ပရိသတ်တစ်ဦး ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည့်အတွက် နယူးကာဆယ်အသင်းနှင့် စပါးအသင်းတို့ပွဲစဉ် ခေတ္တ ရပ်ဆိုင်းခဲ့ရ
ပရီးမီးယားလိဂ်ပွဲစဉ်(၈)အဖြစ် နယူးကာဆယ် အသင်းနှင့် စပါးအသင်းတို့ ကစားသည့် ပွဲစဉ်၌ ပထမပိုင်း ပြီးဆုံးခါနီး ပွဲချိန် ၄၁ မိနစ်တွင် ပွဲကြည့်စင်မှ ပရိသတ်တစ်ဦး နှလုံးဖောက်ပြီး အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည့်အတွက် ပွဲစဉ်ကို ခေတ္တရပ်ဆိုင်း ခဲ့ရကြောင်း သိရသည်။
အဆိုပါပွဲစဉ်၌ ပထမပိုင်း ပွဲချိန်နှစ်မိနစ်တွင် ဝီလ်ဆင်က နယူးကာဆယ် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၁၇ မိနစ်တွင် အက်ဒွန်ဘီလီနှင့် ပွဲချိန် ၂၂ မိနစ်တွင် ဟယ်ရီကိန်းတို့က စပါးအသင်းအတွက် ဂိုးများသွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးတွင် ပရိသတ်တစ်ဦး ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်ပွားခဲ့သည့်အတွက် ပွဲကြီးကြပ်သူများက ပွဲကို ခေတ္တ ရပ်ဆိုင်းခဲ့ရခြင်းဖြစ် သည်။
ပွဲကြည့်စင်မှ ပရိသတ်တစ်ဦး အရေးပေါ် အခြေအနေ ဖြစ်ပွားနေမှုကို စပါးအသင်း ကွင်းလယ်ကစား ရီဂွယ်လွန်က ကွင်းလယ်ဒိုင်လူကြီး အန်ဒရီမာရီနာကို သွားရောက် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပွဲစဉ်မတိုင်မီက စပါးအသင်းကစားသမား ဆွန်ယောင်မင်နှင့် ကစားသမားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးမှု ပြုလုပ်ရာတွင် စစ်ဆေးမှုရလဒ် မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း ရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် နယူးကာဆယ် အသင်းနှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ကာ ပွဲခေတ္တ ရပ်နားပြီး ပြန်လည် ကစားသည့်အချိန်တွင် ဆွန်ယောင်မင်က တစ်ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။