
အမှတ်စဉ်(၂၄)
ယမန်နေ့မှအဆက်
ဆိုခဲ့ပြီးသောအတိုင်း အမရပူရရွှေပြည်တော်ကို စိုးစံလျက်ရှိသော ပုဂံမင်းတရားကြီးလက်ထက်အခါက သမီးတော် စုဖုရားကြီးနှင့် မင်းတုန်းမင်းတရားတို့ ချစ်ကြည်ရည်ငံလျက် အဆက်သွယ်ပြုနေစဉ်မှာ စုဖုရားကြီးသည် မိမိဖို့သာမက မိမိထံ၌ ခိုလှုံရောက် ရှိနေရှာသူ မင်းသမီးကလေး လှိုင်ထိပ်ခေါင်တင်အတွက်လည်း ရည်မှန်းချက်တစ်ခု ထားရှိလေသေးသည်။
လှိုင်ထိပ်ထား
ထိုရည်မှန်းချက်ကား အခြားမဟုတ်ပေ။ မင်းတုန်းမင်းတရားကြီး၏ ညီတော်(ကနောင်မင်း)ထိပ်တင်ကောက်ကို ညီမတော် လှိုင်ထိပ်ခေါင်တင်နှင့် စုလျားရစ်ရုံ ရွှေဖူးစာဆုံစေဖို့ဖြစ်လေသည်။ စုဖုရားကြီးသည် မိမိအဆောင်တော်၌ ခေါ်ယူစောင့်ရှောက်ထား သော ညီမတော်နှစ်ပါးဖြစ်သူ စုဖုရားလေး(ဆင်ဖြူမရှင်)နှင့် ညီမတော်အငယ် လှိုင်ထိပ်ခေါင်တင်တို့ကို တစ်မိတစ်ဝမ်းတွင်း အတူ ဆင်းသော ညီမရင်းချာကဲ့သို့ပင် စေတနာတော်ထားခဲ့သူဖြစ်လေသည်။ အဖမျက်နှာ၊ အမိမျက်နှာ မရှိကြရှာသော ညီမတော်နှစ်ဦး၏ နောင်အနာဂတ်ဘ၀ ရပ်တည်ရေးတို့ကိုပါ ကြိုတင်ကြံဆ ရည်ရွယ်ချက်ချထားပြီးသားလည်းဖြစ်လေသည်။
အစ်မတော်သည် ပညာဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသူဖြစ်သည်နှင့်အညီ ညီမတော်များမှာ မိမိကိုသာလျှင် အားထားရာ ဖြစ်နေ ကြကြောင်းကိုလည်း သိရှိတော်မူပြီးဖြစ်သည်။
ထိုမှတစ်ပါးလည်း လှိုင်ထိပ်ထားမှာ ညီမတော်အငယ်လည်းဖြစ်၊ စိတ်ထားနှလုံးသား သိမ်မွေ့နူးညံ့သူလည်းဖြစ်၊ စာပေ၊ အနုပညာ၊ ကဗျာ၊ ဂီတအရာ၌လည်း လိုက်စားဝါသနာထုံရှာသူ မအေတူ သမီးတော်လည်း တစ်ပါးလည်းဖြစ်သောကြောင့် အထူးကြင်နာ၍ အချစ်တော်ပိုခဲ့ရရှာလေသည်။
ထပ်ဆိုရလျှင် မကြာမတင်ခင်ကာလတွင်းကမှလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်အတွက် ရတက်မအေး၊ ပူဆွေးကျွမ်းလောင်ခဲ့ရရှာသူ ခိုကိုးရာမဲ့ ဒုက္ခသည်မလေးဘဝမှ မိမိကကယ်ယူမစသူ ယုယပိုက်ဖျား စောင့်ရှောက်ထိန်းသိမ်းထားခဲ့ရခြင်းကြောင့်လည်း သံယောဇဉ် နှောင်ကြိုးက တိုးတက်တင်းမာခဲ့ရလေသည်။
လှိုင်ထိပ်ထားကလေး၏ ကြင်နာဖွယ်ရာရုပ်ရူပါနှင့်တကွ လိမ္မာယဉ်ကျေးသော ကိုယ်နှုတ်အမူအရာတို့အပြင် မိခင်သဖွယ် မိမိကို တွယ်တာချစ်ခင်နေရှာသူဖြစ်၍ စုဖုရားကြီးက လှိုင်ထိပ်ထားအား ညီမတော်တစ်ပါးကဲ့သို့သာမက ရင်မှဖြစ်သော သမီးအသွင် ပို၍ချစ်ခင်မြတ်နိုးတော်မူခဲ့ရလေသည်။
နောက်တစ်ဖန် ထပ်ဆိုခဲ့ရပြန်လျှင် လှိုင်ထိပ်ခေါင်တင်သည် မယ်တော် မြကလေး၏ရာဇဝတ်အရေးကို တဖြည်းဖြည်းမှ သိရှိခဲ့ရ သူဖြစ်သည်။ အစ်မတော်ကြီး၏ အဆောင်တော်သို့ ရောက်စကဆိုလျှင် သူ၏မယ်တော်ရှိနေသေးသည်ဟုပင် ထင်ခဲ့သည်။ ခမည်းတော် အမျက်ပြေလျှင် ယခင်ကလို ကိုယ့်အဆောင်ကိုယ်ပြန်နေရလိမ့်ဦးမည်ဟုပင် အထင်အယူရှိတော်မူခဲ့သေးသည်။
သို့ပေမယ့် တဖြည်းဖြည်း နေ့ရက်ရှည်ကြာလာသောအခါ မယ်တော်မြကလေး၏ ရာဇဝတ်ဘေးအတွက် အဖြစ်အပျက် အကြောင်း ကုန်စင်များကို တစ်ဆင့်စကား တစ်ဆင့်နားမှ မကြားရက်ရက်၊ ကြားရက်ရက်နှင့် နားနှစ်ဖက်ပိတ်၍ ထားရသည်အထိ မချိတင်ကဲ အသည်းနှလုံးကွဲမျှ ကြားရတော့သည်။ ဤတွင်လည်း အစ်မတော် စုဖုရားကြီးက အမှန်အတိုင်းမပြောရက်သဖြင့် တဖြည်းဖြည်း အချိန်ဆွဲ၍ဖုံးအုပ်ထားခဲ့ခြင်းဖြစ်ကြောင်း နားလည်ရတော့သည်။
နန်းရ မိဖုရားကြီးတစ်ပါးဖြစ်လျက် မကြားရက်လောက်သော ရာဇဝတ်ဘေးအဖြစ်အပျက်ကို ခံယူသွားရရှာပုံ၊ မိခင်၏အလောင်းကိုမျှ နောက်ဆုံးအနေနှင့်ဦးခိုက်၍ မဖူးလိုက်ရပုံများကို အသည်းများဆတ်ဆတ်ခါမျှ နာကျင်ရပြီး ယူကျုံးမရဖြစ်ခဲ့ရရှာသည်။ ဤမျှအဖြစ် ဆိုးရရှာသူ မယ်တော်အတွက် မျက်ရည်နှင့်မျက်ခွက် နေ့စဉ်ရက်ဆက် ပူဆွေးတမ်းတ၊ ချုံးပွဲချ၍ငိုကြွေးမိရာမှ တစ်စတစ်စ အစ်မတော်၏ တရားပြမှု၊ နားချမှုတို့ကို ခံယူပြီး အပူမီးကို တဖြည်းဖြည်းငြိမ်းအေးစေခဲ့ရသူဖြစ်ပါသည်။
နောင်သောအခါ မိမိအပူကို ပြည်ဖုံးကားချကာ အစ်မတော်၏ အရိပ်ဝါသမှာ ခိုလှုံစံနေရင်းမှ မယ်တော်မြကလေး၏ ရေးခဲ့သမျှ စာပေ၊ ဂီတ၊ ကဗျာများကို အလွမ်းပြေဖတ်ရှုလေ့လာရင်းက မယ်တော်နှင့် စရိုက်တူစွာ စာပေရေးသားမှုတွင် စိတ်ဝင်စားလာလျက် ဆက်လက်၍ အမွေခံယူလေတော့သည်။
သို့ကြောင့် နောက်ပိုင်းတွင် လှိုင်ထိပ်ခေါင်တင်သည် ပုရပိုက်တစ်ဆူနှင့် ကံ့ကူတံတစ်ချောင်းကို လက်ကကိုင်ကာ အခါများစွာ စာပေ ရေးသားမှုများကို လေ့လာခဲ့လေတော့သည်။ ပါရမီဓာတ်ခံကလည်းရှိ၊ လောကီကောကုတ္တရာ နှစ်ဖြာသော ဗဟုသုတလည်း ပြည့်ဝသူ၊ မယ်တော်ကိုလည်း တူသောကြောင့် စာပေအရေးအသား၊ တေး၊ ကဗျာအစပ်၌ အောင်မြင်စွာရပ်တည်နိုင်လာလေသည်။
နေ့ရှိသမျှ သလွန်တော်ပေါ်မှာ တကုပ်ကုပ်နှင့် စာပေရေးသားသောအလုပ်ဖြင့် အချိန်ကိုမြှုပ်နှံနေခဲ့သည်ကို အစ်မတော် စုဖုရားကြီး တစ်ခါတစ်ရံ မြင်တွေ့ရလျှင် ချစ်ခင်ကြင်နာစွာ ကျောလက်သပ်ပြီး ညီမတော်လေးရယ်တယ်လို့လည်း အညောင်းမခံနဲ့နော်၊ တော်တော်ကြာအညောင်းမိပြီး ချည့်နဲ့သွားဦးမယ်ဟူ၍ သတိပေးအမိန့်တော်ရှိလေသည်။
သို့သတိပေးရသော်လည်း ညီမတော်ကလေး စာပေရေးသားမှုဖြင့် စိတ်အေးလက်အေးဖြစ်လာပုံရသည်ကို နှစ်သက်မိသောကြောင့် အလိုက်အထိုက်သူကြိုက်သလိုနေပေတော့ဟု ခွင့်ပြုတော်မူထားလိုက်သည်။ လှိုင်ထိပ်ခေါင်တင်သည် မယ်တော်မြကလေးနည်းတူ သူစိတ်ဝင်စားရာ စာပေ၊ ဂီတများ စပ်ဆိုသီကုံးခြင်းဖြင့် စာပေနှင့် ရင်းနှီးမှုအဆင့်မြင့်၍ ဝါရင့်လာခဲ့သောအခါ တေးကဗျာ များသာမက၊ နန်းတွင်းဝတ္ထုကြီးများရေးသားရန် စိတ်ဆန္ဒစော၍ လာခဲ့လေသည်။
ထိုအချိန်အခါက စာဆိုတော်ပညာရှိကြီးများ၏လက်ရာဖြစ်သော ပျို့များ၊ ကဗျာများ၊ လင်္ကာမော်ကွန်းများ၊ ရတုရကန်၊ အဲအန် လူးတား၊ ဧချင်းများကလည်း အင်းဝခေတ်ရှေ့ဦးပိုင်းကအစပြု၍ ယခုအချိန်အထိအရှိန်ပြင်းပြစွာ တောက်ပထွန်းပြောင် လာခဲ့ပြီ ဖြစ်လေသည်။
ဝန်ကြီးပဒေသရာဇာခေတ်က မြဝတီမင်းကြီးဦးစတို့အထိ မိမိဆည်းပူးသမျှ စာပေ၊ ကဗျာ၊ ဂီတတို့အပြင် လှိုင်ထိပ်ထား စိတ်ဝင် အစားဆုံးမှာ နန်းတွင်းဝတ္ထုတော်ကြီးများ ရေးသားရန်ပင်ဖြစ်လေသည်။
ဇင်းမယ်ပဏ္ဏာသထွက် သမုဒ္ဓဃေသဇာစတ်၊ မဏိကက်စသောဇာတ် တို့နှင့် မိဖုရားရှင်မင်းတို့၏ ကေသာသီရိ၊ မယ်တော် မြကလေး၏ သိင်္ဂီစသော ဝတ္ထုများ၊ ဣန္ဒာဝုဓ (အီနောင်) ဇာတ်တော်ကြီး၊ ရာမယန (ရာမ)ဇာတ်တော်ကြီး၊ ဝတ္ထုရှည်များကို ဇာတ်စင်တင်၍ ကပြခြင်း၊ ဝတ္ထုအဖြစ် နှင့် ပေမူများကို ဖတ်ရှုခြင်းများက ထိုခေတ်ဆီတွင် အလွန်ခေတ်စားလူကြိုက်များခဲ့လေသည်။
လှိုင်ထိပ်ခေါင်တင်သည် ဂီတ၊ ကဗျာများသာမက မိမိရေးသားလို လျက်ရှိသော နန်းတွင်းဝတ္ထုရှည်ဇာတ်ကြီးများကို ကြံစည် စိတ်ကူးတော်မူ မိရာ၌ ထိုအချိန်က ထင်ရှားကျော်ကြားနေသော ဣန္ဒာဝုဓ(အီနောင်) ဇာတ်ဝတ္ထုကြီးများကဲ့သို့ ဇာတ်လမ်းဇာတ်ကွက် ရှည်လျားခြင်း၊ ဇာတ်အိမ်ဇာတ်ကွက်များပြားခြင်း၊ လှုပ်ရှားမှုသွက်လက်ခြင်း၊ အပြော၊ အဆို၊ အတီး၊ အက ကဏ္ဍများပါဝင်ခြင်း၊ ဝတ္ထုဇာတ်အိမ် ခိုင်မာတောင့်တင်းခြင်းနှင့် ပြည့်ဝစုံလင်သော ဇာတ်တော်ကြီးတစ်ခုကို ဖန်တီးရေးသားလိုသော စိတ်ဆန္ဒက အလွန်အမင်းပြင်းပြစွာလှုံ့ဆော်လျက်ရှိလေသည်။
ဆက်လက်ဖော်ပြပါမည်။