အယ်ဒီတာ့အာဘော်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်)
မြန်မာစကားများသည် ပရိယာယ်ကြွယ်ဝလှသည်။ ဥပမာပေးပြောဆိုခိုင်းနှိုင်းရာတွင် အခြေအနေနှင့် အချိန်အခါအလျောက် သင့်လျော်သည်ကို အသုံးပြုကြသည်။ မြန်မာစကားပုံတွင် သမဏေန သမဏောဂေါဏေန ဂေါဏော ဟူ၍ရှိသည်။ အဓိပ္ပာယ်မှာ ရဟန်းတော်သည် ရဟန်းတော်အချင်းချင်းသာပေါင်းဖက်မိသည်။ နွားသည်နွားအချင်းချင်းသာ ပေါင်းဖက်မိသည်။ ထို့အတူ ကောင်းသူသည် ကောင်းသူအချင်းချင်း ပေါင်းဖက်သည်။ မကောင်းသူသည်မကောင်းသူအချင်းချင်းသာပေါင်းဖက်သည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုမျိုးစုံကို လုပ်ဆောင်နေသော NLD ပါတီဝင်များ၊ ထောက်ခံသူ အစွန်းရောက်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာထားပြီးဖြစ်သည်။ NUG, CRPH, PDF ဟူသော အမည် အမျိုးမျိုးတပ်ကာ မြန်မာပြည်သူတစ်ရပ်လုံးက လက်ခံနိုင်ဖွယ်မရှိသော အကြမ်းဖက်လူသတ်သမားများကို နိုင်ငံအချို့က ကိုယ်စား လှယ်ရုံးများ ဖွင့်လှစ်ခွင့်ပေးထားသော သတင်းများကြားသိရသည်။ ကမ္ဘာတွင်အကြမ်းဖက်ဝါဒကို မည်သည့်နိုင်ငံကမျှ လက်ခံမည် မဟုတ်သော်လည်း ထိုနိုင်ငံအချို့က လက်ခံနေသည်မှာ ဂေါဏေန ဂေါဏော အခြေအနေမျိုးသာဖြစ်သည်။ အကြမ်းဖက်လက်ခံ၊ အဖျက်အားပေးသူခိုးလက်ခံဖြစ်နေသည်မှာ အမှန်တကယ်တွေးကြည့်လျှင် အလွန်ပင်ရှက်စရာကောင်းလှသည်။
သူခိုးဓားပြအကြမ်းဖက်အဖွဲ့အစည်းဝင်များကို အားပေးနေခြင်းသည် အဖျက်သမားအချင်းချင်း ပေါင်းဖက်နေခြင်းသာဖြစ်သည်။ NUG, CRPH, PDF အကြမ်းဖက် အဖွဲ့ဖြစ်ပေါ်လာခြင်း ဇာစ်မြစ်မှာပင် မဲမသမာမှု၊ မဲလိမ်မဲခိုးမှုပေါ်ပေါက်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ကို မြန်မာပြည်သူတို့က လုံးဝလက်မခံသောအခါ သူခိုးသေဖော်ညှိဆိုသကဲ့သို့ အဖော်သွေးလိုက်ခြင်းဖြစ်သည်။ ထိုနိုင်ငံများ အနေဖြင့် စဉ်းစားသုံးသပ်ကြည့်သင့်သည်မှာ မြန်မာနိုင်ငံတွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေသည်မှာ လက်ရှိနိုင်ငံတော်၏ အာဏာသုံးရပ်ကိုပိုင်ဆိုင်ထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရသာ ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်သာယာရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပြီးသည်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား သတ်မှတ်ထား သည့် နှစ်အတွင်းကျင်းပ ပေးမည်ဖြစ်သည်။ နှစ်ကာလအားဖြင့် ကြာရှည်စွာသတ်မှတ်ထားခြင်းမျိုးမဟုတ်သည့်အတွက် မြန်မာနိုင်ငံ ကိုချစ်လျှင်၊ မိမိပါတီကိုမိမိတို့တကယ်ချစ်လျှင် အကြမ်းဖက်လုပ်ရပ်များကိုရွေးချယ်ခြင်းမပြုဘဲ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြန်လည်ပါဝင်ယှဉ်ပြိုင်သင့်သည်။ ယခုမူ ထိုသို့မဟုတ်ဘဲ မစားရသည့်အမဲ သဲနှင့်ပက်ဆိုသကဲ့သို့ နိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်မျိုးစုံ လုပ်ဆောင်သည်။
NLD ပါတီဝင်များသည် မြန်မာနိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်ထွန်းကားလာမည်ကို စိုးရိမ်နေသည်။ ထို့အတူ ၎င်းတို့ကို လက်ခံထားသော ပြည်ပနိုင်ငံအချို့သည်လည်း မြန်မာနိုင်ငံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုး တက်သွားမည်ကို မလိုလားခြင်းကြောင့်သာ အကြမ်းဖက်အဖျက်သမားများကိုအားပေးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေသော ပြည်ပနိုင်ငံများအား မြန်မာတို့အနေဖြင့် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ယနေ့တိုင်လည်း ထိုသဘောထားသည်မပြောင်းလဲသေးပါ။
ထိုပြည်ပနိုင်ငံများသည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဝင်ရောက်စွက်ဖက်လျက်ရှိရာတွင် နိုင်ငံတိုင်းရှိတည်ဆဲ အစိုးရကို ကူညီအားပေး ခြင်းထက် ထိုအစိုးရကို ဆန့်ကျင်နေသူများကိုသာ အားပေးနေခြင်းဖြစ်သည်။သူတစ်ပါးနိုင်ငံတွေ မငြိမ်မသက်ဖြစ်နေမှ ၎င်းတို့၏ လက်နက်ခဲယမ်းများ ဈေးကောင်းရမည်ဖြစ်သည်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှ ၎င်းတို့စီးပွားရေး တိုးတက်မည်ဖြစ်သည်။ အစိုးရ တစ်ရပ်ကို ဆန့်ကျင်နေသူများအတွက် ထိုပြည်ပနိုင်ငံများသည် အားကိုးရာအနေအထားဖြစ်သည်။ နိုင်ငံတိုင်းရှိအကြမ်းဖက် အဖျက် သမားဆိုသည်မှာ ပြည်ပအားကိုး ပုဆိန်ရိုးအမျိုးသားရေး သစ္စာဖောက်များသာ ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သူတစ်ပါးပြည်တွင်းရေးကိုစွက်ဖက်ခြင်းကင်းသလို အခြားနိုင်ငံ၏ အကြမ်းဖက် အဖျက်သမားတစ်ဦး တစ်ယောက်ကိုမျှ လက်ခံခြင်းမရှိပေ။ ထို့အတူ အခြားသောနိုင်ငံများမှာလည်း မြန်မာနိုင်ငံကဲ့သို့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်စေ ချင်သည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အဖျက်လုပ်ရပ်မျိုးစုံကိုလုပ်ဆောင်ရန် NUG, CRPH တို့က ခိုင်းသမျှ PDF အမည်ခံ အဖျက်သမားများကလုပ်ဆောင်သည်။ NUG, CRPH ခေါင်းဆောင်ပိုင်းဆိုသူများသည် ပြည်ပအားကိုး၊ ပြည်ပနိုင်ငံတွင်နေကာ မြန်မာနိုင်ငံ အလုံးစုံပျက်စီးရေးကို လုပ်ဆောင်သည်။ အနှစ်ချုပ်ဆိုရသော် အကြမ်းဖက်အုပ်စုကို လက်ခံသောနိုင်ငံအချို့အနေဖြင့် သမဏေန သမဏော ဂေါဏေန ဂေါဏော စကားပုံနှင့်အညီ သင်တို့၏နိုင်ငံကို ဂုဏ်သိက္ခာရှိစေလိုလျှင် အကြမ်းဖက်အုပ်စုကို လက်မခံဘဲ မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သင့်ကြောင်း ရေးသားလိုက်ရပေသည်။ ။