ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး

ယမန်နေ့မှအဆက်

မင်းတုန်းမင်းတရားကြီးနှင့် စုဖုရားကြီးတို့မှာလည်း ဤနန်းတွင်းစည်းကမ်းအတိုင်း နေတော်မူကြရသူများဖြစ်လေသည်။

ပြင်ပပွဲလမ်းသဘင် ထွက်ကြရလျှင် နှုတ်ခွန်းဆက်သ၍ အစ်မတော် နေထိုင်ကောင်းပါစ စသော ပဋိသန္ဓာရကအစ ပြုလိုအပ်ရာ အကြောင်းကိစ္စများ ပြောကြရလေသည်။ ယခုကဲ့သို့သော လျှို့ဝှက်ကိစ္စ သတင်းများကိုမူ လူကြားသူကြား တိုင်ပင်ပြောကြား၍ မဖြစ်သောကြောင့် ယုံကြည်စိတ်ချရသော အတွင်း လူယုံတော်များနှင့် သတင်းပို့ပြောကြားရခြင်း ဖြစ်လေသည်။

မင်းတုန်းမင်းသားကြီး၏ လူယုံတော်သည် လည်းကောင်း၊ စုဖုရားကြီး၏ လူယုံတော်သည် လည်းကောင်း၊မိမိတို့အရှင်သခင်နှစ်ဦး၏ ကိစ္စများကို သူတို့အသက်ထက် တန်ဖိုးထား၍ ဆောင်ရွက်သယ်ပိုး သွားခဲ့ကြလေသည်။

ထိုအချိန်အခါသည် ပုဂံမင်း နန်းစံရချိန်ခြောက်နှစ်အတွင်း ပထမနှစ်နှစ်၊ ဒုတိယနှစ်နှစ်မှသည် တတိယပိုင်း နှစ်နှစ်အချိန်သို့ တိုင်လေပြီဖြစ်သည်။

ထို့ကြောင့် စုဖုရားကြီး အဆောင်တော်၌ စံမြန်းနေထိုင်ခဲ့ကြသော စုဖုရား (နန်းမတော်မယ်နုသမီး)နှင့် လှိုင်ထိပ်ခေါင်တင် (အနောက်နန်း မမြကလေးသမီး)တို့ ရှိရာမှာ နန်းမတော် မယ်နုသမီးစုဖုရား (ဆင်ဖြူမရှင်ဖြစ်မည့်သူ)မှာ အရွယ်တော် ကြီးမြောက်ခဲ့ပြီဖြစ်သည်။

အစ်မတော် စုဖုရားကြီးနှင့်အတူ နေထိုင်ရသော်လည်း အစ်မတော်ကဲ့သို့ စာပေကျမ်းဂန်များကို ဝါသနာနှင့် စနစ်တကျလိုက်စား လေ့လာခဲ့သူ မဟုတ်ခဲ့ပေ။ အစ်မတော်၏ အဆုံးအမ၌ တည်၍ လောကုတ္တရာ တရားစာပေများ သင်အံ့လေ့လာ ခိုင်းသမျှကိုသာ ဝတ်ကျေတမ်းကျေ လိုက်နာခဲ့ရသည်။ စိတ်မဝင်စားလှ၊ အစ်မတော်လည်း အရိပ်အကဲ သိတော်မူ၍ တင်းတင်းကျပ်ကျပ် စေခိုင်းခြင်းမပြု၊ သူ့ဝါသနာ အလျောက်ပင်ရှိစေတော့ဟု လျှော့ထားလေသည်။

သို့သော် ညီမတော်လေး လှိုင်ထိပ်ထားကိုမူ အရေးတယူနှင့် လောကုတ္တရာ စာပေ၊ ကျမ်းဂန်များနှင့်အတူ သူဝါသနာထုံရာ လောကီစာပေများကိုပါ သင်အံ့လေ့လာစေခဲ့သည်။

လှိုင်ထိပ်ထားသည် ၁၂ နှစ်အရွယ် မယ်တော် ကွယ်လွန်ခဲ့သည့်အချိန်ကစပြီး အစ်မတော် စုဖုရားကြီး အဆောင်တော်သို့ ရောက်စကဆိုလျှင် မယ်တော်အတွက် မျက်ရည်နှင့်မျက်ခွက် မစဲအောင် ငိုပွဲဆင်နေခဲ့ရသလောက် နောင်သောအခါ ဗျာပါပူပန်မှုများ ပျောက်ပျက်ကာ အလိုက်ဘာသာ နေတတ်ရှာတော့သည်။ ထိုအချိန်ကဆိုလျှင် မယ်တော်မမြကလေး၏ ဖြစ်အင်ကို သူအလွန်သိချင်သည်။ အစ်မတော်များကလည်း အစကတော့ဖြင့် ဖုံးဖုံးအုပ်အုပ်ထားပြီး အချိန်အခါ နှောင်း၍လာခါမှ ဖြစ်သမျှကို အကုန်အစင် အသိပေးလျက် ညီမတော်ကလေး စိတ်လက်ချမ်းသာစွာ နေစေရန် ယူယူချော့မော့ ထားခဲ့ကြသည်။ ယခုလို ကာလရှည်ကြာ အတော်ကြာတော့လည်း ပျောက်သောသူရှာလျှင်တွေ့၍ သေသောသူ ကြာလျှင်မေ့ရသော ထုံးတမ်းစဉ်လာအတိုင်း အချိန်ကာလကြောင့် သောကဒုက္ခများ အနယ်ထိုင်ကာ နေသာသလိုရှိခဲ့ရာတွင် အစ်မတော် စုဖုရားကြီး သင်ကြားပြသသော အဆုံးအမတို့ကို နာခံ၍ လောကီကဗျာ၊ ဂီတနှင့် စာပေအရေးအသားများကို အလေးထား၍ အထူးလိုက်စား လေ့လာရေးသားစ ပြုပါတော့သည်။

ထို့ကြောင့် လှိုင်ထိပ်ထား အရွယ်တော် တစ်ဆယ့်ခြောက်နှစ်အချိန်  ရောက်သောအခါ  မယ်တော် မမြကလေး၏ခြေရာကို နင်းနိုင်သည်လောက်အောင် တောက်ပြောင်လာခဲ့လေသည်။ အနုပညာ အခြေခံထုထည်လည်း ကြီးမားလာခဲ့လေသည်။

အစ်မတော်စုဖုရားကြီးမှာ ဂီတ၊ ကဗျာနှင့် သီချင်းများကို ဝါသနာပါသူမဟုတ်ပါ။ လောကုတ္တရာ စာပေ ကျမ်းဂန်များကို အထူးလိုက်စား လေ့လာတော်မူပါသည်။ လောကီစာပေထဲကဆိုလျှင် ဗေဒင်ကျမ်းများ၊ ဆေးကျမ်းများကိုလည်း အထူးမွှေနှောက် ချောက်ချားနိုင်သူဖြစ်သည်။ ဗေဒင်ပညာတွင်သာမက ကိန်းခန်းယတြာ ဓာတ်ရိုက်စသော လောကီကိစ္စ၌ အထူးကျွမ်းကျင်၍ ခမည်းတော် ရွှေဘိုမင်းတရားကြီးကပင် လက်သုံးပြုခဲ့ရသူ သမီးတော်ကြီးဖြစ်ပါသည်။

ထို့ကြောင့် အစ်မတော်စုဖုရားကြီးသည် ဗေဒင်ကျမ်း ကျေသူဖြစ်သည့်အတိုင်း မိမိဇာတာကိုလည်း စစ်ဆေးသည်။ ညီမတော်များ၏ ဇာတာကိုလည်း စစ်ဆေးကြည့်ရှုသည်။ မောင်တော် ပုဂံမင်းဇာတာကို လည်းကောင်း၊ မောင်တော်မင်းတုန်း မင်းသားကြီးနှင့် ကနောင်မင်းသားတို့၏ ဇာတာများကိုလည်း အခါမပြတ် ကြည့်ရှုတွက်ချက် လေ့လာခဲ့သူဖြစ်လေသည်။

မင်းသမီးတိုင်း မိဖုရားဖြစ်သည် ထားဦး၊ မင်းသားတိုင်းက ရှင်ဘုရင်ဖြစ်နိုင်ရန် ခဲယဉ်းလေသည်။ ရှင်ဘုရင်ဖြစ်ပြန်လျှင်လည်း နန်းစည်းစိမ် အတည်တကျရှိချင်မှ ရှိတတ်ကြပေသည်။ ကံတရားက ဖန်တီးပေးထားသမျှ ဖြစ်ကြပျက်ကြရသူတွေဖြစ်သည်။ တကယ်ဗေဒင် ကျမ်းများ တတ်ကျွမ်းနားလည်ထားသူသည် ကံတရားကို တပ်အပ်သေချာ မပြောနိုင်စေကာမူ ဗေဒင်ကျမ်းလာ အဆိုအမိန့်များအရ မူလဇာတာခွင်၌ မည်သို့ပါလျှင် မည်သို့ဖြစ်ရလိမ့်မည်ဟု ဆိုသည်ကိုတော့ ရေးရေးရိပ်ရိပ် မှန်ကန်လေ့ရှိကြသည်။ အချိန်ကာလ အပိုင်းအခြားကို ပြတ်ပြတ်သားသား လှေနံဓားထစ် မပြောနိုင်စေကာမူ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မူလဇာတာ ပါရှိခဲ့သည့်အတိုင်း အတိအကျဖြစ်လာရပင်။

ရှင်ဘုရင်ဖြစ်မည့်သူဆိုလျှင် ရှင်ဘုရင်ဖြစ်ခဲ့သည်။

မိဖုရားဇာတာပါသူလည်း မိဖုရားဖြစ်ကိန်းရှိသည်။

ဥပစ္ဆေဒကထံနှင့် သေကိန်းပါသူလည်း သေရမည်သာ၊ အရွယ်သုံးပါး၌ မည်သည့်အရွယ်၌ အကျိုးပေးနိုင်သည်ကိုပင် ကြိုတင်တွက်ချက်ကြည့်က သိနိုင်သည်။

ဗေဒင်ကျမ်းများသာမက လူ၏ ရုပ်လက္ခဏာများကိုလည်း အဟောတွက်ပြတတ်လေသည်။

ထို့ကြောင့် လက္ခဏာ ဖတ်တတ်သော ပညာရှိများကလည်း လက္ခဏာကိုကြည့်ရုံမျှနှင့် ဟောချက်တွေ ထွက်ကြသည်။ လူ၏ ရုပ်လက္ခဏာ အရေးအကြောင်း ကလေးများကလည်း လူ၏ ဘဝကံတရား သွားရာလမ်းကြောင်းများကို ရေးရေးရိပ်ရိပ် ပြထားပေးလျက်ရှိသည်။

လက္ခဏာကျမ်းကို လေ့လာကျွမ်းကျင်သူတို့ကလည်း အရွယ်သုံးပါး၏ အပိုင်းအခြားကို ဆင်ခြင်သုံးသပ်၍ဟောနိုင်ကြသည်။

ဤသည်တို့ကြောင့် ယနေ့ခေတ် ယနေ့အချိန်အထိ ဗေဒင်ကိုယုံကြည်သူတွေ လက္ခဏာကို ယုံကြည်သူတွေ အမြောက်အမြားတွေ့နေရခြင်းဖြစ်ပေသည်။

 ဆက်လက်ဖော်ပြပါမည်။