ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

 ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး

အမှတ်စဉ်(၂၀)

ယမန်နေ့မှအဆက်

ကုန်းကောင်များ

မြို့ဝန်ဘိုင်ဆပ်ကို ကပ်ဆေးပြီးနောက် တိုင်းပြည်လူထု အေးချမ်းမှုရကြလေသည်။ တိုင်းနိုင်ငံတော် အခြေအနေကတော့ တိုးတက် ထွန်းကားမှုမရှိ၊ ခမည်းတော်ရွှေဘိုမင်းတရား လက်ထက်ကစံချိန်ကိုပင် မမီလေဘဲ လျော့ရဲပျော့ညံ့လျက်ရှိသည်။ အားအင်ချည့်နဲ့ သည်။

အင်္ဂလိပ်နယ်ချဲ့တို့နှင့်လည်း တစ်ချီတစ်မောင်းစစ်ပွဲ စတင်ဆင်နွှဲရပြန်သည်။ ထိုစစ်ပွဲသည် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဟူ၍ ခေါ်တွင်ခဲ့လေသည်။ ဤကဲ့သို့ အပြင်အပက မီးဝိုင်းနေဆဲမှာ နေပြည်တော် တစ်ခွင်၌ ပြဲပြဲစင်အောင်မွှေပစ်လိုက်သော ဘိုင်ဆပ် ကိစ္စက ကမ္ဘာမီးလောင်ရာ ရေနံခွက်မှောက်သည့်နှယ် ဖြစ်လိုက်ရသေးသည်။

ယခုတော့ ဘိုင်ဆပ်၏ အတွင်းမီးက အေးငြိမ်းသွားလေပြီမို့ နေပြည်တော် ရပ်ကွက်အသီးသီးမှာ စိတ်လွတ်လက်လွတ် အေးချမ်း သာယာမှုရရှိလာသည်။ ရွှေနန်းတော်အတွင်းမှာလည်း နန်းတော်သူ၊ နန်းတော်သားများနှင့်တကွ မင်းမှုထမ်းများပါ စိတ်အနှောင့် အယှက်ခံစားနေရခြင်းမှ ကင်းရှင်းသွားခဲ့ကြရပါပြီ။ သို့သော် တိုင်းရေးပြည်ရာကတော့ မအေးချမ်းနိုင်ပါ။ နယ်ချဲ့အင်္ဂလိပ်တို့က အောက်မြန်မာပြည်မှ တစ်စတစ်စရန်ပြုလာကြရာ၌ မြန်မာဘက်က စစ်ရေးမသာ အင်အားမနိုင်ဖြစ်နေသည်။ နယ်ချဲ့ အင်္ဂလိပ်က လည်းရုတ်ခြည်း အမြန်ဆိုသလို မပြုဘဲ၊ ခပ်အေးအေးချို၍ တိုက်လျက်ရှိသည်။ ရှေးခေတ်ကတော့ လှေခေတ်၊ လှည်းခေတ်နှင့် လျော်ညီစွာခပ်ဖြည်းဖြည်းအချိန်ဆွဲနိုင်သည်။ ယခုခေတ်ကဲ့သို့ လေယာဉ်ပျံခေတ်မျိုးမဟုတ်သဖြင့် ရုတ်တရက် အနိုင်အရှုံး မဆုံး ဖြတ်သာ၊ နေ့ရက်အချိန်ကြာလေသည်။ သို့ရာတွင် အင်္ဂလိပ်အင်အားကအရေးသာလျက် ပုဂံမင်းဘက်က အားရလောက် သော အခြေအနေမရှိခဲ့ပေ။

ဤကဲ့သို့ ရှိနေစဉ်မှာ ပုဂံမင်း၏ အမရပူရနေပြည်တော်မှာ နန်းတွင်းရေးရှုပ်ထွေးလာပြန်သည်။ အင်္ဂလိပ်ခံချရတာကတစ်ဖက်၊ နန်းတွင်း ရေးမီးမွှေးပေးသူများက တစ်ဖက်နှင့် အခက်ကြုံရ ပြန်တော့သည်။ အကြောင်းကား ပုဂံမင်းနှင့်ညီတော် မင်းတုန်းမင်းတို့ စပ်ကြားတွင် ကုန်းကောင်များဝင်၍လာခြင်းပင်ဖြစ်လေသည်။ မင်းခစား ကုန်းကောင်များဆိုသည်မှာ အခြားမဟုတ်၊ ကိုယ့်အုပ်စု ကလေးနှင့် ကိုယ်ဖြစ်နေကြသော မှူးမတ်၊ ဝန်စုမှူးများပင်ဖြစ်ပါသည်။ ထိုကုန်းကောင်အုပ်စု၏ သန္ဓေတည်ရာဌာနမှာတော့ အခြား ဟုတ်ပါရိုးလား၊ သွားလေသူ မြို့ဝင်ဘိုင်ဆပ်တို့စားခဲ့ဝါးခဲ့ပုံလမ်းစဉ်တို့ကို တိတ်တဆိတ်ကျိတ်၍အားကျနေသူတစ်စုတို့ဖြစ်ပါသည်။ မိမိတို့၏ရာထူးစည်းစိမ်တည်မြဲမှု၊  တိုးတက်မှုများကို   ထာဝရရှေးရှုလျက်မျက်နှာလိုမျက်နှာရပြု၍ အမှုမှန်သည်၊ မှားသည် မငဲ့ကွက်၊ ကိုယ့်ဘက်သာကိုယ်ယက်လျက်ရှိကြသူများဖြစ်ကြသည်။

ဒါကို ညီတော်မင်းတုန်းမင်းတရားကြီးက သိသည်။ ဤသို့ ကိုယ့်ဘက်ကိုယ်ယက်ချင်ကြသော ကလိန်ကလက်အုပ်စုကို မင်းတုန်းမင်း တရားကြီးက မလိုလားသောကြောင့် သူတို့ပြုမူသမျှကို ရှေ့ကနေ၍ ဟန့်တားခြင်းပြုလျက်ရှိသည်။

ယင်းသို့ ဖြောင့်ဖြောင့်မှန်မှန်သွားရန် မင်းသားကြီးက တားဆီးခြင်းကိုပင် သူတို့ကမလိုလားနိုင်အောင်ဖြစ် လာသည်။  နယ်ချဲ့မီးဝိုင်း လာသည်ကတစ်မျိုး၊ အတွင်းပိုးထနေသူများကတစ်ဝနှင့် တစ်စတစ်စရှုပ်ထွေးစပြုလာသည်။

မင်းတုန်းမင်းတရားကြီး၏ ဆန့်ကျင်ဘက်လူများသည် မိမိတို့သွားရာခရီး၌ အဟန့်အဆီးဖြစ်နေသောမင်းတုန်းမင်းသားကြီးအား ဖယ်ရှားပစ်လိုသည်။သည်တော့ ညီအစ်ကိုသွေးကွဲစေမှုကို မသိမသာပြု၍ ပြု၍ လာကြသည်။ ဒါကိုလည်း မင်းတုန်းမင်းတရားကြီးက သိနေရိပ်မိနေပြီဖြစ်သည်။ ထို့ကြောင့်မိမိဘက်ကချို့ယွင်းချက်မရှိအောင် သတိဆောင်၍ နေရလေသည်။

ခမည်းတော်ရွှေဘိုမင်းနှင့် ဘကြီးတော်ဘုရားတို့ဖြစ်စဉ်ကို လှမ်း၍မြင်မိသည်။ ဘကြီးတော်ဘုရား၏ ယောက်ဖတော် မင်းသားကြီး   ဦးအိုတို့အသိုက်က ရွှေဘိုမင်း(သာယာဝတီမင်း)အား စတင်တိုက်ခိုက်ပုံမျိုး၊ စီမံကိန်းမျိုးတစ်ကြိမ် ကြုံရဦးတော့မှာပါကလား ဟူ၍ စဉ်းစားမိလေသည်။

မင်းတုန်းမင်းတရားကြီးသည် နောင်တော်ပုဂံမင်းအား အထူးချစ်ခင်လေးစားသူဖြစ်သည်။ ပုဂံမင်း၏နှမတော် စုဖုရားကြီးနှင့်လည်း မင်းတုန်းမင်းသားကြီးမှာ ခင်မင်ရင်းနှီးရည်ငံလျက်ရှိသည်။ ထို့ကြောင့် အခြေအနေအရပ်ရပ်ကို စုဖုရားကြီးထံ စေလွှတ် သတင်းပို့စေ သည်။ စုဖုရားကြီးမှာ ဉာဏ်အမြော်အမြင်ကြီးသူဖြစ်သည်။ လောကီလောကုတ္တရာ ကျမ်းဂန်အဖြာဖြာတို့ကိုလည်း လိမ္မာကျွမ်းကျင် တတ်သိသူဖြစ်သည်။ ထို့ကြောင့် ခမည်းတော်ရွှေဘိုမင်းတရားကြီးကပင် ဤသမီးတော်ကြီးကို အစစအရာရာ တိုင်ပင်ဆွေးနွေး မေးမြန်းတော်မူလေ့ရှိခဲ့ဖူးသည်။ သည်တော့ မင်းတုန်းမင်းတရားကြီးကလည်း အစ်မတော်စုဖုရားကြီးအား ဖြစ်ပေါ်လာသော အကြောင်း ကိစ္စရပ်များကို ကြားသိထားနှင့်စေရန် သတင်းပို့မြဲဖြစ်သည်။

ထို့ကြောင့် နန်းတွင်းရေးရှုပ်ထွေးခြင်းမရှိစေရန် ပညာဉာဏ်အမြော်အမြင်ကြီးစွာနှင့် မောင်တော်မင်းတုန်းမင်းသားအား သင့်လျော် သောအမှာစကား အချိတ်အဆက်များ ပို့လျက်ရှိသည်။ရှေးနန်းတွင်းထုံးစံအတိုင်း ကိုယ့်နယ်နိမိတ်စည်းကမ်း သတ်မှတ်ထားသလို နေထိုင်စံမြန်းကြရသူများဖြစ်၍ မင်းသားများက မင်းသားနေရာအိမ်တော်များ၌ စည်းကမ်းသတ်မှတ်ထားသလိုနေရပြီး မင်းသမီးများ ကလည်း မင်းသမီးနေရာ အနောက်ပိုင်းအဆောင်တော်များမှာ သေသပ်စွာစနစ်တကျ နေထိုင်စံမြန်းရသူများဖြစ်သောကြောင့် တစ်ဦး အဆောင် တစ်ဦးဝင်ထွက်သွားလာခွင့်မရှိကြပါ။ မင်းသမီးများသည် ကိုယ့်အဆောင်မှာ ကိုယ့်အခြွေအရံများနှင့်သာ နေကြရ သည်။ ထွက်တော်မူရာ ပါသင့်က ပါရသည်။ အလှူတော်မင်္ဂလာများ၊ ကန်တော့ခံများ၊ ပွဲကြည့်ဆောင်များတွင်သာ အခြားသူတို့နှင့် ကြုံတွေ့ကြရ၍ မင်းသား မင်းသမီးများ ခေါ်ပြောနှုတ်ဆက်ခွင့်ရကြသည်။ သို့မဟုတ်ပါက မိန်းမနှင့် ယောက်ျား ဝင်ထွက် ကူးသန်းလာမှု မပြုစကောင်းသလို နေကြရသည်။       

ဆက်လက်ဖော်ပြပါမည်။