
ရတနာပုံ၏ နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၂၂)
ယမန်နေ့မှအဆက်
စုဖုရားကြီးသည် ဗေဒင်ကို ဒိုးကဲ့သို့မွှေနိုင်သူဖြစ်သည်။ ထို့ကြောင့် မိမိနှင့်ညီမတော်များ၏ ဇာတာကိုလည်း မည်သို့ဟု သိနိုင်၍ မောင်တော်ပုဂံမင်းဇာတာ၊မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ ဇာတာများကို ရှေ့ဖြစ်နိုင်မည့် မူလဇာတာခွင်ပါ အခြေ အနေများကို သုံးသပ်နိုင်ပြီးသူတစ်ဦးဖြစ်လေသည်။ ထို့ကြောင့် စုဖုရားကြီးသည် မင်းတုန်းမင်းသားကြီး၏ မူလဇာတာ ခိုင်မာသူ ဖြစ်သည်ကို ပိုင်ပိုင်နိုင်နိုင်သိရှိထားတော်မူလျက်ရှိသည်။
ယင်းကြောင့်လည်း နောင်ရေးအတွက် မျှော်လင့်ချက်အပြည့်အဝရှိထားသူဖြစ်သည်။ တိုင်းပြည်နိုင်ငံတော် အေးချမ်းသာယာရေး အတွက်သော်လည်းကောင်း၊ ဘာသာ၊ သာသနာရေးအတွက်သော်လည်းကောင်း၊ မိမိတို့ဆွေမျိုးတော် အစဉ်အဆက်အနွယ်အခက်တို့ အတွက်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကို ခြုံ၍ ငုံ၍ စဉ်းစားလျှင် မင်းတုန်းမင်းတရားကြီး၏ နှလုံးရည်၊ လက်ရုံးရည်များ ကြောင့် အားထားမိလေသည်။ ပညာအရည်အချင်းနှင့်တကွ သတ္တိ၊ ဗျတ္တိ၊ဝီရိယ၊ ဇွဲလုံ့လစသော ပုဂ္ဂလဂုဏ်ထူး ဝိသေသနများ ခြံရံထားသည့်နှယ် အတင့်အတယ် ထည်ဝါခံ့ညားတော်မူသော မင်းတုန်းမင်းတရားကြီးအပေါ်၌ စုဖုရားကြီးက အထူးစိတ်ဝင်စား တော်မူခဲ့သူ၊ အားထားတော်မူခဲ့သူဖြစ်ခဲ့သည်။
မောင်တော်အရင်းဖြစ်သူ ပုဂံမင်းတရားသည် မိဖုရားခေါင်တောင်ညာစံဒေဝီ မဟေသီမိဖုရားကြီးမှ ဖွားမြင်တော်မူသော သားတော်ဖြစ် ခြင်းကြောင့်သာလျှင် ခမည်းတော် ရွှေဘိုမင်းတရားကြီး၏ ထီးနန်းအရိုက်အရာကို ဆက်ခံတော်မူသူ ဖြစ်သော် လည်း မင်းတုန်းမင်းကြီးနှင့်နှိုင်းစာသော် မိမိမောင်တော်အရင်းပုဂံမင်းသည် လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ဝီရိယ၊ ဇွဲလုံ့လတို့မှာ မယှဉ်သာအောင် ပျော့ညံ့ကွာခြား နေခြင်းကို အသိအမြင်ပင်ဖြစ်ခဲ့လေသည်။
ထိုသည့်အပေါ်တွင် ငယ်စဉ်ကလိုက်စားခဲ့သော အပျော်အပါးကိစ္စ၊ တိရစ္ဆာန်ဝါသနာထုံသောကိစ္စများက တစ်မှောင့်၊ ကြောင့်ကြမှု၊ စိုးရိမ်မှု စသောတိုင်းနိုင်ငံတော်အရေးတို့ကိုလည်း အလေးအနက်မထားတတ်သည်များကြောင့် အားမလိုအားမရဖြစ်နေခဲ့ခြင်းများ လည်း ရှိခဲ့သည်။ ၎င်းအပြင် ပုဂံမင်းတရား၌ သားတော်မထွန်းကားသူဖြစ်၍ နောင်ခါ ထီးနန်းအရိုက်အရာကို ဆက်ခံစရာကိစ္စက ယနေ့အထိ သားတော်မထွန်းကား၍ မျှော်လင့်ချက်မရှိလေသေး။
သားတော်မရှိလျှင် ညီတော်များသာ ထီးနန်းအမွေဆက်ခံစရာရှိပါတော့သည်။ ထို့ကြောင့် မင်းတုန်းမင်းနှင့် ကနောင်မင်းညီနောင် နှစ်ပါးသည် ထီးနန်းအတွက်အလားအလာရှိနေသော မင်းသားနှစ်ပါးဖြစ်နေပါသည်။
အကယ်၍ ပုဂံမင်း၏ မိဖုရားများက နောင်အချိန်မှာ သားတော်တစ်ပါးတလေဖွားပေးပစေဦး။ အလွန်ငယ်ရွယ်နေတော့မည်။ သည်တော့ ပုဂံမင်းအရိုက်အရာလွဲသွားလျှင် သားတော်ငယ်ကလေးအား မင်းတုန်းမင်းသားကြီးကပင် ရင်ခွင်ပိုက်၍ အုပ်စိုးရပေမည်။ သို့သော် ပုဂံမင်းမှာ သားတော်မထွန်းကားရှာပါ။ဒါကြောင့်လည်း မင်းတုန်းမင်းသားကြီးသည် ထီးဆက်နန်းဆက် လက်ဝယ်ပိုင် ရနိုင်သည့် ပုဂ္ဂိုလ်ဟူ၍ ထိုစဉ်အခါကပင်လျှင် အသိအမြင်များသူတို့က ယူဆနှလုံးသွင်းပြီးသားဖြစ်နေကြပါသည်။
အတွင်းကျကျသိရှိနေသူ စုဖုရားကြီးအဖို့မှာကားအထူးပြောစရာမရှိတော့ပေ။ သူတစ်ပါးထက်ပို၍ သိနေမြင်နေသူ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် တစ်ဝမ်းတွင်း အတူဆင်းသော မောင်အရင်း ပုဂံမင်းထက် ဖတူမိကွဲမောင်တော် မင်းတုန်းမင်းသားကိုပို၍ လေးစားသမှု ပြုလာခဲ့သူဖြစ်လေသည်။ သာကီဝင်မင်းဆက်မှ ဆင်းသက်ခဲ့ကြသူဟူ၍ အယူအစွဲရှိထားသော မင်းမျိုးမင်းနွယ် ဘုရင့်သားမြေးတို့သည် အများအားဖြင့် အာဝါဟ၊ ဝိဝါဟကိစ္စများ၌ မိမိတို့ မျိုးဆွေအသိုက်အမြုံအား ပြင်ပအမျိုးအနွယ်များနှင့် အဆက်အစပ်အရောအနှောမရှိစေဘဲ မိမိတို့အဆွေအမျိုးထဲ၌သာ ပေးထိမ်းမြားတတ်ခဲ့ကြသောအစဉ်အလာကို စောင့်သိရိုသေ ကြသူများ ဖြစ်ကြလေသည်။ ဆွေတူမျိုးတူအချင်းချင်းသာ ပေးထိမ်းမြားတတ်ကြသည်။ နောက်ဆုံး မိမိအမျိုးအဆွေထဲမှ သက်တူ ရွယ်တူ ရှာမရလျှင်လည်း အသက်ငယ်သော အမျိုးသမီးကိုလည်း သက်ကြီးအိုအမျိုးသားနှင့် ပေးထိမ်းမြားခြင်းများ ပြုလေ့ရှိသည်။
ဘကြီးတော် အိမ်ရှေ့မင်းဖြစ်စဉ်အခါကလည်း ထိုနည်းလည်းကောင်း၊ ပဒေါင်းမင်းသမီးကလေး ရှစ်နှစ်သမီးကို အိမ်ရှေ့မိဖုရားအဖြစ် ဘိုးတော်က လက်ထပ်ထိမ်းမြား ပေးခဲ့ဖူးသည်။
ဤအစဉ်အလာများကြောင့် ဘုရင့်သားသမီးများသည် မောင်လည်နှမလည်ချင်းသော်လည်းကောင်း၊ အဖေတူအမေကွဲချင်း သော်လည်း ကောင်း မတတ်နိုင်တဲ့အဆုံး တစ်မိတစ်ဖ၊ တစ်ဝမ်းတည်းပေါက်ဖွားသောမောင်နှမအရင်းအချာများကိုပင် ထိမ်းမြား ပေးစား လေ့ရှိခဲ့ကြသည်။
ထို့ကြောင့် ရွှေဘိုမင်းတရားကြီး၏ ပင်တိုင်စံ သမီးတော်ကြီးဖြစ်ခဲ့သူ စုဖုရားကြီးမှာ လောကဓမ္မတာအိမ်ရာထူထောင်သော အာဝါဟ၊ ဝိဝါဟမှုပြုခဲ့လိုသော် အဖေတူအမေကွဲမင်းသားများထဲမှသာ ရွေးချယ်ရပါတော့မည်။ ဤတွင်လည်း စုဖုရားကြီး၌ သူနှင့်ထိုက် တန်သောမင်းတုန်းမင်းသားကြီးမှတစ်ပါး အခြားထိုက်တန်သူ မရှိပါချေ။
အခြေအနေသည် ဤသို့ပင် ဦးတိုက်လျက်ရှိပေသည်။ သည်အခွင့်အလမ်းကို စုဖုရားကြီးကလည်းသိပြီး၊ မြင်ပြီးဖြစ်လျက် မင်းတုန်းမင်းသားကြီးဘက်ကလည်း ဤနည်းအတိုင်းမြင်ပြီး သိပြီးဖြစ်နေပါသည်။
သို့အတွက် မင်းသားကြီးနှင့် မင်းသမီးကြီးတို့သည်တစ်ဦးနှင့်တစ်ဦး ရည်ငံပြီး၊ ရည်ရွယ်ပြီး ပုဂ္ဂိုလ်များပီပီ ချစ်ကြည်ရေး ရွှေလမ်း၊ ငွေလမ်းနှင့်ရွှေတံတား၊ငွေတံတားများခင်းထားပြီး အဆက်အသွယ်ပြုခဲ့ကြပြီးဖြစ်သည်မှာ ဓမ္မတာသဘာဝဖြစ်လေသည်။
ပြီးတော့လည်း စုဖုရားကြီးသည် ခမည်းတော်ရွှေဘိုမင်းနှင့်မိဖုရားခေါင်ကြီးတို့မှ ဖွားမြင်သူ ပင်တိုင်စံမင်းသမီးကြီး တစ်ပါးဖြစ် ခဲ့ရုံမျှမက လောကုတ္တရာရောလောကီပါ ပညာဉာဏ်ဗဟုသုတကြွယ်ဝ၍ သိက္ခာသမာဓိနှင့် အထူးပြည့်စုံသူဖြစ်၍ ခမည်းတော်နှင့် တကွ တစ်နန်းတော်လုံးက ချစ်ကြည်လေးစားခြင်းခံခဲ့ရသူဖြစ်၍ မောင်တော်မင်းသားများကလည်း ရိုသေလေးစားခဲ့ကြသူဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။