ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း သတင်းကောင်း

ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်း သတင်းကောင်း

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  အောက်တိုဘာ  ၃၁  ရက်)

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါအဝင်) အား ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှစ၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ ညီညီညာညာ လက်တွဲဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် တွေ့ရှိမှုလျော့နည်းလာပြီဖြစ်သည်။ အောက်တိုဘာ ၃ဝ  ရက်နေ့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၈၂ ရာခိုင်နှုန်းသို့ ကျဆင်းနေကြောင်း သတင်းကောင်း ကြားသိရသည်။ သေဆုံးမှု ရာခိုင်နှုန်းမှာလည်း လျော့နည်းနေပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် ဤကမ္ဘာမှ မည်သည့်အချိန်အခါတွင် ကွယ်ပျောက်နိုင်မည်ဟု မည်သူမျှ တိတိကျကျ မပြောနိုင်သေးဘဲ လူသားတို့သည်ကိုဗစ်- ၁၉ ရောဂါပိုးနှင့် ယှဉ်တွဲနေထိုင်ရမည့် အနေအထားသာ ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ကိုဗစ်-၁၉ ထိုးနှံရန် အကျုံးဝင်သော လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးစီးရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။ ဦးတည်အုပ်စု သတ်မှတ်ချက်အတိုင်း ကာကွယ်ဆေးများ ထိုးပေးလျက်ရှိရာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးခြင်းကိုလည်း လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် မြို့နယ် (၄၆) မြို့နယ်ရှိ စာသင်ကျောင်းများမှအပ ကျန်မြို့နယ် အားလုံးမှ အခြေခံပညာကျောင်းများအား နိုဝင်ဘာ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခြင်းဖြစ်သည်။ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ စာပေပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြစို့ ရည်မှန်းချက်နှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးထားပြီး ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု စိုးရိမ်ပူပန်မှု လျော့နည်းသွားပြီဖြစ်သည်။

မိဘများအနေဖြင့် ယခင်ကထက် ပူပန်စိတ်လျော့နည်း သွားမည်ဖြစ်သော်လည်း မိမိတို့ရင်သွေးများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပေး လမ်းညွှန်ချက်အတိုင်း နေထိုင်လိုက်နာနိုင်ရေးကိုမူ ပေါ့ဆ၍ မဖြစ်ပေ။ လက်ဆေးခြင်း၊ မက်စ်တပ်ခြင်းကို ထမင်းစားရေသောက်သကဲ့သို့ အမြဲမပြတ် လုပ်ဆောင်ရမည်ဖြစ်သည်။ နေ့စဉ်မပျက်မကွက် ဆောင်ရွက်ရမည်မှာ တစ်ကိုယ်ရေ သန့်ရှင်းရေးဖြစ်သည်။ သန့်ရှင်းမှ ကျန်းမာမည်၊ ကျန်းမာမှ ပညာသင်နိုင်မည်။ ပညာသင်နိုင်မှ ပညာတတ်ကြီးဖြစ်ကြမည်။ ပညာတတ်မှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်ကြမည်ဖြစ်သည်။

နိုင်ငံတိုင်းအတွက် အရေးကြီးဆုံးသည် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေ၍ ပညာရည်မြင့်မားစေရေး ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းကို လေ့လာကြည့်လျှင်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုကြောင့် ဖွံ့ဖြိုးတိုးတက်ခြင်း ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအုပ်ကြီးများ ကြိုတင်ဆောင်ရွက်ရမည့်သင်ကြား သင်ယူရေးနှင့် ပတ်သက်၍ အသိပေး နှိုးဆော်ချက်တွင် ကျောင်းပြန်လည် ဖွင့်လှစ်ပါက ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းသို့ ရောက်ရှိပြီး ပညာသင်ကြားနိုင်ရေး မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ရန် ဟူသောအချက်ကို ပထမဆုံး ထည့်သွင်းထားသည်။ ကျောင်းသားများ ကျောင်းနေပျော်၍ ကျောင်းတက်မှန်ကန်စေရေးမှာ ကျန်းမာရေး ကောင်းမွန်ရေးသည်လည်း အဓိကဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

နေ့စဉ်နှင့်အမျှ နည်းပညာ တိုးတက်နေသော ကမ္ဘာကြီးတွင် လူသားတို့၏ ပညာရည်မြင့်မားမှုသည် လိုအပ်သည်ထက် ပိုမိုလိုအပ်လျက်ရှိနေပါသည်။ အသိပညာ၊ အတတ်ပညာတစ်ခုခုမှ မတတ်မြောက်ခဲ့လျှင် မိမိတို့ဘဝရှင်သန်ရေးအတွက် ခက်ခဲနေပါလိမ့်မည်။  ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏  ဟူသော ဆုံးမစကားလေးသည် ယနေ့တိုင်မရိုးနိုင်သော ဆုံးမစကားဖြစ်သည်။ အများသူငါ ကျောင်းတက်နေသည့်အချိန်တွင် လမ်းမှားသို့ ရောက်နေသော ကျောင်းသား၊ ကျောင်းသူများရှိပါက မိဘများအနေဖြင့် ပြန်လည်ဆက်သွယ် ခေါ်ယူထားသင့်သည်။ လူငယ်ဆိုသည်မှာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူသည်မှယနေ့တိုင် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသ အသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်လျက် ရှိသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့် အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။

ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအတွက် သတင်းကောင်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း သတင်းကောင်းဖြစ်ပါသည်။ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးများဝတ်ကာ ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူတို့၏ မြင်ကွင်းသည် ကြည့်ရသူတိုင်းကို စိတ်ချမ်းသာစေသည့် မြင်ကွင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းသား၊ကျောင်းသူတိုင်း ပညာပြည့်ဝဖို့ အတွက် နေ့စဉ်ကျောင်းမှန်မှန်တက်ကြပါ။ ကျောင်းမှန်မှန် တက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန် လိုအပ်ကြောင်း ရေးသား လိုက်ရပေသည်။   ။