ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ညွန့်က အသားဖြူဖြူ ဝဝတုတ်တုတ် ဘောင်းဘီတိုဝတ်ထားသည်။ ခေါက်ဆွဲဆိုင်မှ ခေါက်ဆွဲကြော်သော တရုတ်ကြီးနှင့်တူသည်။ မန်ကျည်းရွက်စပ်ချဉ်ဟင်း ချက်ရန်အတွက်  မောင်ညွန့် ငရုတ်သီးထောင်းနေသည်။

“ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးပါ”

မောင်ငြိမ်းချမ်း အသံကြား၍  ကျောင်းသားကြီး  မောင်ညွန့် ငရုတ်သီးထောင်းနေရာမှ လှည့်ကြည့် သည်။ စာအုပ်ကလေးကိုင်ပြီးရပ်နေသော မောင်ငြိမ်းချမ်းကိုတွေ့သည်။ မောင်ညွန့် ဘာမျှမပြော သေးဘဲ ဟိုဟိုသည်သည်ကြည့်သည်။ ပြီးမှ ထွက်ပေါက်ရသွားဟန်နှင့်...

“ဟိုမှာ...မြသန်း သွားအသင်ခိုင်း။ ဒီကောင်ကမှ ကောင်းကောင်းသင်တတ်တာ...”

ခပ်လှမ်းလှမ်းမှာ အင်္ကျီချိတ်လုပ်နေသူကို ညွှန်ပြသည်။ မောင်ငြိမ်းချမ်း စာအုပ်ကလေးယူ၍ ကိုမြသန်းထံသွားသည်။

“ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးပါ”

အင်္ကျီချိတ်လုပ်နေရင်းမှ ကိုမြသန်း မောင်ငြိမ်းချမ်း ကိုကြည့်သည်။

“ဟိုမှာ...သန်းဘိုဆီသွား...သူကမှသင်တတ်တာ...”

ခပ်လှမ်းလှမ်းတွင် သစ်ပင်ရိပ်မှာ စက်ဘီးဝင်ရိုးထဲသို့ ဆီထည့်နေသူတစ်ဦးထံပြောင်း၍ လမ်းညွှန် လိုက်သည်။ မောင်ငြိမ်းချမ်း သွားရပြန်သည်။

“ကျွန်တော့်ကို အင်္ဂလိပ်စာသင်ပေးပါ...”

ကိုသန်းဘို စဉ်းစားနေသည်။ သင်ပေးရန်ဝန်လေး နေဟန်တူသည်။

“ငါလည်းမသင်တတ်ပါဘူးကွာ..။ ဟိုမှာ ကျောင်းရှေ့ဝရန်တာမှာ ဆရာကြီး ဦးစံလှိုင်ရှိတယ်...။ သူ့ဆီသွား သူကမှ ကောင်းကောင်းသင်တတ်တာ...”

မောင်ငြိမ်းချမ်း စိတ်ညစ်သွားမိသည်။ တစ်ယောက် ပြီးတစ်ယောက် လွှဲပြောင်းလမ်းညွှန် နေကြ သည်။  မောင်ငြိမ်းချမ်းက လွယ်လွယ်သင်ရမည် ထင်သော်လည်း ဘယ်သူမှ သင်ပေးချင်ဟန်မရှိကြ။ သို့သော် အင်္ဂလိပ်စာသင်ချင်သည်။ သင်နေရ၊ ကျက်မှတ်နေရလျှင် အလွမ်းသက်သာချင်သည်။ ကိုသန်းဘို ညွှန်ပြသည့်အတိုင်း ဘော်ဒါကျောင်းဆောင် အရှေ့ဘက်မှ ဝရန်တာဆီသို့သွားရန် ကျောင်းပေါ်သို့တက်သည်။ ဝရန်တာဘက်သို့ ကူးရမည့်ဝင်ပေါက်နားသို့ ရောက်သောအခါ ရှေ့သို့ မတိုးရဲဘဲ မတ်တတ်ရပ်နေမိသည်။ ဝရန်တာဝင်ပေါက်မှာ စာတန်းတစ်ခု ချိတ်ဆွဲထားသည်။

“ကျောင်းသားများမဝင်ရ”

စာတန်းကိုဖတ်ပြီး မောင်ငြိမ်းချမ်း ဝရန်တာသို့မဝင်ဝံ့။ ဝရန်တာတွင် ကြွေပြားများခင်းထား၍ ပြောင်လက်တောက်ပနေသည်။ ထိုကြွေပြားများပေါ်တွင် ကြိမ်ကုလားထိုင်မှာထိုင်၍  ဆရာဦးစံလှိုင် သတင်းစာဖတ်နေသည်။

“ငါဝင်သွားလို့ဖြစ်ပါ့မလား...ဝရန်တာကို ကျောင်းသားတွေ ဘာလို့မဝင်ရတာပါလိမ့်...ကြွေပြား ခင်းထားလို့လား...”

မောင်ငြိမ်းချမ်း ရပ်လျက် စဉ်းစားနေသည်။ ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းကိုမမြင်နိုင်။ သူ့မျက်နှာ အရှေ့မှာဖြန့်ဖတ်နေသော သတင်းစာကကွယ်နေသည်။ မောင်ငြိမ်းချမ်း ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်...

“ဆရာဆိုတာ ကျောင်းသားကို စေတနာရှိတယ်။ မင်းတို့စာမသိလို့မေးချင်ရင် အချိန်မရွေး လာမေးလှည့် အပြစ်မရှိဘူး...” ဟူ၍ ကျောင်းဆရာဖြစ်သော အဖေကြီးပြောသည်ကို သတိရမိသည်။

“စာသင်ချင်လို့ဝင်သွားတာတော့ အပြစ်ရှိမှာမဟုတ်ပါဘူး... အပြစ်ရှိလို့အပြစ်ပေးရင်လည်း ခံလိုက်မယ်”

ကျောင်းဆရာမြေးဖြစ်သော မောင်ငြိမ်းချမ်း  အရဲစွန့်၍ ကျောင်းသားများမဝင်ရဆိုသော ဝရန်တာ ဆောင်သို့ ဝင်သွားသည်။ ချောညက်နေသော ကြွေပြားလေးများမှာ ခြေနင်း၍ကောင်းလှသည်။ ဆရာဦးစံလှိုင်ရှေ့ရောက်ပြီ။ ရပ်နေလိုက်သည်။  ဆရာကမမြင်သေး။

“ဆရာ...ကျွန်တော် အင်္ဂလိပ်စာသင်ချင်လို့ပါ”

ဆရာဦးစံလှိုင်  သူ့မျက်နှာရှေ့မှ သတင်းစာကို ဖယ်လိုက်သည်။ မောင်ငြိမ်းချမ်းကိုကြည့်ပြီး အံ့အား သင့်နေသည်။

“ဒီနေရာ...ကျောင်းသားမဝင်ရလို့ စာရေးထားတာ မင်းမတွေ့ဘူးလား”

“တွေ့ပါတယ်”

“တွေ့ရင်ဘာလို့ဝင်လာရတာလဲ...”

“အင်္ဂလိပ်စာသင်ချင်လို့ပါ...”

မောင်ငြိမ်းချမ်း အမှန်အတိုင်း ဖြေလိုက်ခြင်းဖြစ်သည်။ ဆရာဦးစံလှိုင် မျက်ခုံးများပင့်၍ မောင်ငြိမ်းချမ်းကို အသေအချာကြည့်နေသည်။

“မင်း...အေ ဘီ စီ ဒီ ရသလား”

“ဟုတ်ကဲ့ ရပါတယ်...”

“ရရင် မင်းစာအုပ်ပေး..”

ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်း၏ဗလာစာအုပ်မှာ အင်္ဂလိပ်စာလုံးများကို မြန်မာနှင့်တွဲရေးပေး သည်။

CAT(ကက်)  = ကြောင်

DOG(ဒေါ့ခ်)  = ခွေး

MAT(မက်ထ်) = ဖျာ

POT(ပေါ့ထ်)    = အိုး

RAT(ရက်ထ်)  = ကြွက်

မောင်ငြိမ်းချမ်း လိုက်ဆိုတတ်အောင် ချပေးသည်။ အသံထွက်မှန်အောင်သင်ပေးသည်။ မောင်ငြိမ်းချမ်းလိုက်ဆိုသည်။ အသံထွက်မှန်သွားပြီ။

“ကဲ...သွားတော့...အဲဒါတွေကျက်...အလွတ်ရမှ ပြန်လာခဲ့...”

မောင်ငြိမ်းချမ်း ဝမ်းသာသွားသည်။ မြေအောက် ခန်းသို့ဆင်းသည်။

ဆက်လက်ဖော်ပြပါမည်။