(၃၅)ကြိမ်မြောက် အာဆီယံ အရင်းအနှီး ဈေးကွက်ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပ

 (၃၅)ကြိမ်မြောက် အာဆီယံ အရင်းအနှီး ဈေးကွက်ဥက္ကဋ္ဌများ အစည်းအဝေး ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၁၈

(၃၅)ကြိမ်မြောက် အာဆီယံ အရင်းအနှီး ဈေးကွက်ဥက္ကဋ္ဌများ   အစည်းအဝေး (35th  Chairs Meeting  of  the ASEAN Capital Markets Forum) ကို ယနေ့နံနက် ၇  နာရီခွဲတွင်   Video Conference စနစ်ဖြင့် ကျင်းပရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘရူနိုင်းနိုင်ငံ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊  ကော်မရှင် အဖွဲ့ဝင်များနှင့် ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးမှ  ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံ အရင်းအနှီး ဈေးကွက်ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘရူနိုင်းနိုင်ငံ ငွေကြေး အာဏာပိုင်အဖွဲ့၏ Deputy Managing Director ဖြစ်သူ Ms. Rashidah SABTU က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံ ဒေသတွင်းနိုင်ငံများ၏ အရင်းအနှီး ဈေးကွက်ကြီးကြပ်ရေး ကော်မရှင်များမှ အကြီးအကဲများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ်များ  စုစုပေါင်း   ၅ဝ ဦးခန့် တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံဒေသတွင်း အရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ပူးတွဲဖွဲ့စည်း ထူထောင်ခဲ့သည့် အာဆီယံအရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းအဖွဲ့နှင့် အာဆီယံ အရင်းအနှီး ဈေးကွက်များဖိုရမ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံရေရှည် တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေး (ASEAN Sustainable Finance)ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အရင်းအနှီး ဈေးကွက် အသွင်ကူးပြောင်းခြင်း ဆိုင်ရာ စံသတ်မှတ်ချက်များ၊   ကာလရှည်ငွေချေး စာချုပ် (Sustainability-Linked Bond)များ ထုတ်ဝေခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ၊ အာဆီယံ ကော်ပိုရေးရှင်းများ၏ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်မှုဆိုင်ရာ စံသတ်မှတ်

ချက်လုပ်ငန်းစဉ်များနှင့်   အာရှဖွံ့ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာဆိုင်ရာ အကူအညီပေးမှု ကိစ္စရပ်များအပေါ် အစည်းအဝေး အစီအစဉ်အလိုက်  ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင်   ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစည်းအဝေး အစီအစဉ်များ အလိုက် ပါဝင်ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရေရှည်တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေး စနစ်ဖြစ်ပေါ်ရေး၊ အာဆီယံ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် လိုက်ပါဆောင်ရွက်နိုင်မှုများကို ပါဝင်ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ACMF Vision 2025  အဖြစ် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အတွင်း ACMF Action Plan (2021-2025) တွင်ဖော်ပြထားသည့် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များဖြစ်သော အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးမှုဆိုင်ရာ   သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး၊  အာဆီယံဒေသတွင်း နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီး ဈေးကွက်များ တစ်ခုနှင့်တစ်ခုအပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး၊ ဒေသတွင်း အရင်းအနှီး ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းနယ်ပယ်များကို သဘောတူခဲ့ကြသည်။

ထို့နောက် ယခုနှစ်အတွက် ACMF  အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေ သည့် ဘရူနိုင်းနိုင်ငံ ဗဟိုဘဏ်မှ လာမည့်နှစ်အတွက် ACMF  အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံ   Securities and Exchange Regulator of Cambodia သို့ လွှဲပြောင်း တာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။