ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၇၂၈ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၇၁၆ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု ၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိ
နေပြည်တော် အောက်တိုဘာ ၃ဝ
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။
ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိရာ (၂၉-၁ဝ-၂ဝ၂၁) ရက် ည ၈ နာရီမှ(၃ဝ-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၇၂၈ ခုအားစစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၇၁၆ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၃ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၈၄၉၇ဝ၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၄၉၉၃၂၁ ဦးရှိပြီဖြစ်သည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၆၃ ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၆၆၃၁၇ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂ဝ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၆၆၄ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။