိမိတို့အပေါ်၌ မတရား မှုခင်းရှာကြံ နှိပ်စက်တတ်သူများ ကင်းရှင်းသွားသဖြင့် ရောင်းပန်းဝယ်ပန်းနှင့်တကွ    တရားလမ်းကြောင်း မှန်ကန်စွာ ဝမ်းမြောက်ဝမ်းသာ နေနိုင်ရှာကြလေတော့သည်။

နန်းတော်သူ၊ နန်းတော်သားတို့ကလည်း စကား မိဖုရားကိုပင် ကျေးဇူးတင်စကား ပြောကြားလေသည်။

ဘိုင်ဆပ်က  နှစ်ရှည်လများ မတရားပြုမူလာခြင်း ခံခဲ့ရသမျှ စကားမိဖုရားနှင့်ကျမှ အမှုမှန်ပေါ်ရသည်ဟု ဆိုသည်။ ဤမျှမက တမလွန်ဘဝကလာပြီး  ပုဂံမင်း တရားကြီးကို အိပ်မက်ပေး၍     တိုင်းနိုင်ငံအရေး အေးချမ်းသာယာလာအောင် အကျိုးဆောင်လိုက်သော ကွယ်လွန်သူ   စစ်တောင်းမြို့စား ဝန်ကြီးဟောင်းအား များစွာကျေးဇူးတင်၍ နေကြသည်။

ဘုရင်မင်းမြတ်၏အချစ်တော်မို့ မှန်ရာကို သံတော်ဦး မတင်ရဲခဲ့ကြသော   လွှတ်တော်ဝန်ကြီး တစ်စုကလည်း ကွယ်လွန်သူ   စစ်တောင်းမြို့စားဝန်ကြီးအား အမျှအတမ်းများစွာ ပေးဝေကြသည်။ ဝန်ကြီးအတွက် ရည်စူးပြီး ကောင်းမှုကုသိုလ် အဖြစ်ပြုကြသည်။  လွှတ်တော်ဝန်ကြီးသည်  တိုင်းပြည်ကို တကယ်ချစ်သော ဝန်ကြီးပါပေတကား။     ဘုရင်က မေ့လျော့နေသည်ကိုပင် နန်းတော်တွင်းဝင်၍  အိပ်မက်ပြ သတိပေးဖော်ရပေသည်ဟုလည်း သွားလေသူအပေါ်မှာ ကြည်ညိုသဒ္ဓါ ပိုကဲလာကြသည်။    အယူအစွဲကြီးသူတို့ကလည်း စစ်တောင်းဝန်ကြီးသည် သူတော်စင်ရုက္ခစိုးနတ်ကြီး ဖြစ်နေပြီဟူ၍ မိမိတို့အဖို့လည်း မစေယ စစေကြောင်း ထမင်းဦးပေါင်း ရေတကောင်းနှင့် ဆုတောင်းတင်သ၍ နေ့စဉ်လိုပင် အမျှအတမ်း ပေးဝေနေကြလေတော့သည်။

ဆက်လက်ဖော်ပြပါမည်။