ရခိုင်ပြည်နယ် အတွင်းရှိ လမ်း၊ တံတား၊ မြို့ပြလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် အတွင်းရှိ လမ်း၊ တံတား၊ မြို့ပြလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  အောက်တိုဘာ  ၁၈

ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးမင်းထိန်သည်  အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက  လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့(၁၆)  ဒုတိယညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ အမ်းမြို့ရှိ  ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်   ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှ မိမိဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ အဆောက်အဦ၊ မြို့ပြစီမံကိန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် လမ်း၊ တံတားလုပ်ငန်းများ ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အမ်း-မအီ-ကျောက်ဖြူလမ်း အတိုင်း ဆက်လက်ထွက်ခွာလာရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့်  ရခိုင်ပြည်နယ်   ကျောက်ဖြူခရိုင် အမ်းမြို့နယ်    လုံးကောက်ကျေးရွာ အုပ်စု ကျောက်မောင်း-ငလက်ကျ-ခရမ်းကျွန်း- လောင်းစပ်-ရေအေး-မြောင်ချောင်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ခင်းကျင်း ဆောင် ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။  အဆိုပါ လမ်းဖောက်လုပ်ခြင်း အားဖြင့် ကျေးရွာခုနစ်ရွာ၊ အိမ်ခြေ ၂၉၁အိမ်၊ လူဦးရေ ၁၂၆၇ ဦးတို့အတွက် အကျိုးရှိစေမည်ဖြစ်သည်။

ထို့နောက်  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လမ်းဦးစီးဌာန  ပျဉ်ဝန်းစခန်းသို့ ရောက်ရှိရာ လမ်းအထူးအဖွဲ့(၁၈)မှ  ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲမင်းမောင်က ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် မအီ-ကျောက်ဖြူလမ်းပိုင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ၂ဝ၂၁-၂ဝ၂၂  ဘဏ္ဍာနှစ်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့်  တင်ဒါခေါ်ယူနိုင်ရေး ဆောင်ရွက်မည့် အစီအမံများအား Power Point ဖြင့်လည်းကောင်း၊  တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁ဝ)မှ ဒုတိယညွှန်ကြားရေးမှူး  ဦးမျိုးသက်ထွန်းက မအီ- ကျောက်ဖြူလမ်း စနဲပေါက်ချောင်းပေါ်တွင် အုတ်မြစ် R.C.C Bored  Pile ကိုယ်ထည် RC Concrete၊ အပေါ်ထည် RC Girder, PC Girder & RC Slab  ဖြင့်  အသစ် တည်ဆောက်မည့်  စနဲပေါက်တံတားနှင့် လုံးတော်ပေါက်ချောင်းပေါ်တွင်   အုတ်မြစ်R.C.C Bored  Pile၊ ကိုယ်ထည်  RC  Concrete၊  အပေါ်ထည်   RC Girder, PCGirder  &   RC Slab ဖြင့်  အသစ်တည်ဆောက်မည့်   လုံးတော်ပေါက် တံတားတည်ဆောက်မည့် အခြေအနေအား    PowerPoint  ဖြင့် လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ   ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမြို့နယ်အတွင်းရှိ သစ်ပုတ်တောင် ရေတပ်လမ်းဆုံမှ   နိုင်ချောင်း-ဇိုင်ချောင်း- သိုင်းချောင်း    ပြားကျွိန်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က လမ်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းများ ေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းရေး လုပ်ငန်းများ  ဆောင်ရွက်သွားရန် မှာကြားသည်။     အဆိုပါလမ်း ဖောက်လုပ်ခြင်းအားဖြင့် ကျေးရွာ ၂၄ ရွာ၊အိမ်ခြေ ၁၅၇၉ အိမ် ၊ လူဦးရေ ၇၃၈၃ ဦးတို့အတွက်   အကျိုးရှိစေမည် ဖြစ်ကြောင်း သိရသည်။