အယ်ဒီတာ့အာဘော်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်)
လောက၌ လွန်လေပြီးသောအရာတို့သည် မရှိသောအရာများဖြစ်သည်။ ဖြစ်ပေါ်လာလတ္တံ့သော အရာတို့သည်လည်း မရှိသေးသော အရာများဖြစ်ကြသည်။ သို့အတွက် အနာဂတ်ကိုအားကိုးခြင်း၊ အတိတ်ကိုပြန်၍ ပြန်လည်လွမ်းဆွတ်ခြင်းတို့သည် အကျိုးမဲ့ဖြစ်လေ သည်။ မိမိဘဝအတွက် မိမိ၏လက်ရှိအချိန်သည်သာ အကောင်းဆုံးဖြစ်သည်။ အလုပ်တစ်ခုကို အကြွေးမထားဘဲ ချက်ချင်း လုပ်ကိုင်တတ်သူ၊ ဆောင်ရွက်တတ်သူသည် တိုးတက်ကြီးပွားရန် ခြေလှမ်းစတင်လှမ်းသူဖြစ်သည်။ အစပြုတတ်သောအလေ့ရှိမှသာ ကြီးပွားချမ်းသာရာရနိုင်လေသည်။ အများသူငါတို့ လိုလားသောတိုးတက်ကြီးပွားခြင်းသည် တစ်ချက်တည်းဖြင့် ကြီးပွားနိုင်သည် မဟုတ်ပေ။ အဆင့်ဆင့်သော သင်ယူတတ်မြောက်စရာများကို သင်ကြားတတ်မြောက်ပြီးမှသာ ကြီးပွားခြင်းသို့ရောက်ပေမည်။ မည်သူ တစ်ဦးတစ်ယောက်မျှ တစ်လှမ်းတည်းလှမ်းသဖြင့် အထွတ်အထိပ်သို့မရောက်နိုင်ပါ။ မြင့်သောတောင်ထိပ်တို့မည်သည် တဖြည်းဖြည်း တက်ရလေသည်။ နိမ့်သောနေရာသို့သာ တစ်ချက်တည်း ရောက်အောင်ခုန်ချနိုင်သော်လည်း တစ်ခါတစ်ရံကျိုးတတ်၊ ပဲ့တတ်၊ သေဆုံးတတ်ပါသေးသည်။
ယနေ့ခေတ်သည် ရှေးကထက်ပင် အတတ်ပညာရပ်တွေ ပေါများလှပေသည်။ “အသက်မွေးမှုတစ်ခုပညာ ကိုယ်စီပါ” ဟူသော စကားကဲ့သို့ မိမိနှင့်နီးစပ်သော အတတ်ပညာတစ်ခုခုကိုလိုချင်လျှင် နှိမ့်ချသောစိတ်နှင့် သည်းညည်းခံသော အရင်းပါချေက မည်သည့် ပညာရှင်ထံမဆိုသွားရောက်ကာ တပည့်ခံသင်ယူနိုင်လေသည်။ ဝီရိယရှိသောသူနှင့်ရိုးသားဖြောင့်မတ်သူတို့အတွက် ပညာသင် ပေးချင်သည့်ဆရာများစွာရှိပါသည်။ မိမိကိုယ်ကို အသုံးကျသူတစ်ယောက်ဖြစ်အောင် ကြံနိုင်သောသတ္တိရှိပြီး ရိုးသားသော အလုပ်အကိုင် လုပ်ကိုင်လိုစိတ်ရှိရန် လိုအပ်သည်။ ထိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကား ပေါများလှပါသည်။
အထူးသဖြင့် “နှုတ်ချို သျှိုတစ်ပါး” ဟုဆိုထားပေရာ မိမိကချိုချိုသာသာ မွန်မွန်ရည်ရည်ပြောဆိုမည်ဆိုလျှင် မကြိုက် မနှစ်သက်သူရှိ မည်မဟုတ်ပါ။ မိမိပါးစပ်ကို မိမိလိမ္မာပါးနပ်စွာ အသုံးပြုတတ်ပါက လူချစ်လူခင်ပေါများပြီး အလုပ်ဆိုသည်မှာခက်ခဲမည်မဟုတ်ပါ။ မိမိအလုပ်ကို ကောင်းစွာကျွမ်းကျင်စေရမည်။ ကျွမ်းကျင်မှုရှိမှသာ သူများထက်သာလွန်ပေမည်။ လုပ်ငန်းမကျွမ်းကျင်သမျှ သူများ ထက်ထူးအောင် မကြံဆောင်နိုင်ချေ။ မိမိ၏အလုပ်နှင့် ပတ်သက်၍ နည်းလမ်းရှိသမျှကိုကြံရမည်။ ယနေ့ဈေးကွက်ဝင် ပစ္စည်းများကို လေ့လာကြည့်ပါက အချိန်ကာလ အတိုင်းအတာတစ်ခုရောက်ရှိသည်နှင့် မူလဒီဇိုင်းထက် လူအများစိတ်ဝင်စားမှုရှိအောင် အသွင် အပြင်ပြောင်းလဲ ရောင်းချသည်ကို တွေ့မြင်ကြရသည်။ အသစ်အသစ်တို့ကြာမြင့်၍ ဟောင်းသွားသည့်အခါ နောက်ထပ် အသစ် အသစ်များကို ထပ်မံတီထွင်ကြရသည်။ လူအများစိတ်ဝင်စားအောင်ဆွဲဆောင်ကြရသည်။
ဤသို့တီထွင် ဆန်းသစ်နိုင်မှုရှိရန်အတွက် အဓိကလိုအပ်ချက်မှာရိုးသားမှု၊ ကြိုးစားမှုနှင့် ပညာရှာဖွေနိုင်မှုတို့ဖြစ်သည်။ “ပညာ ဆည်းပူး၊ ပန်းသို့ခူး” ဆိုသည့်ပမာပန်းကို ရှာဖွေဆွတ်သကဲ့သို့ ပညာကိုကြိုးပမ်းရှာဖွေဆည်းပူးရမည်သာဖြစ်သည်။ ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သောသူသည် ပရိသတ်အလယ်တွင် ရဲရဲရင့်ရင့်ပြောဆိုဝံ့၍ တင့်တယ်သည်။ ပညာရှာဖွေသူသည် ပျင်းရိခြင်း ကင်းရမည်။ ပျင်းနေလျှင် ပညာတတ်လိမ့်မည်မဟုတ်ကြောင်း ပညာရှင်များ ဆုံးမထားပြီးဖြစ်သည်။ စာအုပ်ရှိသမျှကို ဖတ်ရမည်။ သတင်းရှိသမျှကို နားထောင်ရမည်။ မှတ်သားသင့်သည့် အချက်အလက်များကို ရေးမှတ်ထားရမည်။ အချက်ကောင်း ရှိသမျှမလွတ်စေရန် သတိထားရှိရမည်။ ထိုကဲ့သို့ဉာဏ်လက်နက်၊ ဝီရိယလက်နက်စုံလင်သောသူသည် အောင်မြင်ခြင်းကို မလွတ်အောင် သံပိုက်ကြီးနှင့်အုပ်၍ ဖမ်းသည်နှင့်တူ၏။ ရှေးလူကြီးများအဆက်ဆက်သည် နောင်လာနောက်သားများအတွက် ဦးဆောင် လမ်းပြဖြစ်ခဲ့ကြသည်။ အလုပ်ဖြင့်လည်းသက်သေပြခဲ့ကြသည်။ စာဖြင့်လည်းမှတ်တမ်းတင်ခဲ့ကြသည်။ မည်သည့်အလုပ် မှာမဆို ပထမတန်းဖြစ်ရုံမကြံစည်နှင့်။ ပထမတန်းစားထက်နည်းနည်းကလေးပိုအောင်စိတ်ကိုထားရမည်။
အကြံကောင်းသောသူသည် အလုပ်ကောင်းသောသူ၏ အရှင်ဖြစ်သည်ဟူသော စာမှတ်တမ်းသည် ရှေးလူကြီးများ၏ လက်ဆင့် ကမ်းအမွေဖြစ်သည်။ ဝီရိယရှိသောသူတို့သည် ဘုရင်မင်းမြတ်တို့ ချီးမြှောက်ခြင်းကိုခံရ၏ဟု အနောက်တိုင်းသားတို့ ပြောစမှတ် ပြုကြလေသည်။ ၎င်းဝီရိယသည်ကြီးပွားခြင်း၏ ဆေးစွမ်းကောင်းများဖြစ်သည်။ လုံ့လဝီရိယဟူသည် ကြိုးစားမှုပင်ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးတိုးတက်ကြီးပွားရေးအတွက် လူတိုင်းမှာရိုးသားသော စိတ်၊ ကြိုးစားသောစိတ်ရှိနေပြီး အလုပ်ဖြင့်တိုင်းပြည်ကို ချစ်ကြမည်ဆိုပါလျှင် မိမိကိုယ်တိုင်လည်း အမြင့်သို့ရောက်မည်။ မိမိတိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။