လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ(၁၅၂)
မေး။ ဆရာ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် အလုပ်ကအပြန်မိုးမိပြီး နေမကောင်းသလိုဖြစ်ကာ ဝမ်းခဏခဏသွားနေပါတယ်။ ဆေးခန်း ပြပေမယ့် ဝမ်းသွားနေတာက ရပ်မသွားဘူးဆရာ။ ကျွန်တော့်ကို မြန်မာဆေးနည်းလေး လမ်းညွှန်ပြောပြပေးပါဆရာ။ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။
ဖြေ။ မိုးဥတုကာလများတွင် ခြေထောက်ရေစိုတတ်သောကြောင့် ဝမ်းပျက်ဝမ်းရောင်များဖြစ်တတ်ပါတယ်။ “ခြေအေးဝမ်းရောင်” ဟူ၍ လူကြီးများဆိုစကားရှိပါတယ်။ ဝမ်းဗိုက်တွင် လေပွပြီးဖောရောင်ကာ ဝမ်းတဆစ်ဆစ် သွားနေတတ်ပါတယ်။ ဆေးနည်း ကတော့ ရှောက်သီးအရည်နဲ့ ပျားရည် ရောစပ်သောက်ပါ။ (တစ်နည်း) ကြက်သွန်ဖြူ မီးဖုတ်စားပါ။ ကြက်သွန်ဖြူကို ပျားရည်နှင့် စိမ်စားလျှင်လည်း ရပါတယ်။ ဆားကိုနီရဲအောင်လှော်ပြီး သကြားသုံးဆနှင့်ရောစပ်၍ ရှောက်ရည်ဖြင့် ဖျော်သောက်လျှင် ဝမ်းဖော ဝမ်းရောင် သက်သာစေပါတယ်။ (တစ်နည်း) ချင်းစိမ်း နှင့်လင်းလေကိုရောပြီး ပြုတ်သောက်လည်း ရပါတယ်။ နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီကို မီးဖြင့်အပူပေးပြီး ဝမ်းဗိုက်တွင် ချက်တိုင်ပတ်၍ လက်ယာရစ်လိမ်းပေးပါ။ (ဓာတ်စာအဖြစ်၊ ပဲနံ့သာစေ့နှင့် သစ်ကြံပိုး ခေါက်တို့ကိုအမှုန့်ပြု၍ ဟင်းချက်ရာတွင် ထည့်စားလျှင် ဝမ်းဖောဝမ်းရောင်သက်သာ စေပါတယ်။ ငါးရံ့ကို ဆန်လှော်နှင့်ရော စပါးလင်များများထည့်၍ ငါးရံ့ဆန်လှော် ဟင်းချက်သောက်လျှင် ဝမ်းဖောဝမ်းရောင် ရောဂါ သက်သာစေပါတယ်။
မေး။ ဆရာမေးစရာလေးရှိလို့ပါ။ ကျွန်မ အသက် ၄၇ နှစ်ပါ။ လည်ချောင်းနာနေတာ နှစ်အနည်းငယ်ကြာပါပြီရှင့်။ နား၊ နှာခေါင်း၊ လည်ချောင်းကုပေးတဲ့ ဆေးရုံဆေးခန်း တွေမှာလည်း ပြခဲ့ပါတယ်ရှင့်။ အရှင်းမပျောက်လို့ပါရှင့်။ ဆေးနည်းလေးများရှိရင် ပြောပြ ပေးပါဆရာ။ ကျေးဇူးအထူးတင်ပါတယ်ရှင်။
ဖြေ။ နံနက်ရေမချိုးမီ ဆန်ဆေးရည် တစ်ဖန်ခွက်သောက်ပါ။ (တစ်နည်း) မီးကွင်း ဂမုန်းရွက်ကို ထန်းလျက်နဲ့ကျိုသောက်ပါ။ ဖီးကြမ်းငှက်ပျောသီး နေ့စဉ်စားပါ။ ညအိပ်ရာဝင် ဒူးအထက်မှအောက် ရေလောင်း ခြေဆေးပါ။ ကျားမနိုင်နွယ်မြစ်သွေးပြီး လည်ပင်းတွင်လိမ်းပါ။ အပူ၊ အစပ်များစားတာရှောင်ပါ။
မေး။ မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်နှာခေါင်းအတွင်းထဲမှာ အနာလိုအဖုလေးပေါက်နေလို့ပါ ဆရာ။ ဆရာဝန်ပြရင် ခွဲစိတ်ရမှာ ကြောက်လို့ပါဆရာ။ ဆေးနည်းတိုလေးနဲ့ ပျောက်ကင်းနိုင်မယ်ဆိုရင် လမ်းညွှန်ပေးပါ။
ဖြေ။ ရေကိုလက်ခုပ်ဖြင့် ရှူသွင်းပေးပါ။ ဆားခါးကို ရေနွေးနဲ့ဖျော် နှာခေါင်းအတွင်းသို့ဝင်အောင် မော့ပြီးထည့်ပါ။ တစ်ဖက် နှာခေါင်းပေါက်မှ ပြန်ထွက်လာပါလိမ့်မယ်။ (တစ်နည်း) သံပရာသီးကို အရည်ညှစ်၍ နှာခေါင်းအတွင်းသို့ထည့်ပါ။ နှာခေါင်းအတွင်း ဝက်ခြံပေါက်လျှင် သြဇာသီးခြောက်ကိုသွေးပြီး နှာခေါင်းအပြင်မှ လိမ်းပေးပါ။
မေး။ မင်္ဂလာပါ ဆရာကြီးရှင့်။ ကျွန်မသားလေးက ၉ နှစ်အရွယ်လေးပါ။ ကလေးက နားပြည်ယိုနေတာ ခဏခဏဖြစ်နေတာပါ။ ကျွန်မကို ဆေးနည်းတိုလေး ပြောပြပေးပါဆရာ။
ဖြေ။ ရေနွေးကြမ်းအဖန်ရည်တွင် ဆားခါး အနည်းငယ်ထည့်ဖျော်ပြီး နားတွင်းသို့ လောင်းထည့် ဘေးစောင်းပြီးပြန်ထုတ် သုံးလေး ကြိမ် ဖန်ဆေးသကဲ့သို့ ပြုလုပ်ပေးပါ။ ကြက်သွန်ဖြူဥကိုထုထောင်းနှမ်းဆီဖြင့် စိမ်ထား မီးဖြင့်နွှေးပြီး(အဖတ်မပါ) ဆီအရည်ကြည်ကို နားအတွင်းသို့ ခပ်နွေးနွေးထည့်ပေးပါ။ ကြာရှည်ဖြစ်နေသော နားပြည်ယို၊ နားကိုက်ရောဂါ ပျောက်ကင်းစေပါတယ်။ မြန်မာ ကုက္ကိုရွက် သို့မဟုတ် ပိစပ်ရွက်ကိုမီးကင် အရည်ညှစ်နားအတွင်းသို့ထည့်ပါ။ (တစ်နည်း) ဇာတိပ္ဖိုလ်သီးကိုသွေးပြီး နားနောက်ဖုတွင် လိမ်းပေးပါ။
မေး။ ဆရာကြီး မင်္ဂလာပါရှင့်။ ကျွန်မ အသက် ၃၂ နှစ်၊ ရုံးဝန်ထမ်းတစ်ယောက်ပါ။ နှလုံးတုန်တာ ခဏခဏဖြစ်နေလို့ပါ။ ဆေးခန်း တွေကို သွားပါတယ်။ ဆေးထိုးတယ်၊ သောက်ဆေးပေးတယ်။ ခဏပဲသက်သာပြီး ပြန်ဖြစ်နေတာမို့ပါ။ မြန်မာဆေးနည်းလေး ကျွန်မကို လမ်းညွှန်ပြောပြပေးပါရှင့်။ စွဲသောက်ရမယ်ဆိုဲလည်း သောက်ပါမယ်ရှင့်။
ဖြေ။ ကံ့ကော်ဝတ်ဆံ၊ နံ့သာဖြူသွေးပြီး ရေအေးဖြင့် ရောစပ်သောက်ပါ သို့မဟုတ် နံ့သာဖြူ၊ နံ့သာနီနှစ်မျိုးကိုသွေး၍ ပျားရည်၊ ရေအေးတို့ဖြင့် ရောစပ်သောက်နိုင်ပါတယ်။ (တစ်နည်း) ကြံရည်တွင် သံပရာသီးစိတ်ကို ညှစ်၍သောက်ပါ။ လတ်ဆတ်သော သံပရာသီး အရည်ကိုညှစ်ပြီး သကြား ဖြင့် ဖျော်သောက်ပါ။ လိမ္မော်သီးအခွံမှ အနံ့ကို မကြာခဏရှူပေးပါ။
မေး။ ဆရာကြီးခင်ဗျာ။ ကျွန်တော့် တစ်ကိုယ်လုံးယားနေလို့ပါ။ ဆေးနည်းလေး ညွှန်ကြားပေးပါခင်ဗျာ။
ဖြေ။ ယားယံခြင်းကား လေကင်းမှတ်ရာ(နရသုခိကျမ်း) ဆိုတာကြောင့် လေစာတွေ ရှောင်စားပါ။ ဆေးနည်း- ရှောက်သီးအရည်ညှစ် ပျားရည်နဲ့ စပ်သောက်ပါ။ မန်ကျည်း မှည့်အနှစ်နဲ့ဆား ရောစပ်ပွတ်လိမ်းထား၊ ခဏအကြာမှရေချိုးပါ။ တမာရွက်ခြောက် အမှုန့်ပြု လုပ်ပြီး သနပ်ခါးနဲ့ရောစပ်လိမ်းပါ။ အမာရွတ်ဖြစ်လျှင် ကွမ်းသီးခြမ်း သွေးလိမ်းပါ။
မေး။ ဆရာကြီး သမီးမေမေက ဒူးနာနေတာ တစ်ခါတလေဆို ထတောင်မထနိုင်ပါဘူးရှင့်။ မေမေက အင်္ဂလိပ်ဆေးတွေ မသောက် ချင်ဘူးလို့ ပြောပါတယ်။ သင့် တော်မယ့် ဆေးနည်းတိုလေး သမီးကို ပြောပြပေးပါရှင့်။
ဖြေ။ ဗာဒံရွက် သို့မဟုတ် ကွမ်းရွက် မီးကင်ပြီး ဒူးတွင်အုပ်၍ ပတ်တီးစည်းပါ။ (တစ်နည်း) ကိုယ်ရံကြီးဂမုန်းရွက်ကို မီးကင် နှမ်းဆီသုတ်ပြီး ဒူးတွင်ပတ်၍ ပတ်တီးစည်းပါ သို့မဟုတ် ဒူးစွပ်ဖြင့် စွပ်ထားပါ။
မေး။ ဆရာရှင့်။ ကျွန်မသမီးလေးက အသက် ၁၂ နှစ်ပါ။ သမီးလေးက နှုတ်ခမ်းကွဲနေတာလေး တွေ့လို့ပါရှင့်။ ဆေးနည်းလေး၊ ဓာတ်စာလေး ပြောပြပေးပါရှင်။
ဖြေ။ ငှက်ပျောအူ၊ ငှက်ပျောဖူးကို ဟင်းချက်ကျွေးပါ။ ပူစပ်ငန်ရှောင်ပါ။ ညအိပ်ရာဝင် ဒူးအောက်ခြေထောက် ရေဆေးပါ။ မန်ကျည်းမှည့် ဖျော်ရည်တိုက်ပါ။ ရေများများသောက်ခိုင်းပါ။
မေး။ ဆရာကြီးခင်ဗျာ။ မရိုသေစကား ကျွန်တော့်မှာ ပန်းသေပန်းညှိုးဝေဒနာမျိုး ခံစားနေရလို့ပါ။ အသက်က ၅၇ နှစ်ပါ။ အရက်တော့ သောက်ပါတယ် ခင်ဗျာ။ ကျွန်တော့်ကို အဆင်ပြေကောင်းမွန်လာမယ့် ဆေးနည်းလေး လမ်းညွှန်ပေးပါခင်ဗျာ။
ဖြေ။ ကုက္ကိုခေါက်မှုန့်ကို ထောပတ်၊ ပျားရည်တို့နှင့်ရောစပ်ပြီး လေးပဲသားခန့် ညအိပ်ရာဝင်ချိန်တွင် ရေအေးဖြင့်သောက်ပါ။ ခွေးလှေး ယားသီးအစေ့ကို နွားနို့နှင့်ပြုတ်ပြီးမှ နှမ်းဆီဖြင့်လှော်စားပါ။ နံနက်/ညငါးစေ့ထက်ပိုမစားရ။ ငါးကြင်းသားကို နှမ်းဆီ၊ ထောပတ်တို့ နှင့် ကြော်စားလျှင် အားဖြစ်စေပါတယ်။ ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ သုံးမျိုးကို ရောစပ်စားပါက ယောကျ်ားခွန်အားဖြစ်ပါတယ်။ (လိမ်းဆေး)နန်းလုံးကြိုင်ပင်အမြစ်ကို အခြောက်လှန်း သွေးပြီး လိင်အင်္ဂါတွင် လိမ်းပေးပါ။ လေ့ကျင့်ခန်းများလည်း ပုံမှန်လေးလုပ် ဆောင်ပါ။
မေး။ မင်္ဂလာပါ ဆရာကြီး။ ကျွန်တော် ထိခိုက်မိတာတော့မရှိပါ။ မျက်စိက နာနေတာပါ။ တစ်ချက်တစ်ချက် အောင့်ပြီး နာတာပါ။ အဝေးကိုကြည့်ရင်တော့ နည်းနည်းမှုန်ပါတယ်။ မျက်မှန်တော့ မတပ်ပါ။ မျက်စိနာ သက်သာစေမယ့်ဆေးနည်းတို လေးရှိရင် ပြောပြပေးပါခင်ဗျာ။
ဖြေ။ ရာသီဥတုကြောင့် အပူအထက်ပြန်၍ဖြစ်သော မျက်စိနာ၊ ကူးစက်၍ဖြစ်သော မျက်စိနာ၊ ရေတိမ်ကြောင့်ဖြစ်သော မျက်စိ နာဟူ၍ အမျိုးမျိုးရှိပါတယ်။
- မန်ကျည်းပနီခေါက်ကို ဆားနှင့်ရောသွေးကွင်းလျှင် မျက်စိနာ၊ မျက်စိယားတာ သက်သာစေပါတယ် သို့မဟုတ် ကျားမနိုင် နွယ်မြစ် ကို သွေး၍ကွင်းပေးပါ။
- ထိကရုံးဆူးပေါက်ပင်၏ အမြစ်ကို ရေစိမ်ပြီး မျက်စဉ်းခတ်ပေးလျှင် ရေတိမ် ကြောင့်ဖြစ်သော မျက်စိနာခြင်းကို သက်သာ စေပါ တယ် သို့မဟုတ် ဒန့်သလွန်ရွက်ကို ရေသန့်သန့်ဖြင့်ဆေးထောင်း၍ အရည်ညှစ်ပြီး မျက်စဉ်းခတ်ပေးလျှင် မျက်လုံးအိမ်ထဲမှ ကိုက်ခဲခြင်း၊ မျက်ရိုးကိုက်ခဲခြင်းဝေဒနာကို သက်သာစေပါတယ်။
မေး။ ဆရာရှင့် ကျွန်မအမေက အသက် ၆၁ နှစ်ပါ။ အမေက မနက်စောစောမှာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါတယ်။ အခုက လေ့ကျင့်ခန်းလုပ်ရင်း ဘယ်ဘက်ခြေထောက်က မျက်ခနဲဖြစ်ပြီး နာလာပါတယ်။ ရောင်ပြီးနာနေလို့ပါရှင်။ ကျေးဇူးပြု၍ ဆေးနည်း လေးလမ်းညွှန်ပေးပါရှင့်။
ဖြေ။ ရဲယိုရွက် သို့မဟုတ် ကြွက်နားပေါင်းရွက်ကိုမီးကင်ပြီး ခပ်နွေးနွေးစည်းပေးလျှင် သက်သာပျောက်ကင်းစေပါတယ်။(တစ်နည်း) ကုလားမျက်စိပင်အရွက်တို့ကို ကြိတ်ခြေ၍ အထုပ်ပြုလုပ်ပြီး ကြပ်ထုပ်ထိုးပေးပါ။
မေး။ တုပ်ကွေးရောဂါအတွက် မြန်မာ ဆေးနည်းတိုလေးတွေ သိပါရစေရှင့်။ အနီးအနားက မိတ်ဆွေများကိုလည်း ဆေးနည်းများကို မျှဝေခွင့်ပြုပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
ဖြေ။ ရာသီဥတုအကူးအပြောင်းတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအဖျားနှင့် အညောင်းအကိုက် တွဲဖြစ်တတ်ပါတယ်။ ဆေးနည်းတိုကတော့ -
- ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော်အနည်းငယ် ထည့်သောက် ချွေးအောင်းပေးပါ။
- ရှမ်းဆေးခါးပင် (အစို၊ အခြောက်)ကို ထန်းလျက်ဖြင့် ကျိုသောက်ပါ။
- ချင်းခြောက်အမှုန့်၊ ကွမ်းရွက်ခြောက်၊ ကျပ်ခိုးသုံးမျိုးပြုတ်ရည်တွင် ဆားလှော်အနည်းငယ်ထည့် ပူပူသောက်ချွေးအောင်းပေးပါ။
- စမုန်စပါးရွက်ကို ဘဲဥနှင့်ရောကြော်စားလျှင် တုပ်ကွေးညောင်းကိုက်များ သက်သာစေပါတယ်။
- ပူဒီနာရွက်၊ ဆူးပန်းရွက်အစိမ်းကို အရည်ညှစ်၊ သတ္တုရည်ကို ဆားလှော်အနည်းငယ် ထည့်သောက်ပါ။
မေး။ ။ ဆရာကြီးရှင်။ သမီးအမျိုးသားက ဟိုးအရင်က ဝမ်းချုပ်တတ်ပါတယ်။ ဝမ်းသွား ရင်စအိုဘေးက အဖုထွက်ပြီး သွေးကျပါတယ်။ ခုဝမ်းသွားတော့ စအိုဘေးအဖုပြန်ထွက်ပြီး သွေးကျနေတာ အရမ်းနာပြီး ထိုင်မရထမရဖြစ်နေပါတယ်။ ခုစအိုက အဖုကြောင့် မထိုင်မထနိုင် အရမ်းနာနေလို့တဲ့ ဆရာကြီးရှင့်။ ဘာလိမ်းဆေးလေး လိမ်းပေးရင်သက်သာမလဲရှင်။ ကျေးဇူး အထူးတင် ပါတယ်ရှင်။
ဖြေ။ ရှားစောင်းလက်ပပ် အနှစ်ကပ်ပေးပါ။ အေးပြီးအနာသက်သာပါတယ်။ ဆားခါးကို ဇလုံကြီးမှာ ရေနဲ့ဖျော်ပြီး ဖင်ထိုင်ပေးရင် လိပ်ခေါင်းပြန်ဝင်ပါတယ်။ ကျားမနိုင်နွယ်မြစ်သွေးလိမ်းရင်လည်းရပါတယ်။
မေး။ ဆရာကြီးရှင့် ကျွန်မတစ်ရေးနိုးတံတွေးထွေးရင် တံတွေးထဲမှာသွေးလေး တွေပါပါတယ်ရှင့်။ ချောင်းလည်းမဆိုးဘူး။ ရင်လည်း မကျပ်ပါဘူးရှင့်။ အမြဲပါတာမဟုတ်ပါဘူး။ ရေသောက်ပြီးပြန်ထွေးရင်တော့ မပါတော့ဘူး။ ဘာဖြစ်တာလဲ ဘာဆေးစား ရမလဲ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်ရှင့်။
ဖြေ။ လေပူအထက်လှန်လို့ပါ။ ညအိပ်ခါနီး ဒူးအထက်မှအောက်ရေလောင်း ခြေဆေးအိပ်ပါ။ ဖီးကြမ်းငှက်ပျောသီးစားပါ။ လေပူကျဆေးသောက်ပါ။ ။
ကြည်လွင်မြင့်(မုဒြာ)