မြင်အောင်ကြည့် သိအောင်ကြိုးစား

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  အောက်တိုဘာ  ၂၈  ရက်)

မြင်အောင်ကြည့် သိအောင်ကြိုးစား

မြန်မာနိုင်ငံတွင် တစ်ခေတ်တစ်ခါက ရုပ်ရှင်ရုံများပေါများပြီး ရုပ်ရှင်ကြည့်ရှု အားပေး သူများလည်းများပြားခဲ့သည်။ ထိုစဉ်က ရုပ်ရှင်ရုံတို့တွင် တစ်မတ်တန်း၊ ငါးမူးတန်း၊ သုံးမတ်တန်း၊ တစ်ကျပ်တန်း စသည်ဖြင့်ရှိခဲ့သည်။ အမြင့်ဆုံးတန်းမှာ တစ်ကျပ်ခွဲတန်း ဖြစ်သည်။ တစ်ကျပ်ခွဲတန်းသည် စမတ်ကျကျနှင့်ကြည့်ရှုရသည့်အတန်းဖြစ်သည်။ ဆင်းရဲသားအများစုကြည့်ကြသောအတန်းမှာ တစ်မတ်တန်းဖြစ်သည်။ တစ်မတ် တန်းသည်ရှေ့ဆုံးအတန်းဖြစ်သည်။ ပိတ်ကားကိုမော့ကြည့်နေရသောနေရာ ဖြစ်သည်။ အရုပ်တွေကြီးသလောက် တစ်ခါတစ်ရံဇာတ်လိုက်မင်းသားမင်းသမီးများ၏ပုံကို အနီး ကပ်ရိုက်ပြသည်ကို ကြည့်ရသည်။ ပိတ်ကားတစ်ခုလုံးမျက်နှာတစ်ခုဖြင့်ပြည့်နေသည်။ ထင်ရှားပီပြင်စွာမြင်ရခြင်းမျိုးမဟုတ်ပေ။

ထိုရုပ်ရှင်ကိုပမာပြု၍ လူ့ဘဝတွင် ဝေးလွန်း၍မမြင်ရခြင်းရှိတတ်သလို နီးလွန်း၍ မမြင်ရခြင်းလည်းရှိတတ်ပါကလားဟူသော အတွေးအမြင်တစ်ခုကိုရရှိလိုက်သည်။ ကြီးလွန်းလျှင်လည်း မမြင်သာသည့်အဖြစ် မျိုးပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ် လျက်ရှိသော နိုင်ငံရေးအပြောင်းအလဲဖြစ်ရပ်မှန်များကို အဝေးမှာရှိသော (မြန်မာ့ အကျိုးကိုမလိုလားသော)သူများကဝေးလွန်း၍မမြင်နိုင်သည်မှာရှိပါစေတော့၊ ဝေးလွန်း နေသည်ကို။  မြန်မာနိုင်ငံအတွင်းမှာရှိကြသော အနီးကပ်နေသူများက ဖြစ်ရပ် မှန်ကိုမသိကြခြင်းမှာတော့ အံ့သြစရာဖြစ်သည်။

သူတို့သည် တစ်မတ်တန်းကကြည့်နေသောကြောင့်ဖြစ်ပေလိမ့်မည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို အစွဲကင်းကင်းဖြင့်ကြည့်စေချင်သည်။ တစ်မတ်တန်းကမကြည့်ဘဲသည့်ထက်ပိုမိုအဆင့်မြင့်တန်ဖိုးရှိသောအတန်းကကြည့်သင့်သည်။ ဖြစ်နိုင်လျှင် မဇ္ဈိမပဋိပဒါအလယ်တည့်တည့် ကကြည့်မြင်နိုင်မှသာ ဇာတ်ရည်လည်လည် အမှန် ကိုမြင်နိုင်ပေလိမ့်မည်။ နိုင်ငံတော်တွင် အခက်အခဲနှင့် ကြုံလာတိုင်း တပ်မတော်က တာဝန်ယူခဲ့ရသည့်ဖြစ်ရပ်မှန်ဇာတ်လမ်းများရှိခဲ့သည်။ ယနေ့လူရွယ်များနှင့် အနီးစပ် ဆုံးခေတ်တစ်ခေတ်သည် ၁၉၈၈ ခုနှစ်ဖြစ်သည်။ ၁၉၈၈ ခုနှစ်ဖြစ်ရပ်မှန်သည် တစ်နိုင်ငံလုံးတွင် အုပ်ချုပ်မှုအာဏာစက်ပျက်ယွင်းပြီး မင်းမဲ့စရိုက်လွှမ်းမိုးသွားသဖြင့် တပ်မတော်ကထိန်းသိမ်းပေးလိုက်ရခြင်း ဖြစ်သည်။

ထိုစဉ်က နိုင်ငံအတွက်ခိုင်ခိုင်မာမာရပ်တည်နိုင်သည့်အဖွဲ့အစည်းမှာလည်း တပ်မတော် သာရှိသည်။ ထိုခေတ်ကအုပ်ချုပ်သူတို့သည် ပြည်သူတို့လိုလားသောဆန္ဒအတိုင်း အလုံးစုံလိုက်လျောပေးထားပြီးဖြစ်သည်။ သို့သော် အခြေအနေကငြိမ်သက် မသွားဘဲ ပိုမိုဆိုးရွားလာခဲ့သည်။ ဤသို့ဖြစ်ရသည်မှာ တစ်စုံတစ်ယောက် ၏ပယောဂကြောင့် ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံနှင့်မရှေးမနှောင်းပင်အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၌ ဆူပူလှုပ်ရှားမှုဖြစ်ခဲ့သည်။ ထိုနိုင်ငံကြီးရှိ အုပ်ချုပ်သူတို့က ဆူပူဆန္ဒပြလှုပ်ရှားသူတို့ကို ပြတ်ပြတ်သားသားအရေးယူ ပြလိုက်သည်။   ထိုတစ်ကြိမ်တည်းနှင့် ကိစ္စအားလုံး ပြီးပြတ်သွားခဲ့သည်။  ယနေ့တိုင်တစ်ပါတီစနစ်ကျင့်သုံးပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုး ရေးကိုလုပ်ဆောင်ပြလျက်ရှိသည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံတွင်ကား ထိုသို့မဟုတ်ခဲ့။ အလျှော့ပေးလေပိုဆိုးလေနှင့် နောက်ဆုံးထိန်းမနိုင် သိမ်းမရဖြစ်တော့မှ တပ်မတော်ကတာဝန်ယူရသည်။ နိုင်ငံတော် ပိုင်ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၈ သန်းမျှသာရှိသည်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဒီမိုကရေစီအစိုးရသစ်သို့လွှဲပြောင်းပေးချိန်အထိ  တပ်မတော်အစိုးရက တစ်ပြည်လုံးတွင် ဖွံ့ဖြိုးတိုးတက်မှုများ များစွာတည်ဆောက်ပေးခဲ့သည်။ လမ်းတံတား၊ဆည်တာတမံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ တက္ကသိုလ်ပေါင်းများစွာအပါအဝင် စာသင်ကျောင်းများ၊ မြို့သစ်များ၊  မြစ်ကူးတံတားကြီးများ၊ ရှေးဟောင်းနန်း တော်များ သည်ကား ထင်ရှားသည့်သာဓကများဖြစ်သည်။ တပ်မတော်သည် တိုင်းပြည် ကိုဖွံ့ဖြိုး အောင်တည်ဆောက်ပေးခဲ့သလို ငြိမ်းချမ်းအောင်လည်းဆောင်ရွက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရေးပေါ်အခြေအနေအရ တပ်မတော်သို့ အာဏာလွှဲပြောင်းပေးခဲ့သည့်အခြေအနေကို မြင်အောင်ကြည့်သင့်ပါသည်။ ယခင် အစိုးရသည် မဲမသမာမှုများစွာပြုလုပ်သည့် အကြောင်းရင်းကို နက်နက်နဲနဲလေ့လာ လျှင် သူတို့သည် တစ်ပါတီတည်းက စိတ်တိုင်းကျခြယ်လှယ်ခွင့်ရချင်သည်။ ပြည်ပနိုင်ငံ အချို့နှင့်အပေးအယူရှိသည့်အတိုင်း သူတို့အလိုကျလုပ်ဆောင်ပေးရန်ရှိနေသည်။

အသေးစိတ်ရေးပြရလျှင် ကုန်နိုင်ဖွယ်မရှိတော့ပါ။  လက်ရှိမြန်မာနိုင်ငံအစိုးရသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသည်။

ဒီမိုလမ်းကြောင်းမတိမ်းစောင်းရေးအတွက် တည့်မတ်ပေးလျက်ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ  ပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်တွေ့တွင် သာယာဝပြောသည့် နိုင်ငံ၊ စားရေရိက္ခာပေါများသည့် နိုင်ငံအဖြစ် လုပ်ဆောင်နေပြီး စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းနေသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်၏

အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်  တပ်မတော်က ပါဝင်ထမ်းဆောင် နေရခြင်းဖြစ်ရပ်မှန်များ ကိုမြင်အောင်ကြည့်၍ သိအောင်ကြိုးစားကြပါရန် တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။