ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၃၆)

ယမန်နေ့မှအဆက်

ကျုံးထိပ်သို့ရောက်သောအခါ ပါလာသောအမှုထမ်းများကိုရှေ့တပ်၊ နောက်တပ် ဝဲယာထားပြီး အကြီးတော်၊ အကြီးစာရေးတို့ကို အုပ်ချုပ်စေလျက် ဆက်လက်ထွက်ခွာလာရာ မဟာမုနိဘုရားကြီးအရောက် လမ်းတစ်လျှောက်၌ မြောက်ပြင်ထောင်မှူး မောင်ရွှေရဲ နှင့် ကင်းများက သေနတ်ပစ်ဖောက် တားဆီးကြပြန်သည်တွင် ကနောင်မင်း၏ကျွန်တော်မျိုးတို့က သူတို့၏ဓား၊ လှံ၊ သေနတ်များကို သိမ်းယူလိုက်သည်။

ထိုမှလွန်၍ ရွာဟိုင်းဈေးလမ်းသို့ရောက်သောအခါမှာကား၊ လူတစ်ဦးက မြင်းဖောင်းဝတ်တစ်စီးဆက်သသောကြောင့် မင်းတုန်းမင်း ကြီးက ၎င်းမြင်းကိုစီးနင်းလျက်ဆက်လက်ထွက်လာကြပြန်သည်။

ရွှေတချောင်း မြောင်းရိုးတစ်လျှောက် ရောက်သောအခါ၌လည်း မြေဒူးမိဖုရား၏ အကြီးစာရေးဟောင်း ဦးမင်းနှင့်တပည့်များ၊ ဦးသိုင်းနှင့်တပည့်များ၊ ရွှေခဲကြီး  ဘိုးမောင်နှင့်တပည့်များ၊  လက်နက်သေနတ်များနှင့် ဆီးကြိုဝင်ရောက် ပူးပေါင်းထမ်းရွက် လာကြ သည်။ ထိုကမှ မတ္တရာသို့ချီတက်ခဲ့ရာ အလျင်ကြိုတင်စေလွှတ်ထားပြီးဖြစ်သော မောင်မှတ်ကြီးနှင့် ဆွေမျိုးသားချင်း တစ်စုတို့က မြို့တံခါးကို ဆီးကြိုဖွင့်လှစ်ပေးသဖြင့် ဝင်တော်မူကြပြီး မင်းညီနောင်တို့ မတ္တရာမြို့၌ ရှေးဦးစွာ စတည်းချရပ်၊ ရုံးထိုင်ကြလေသည်။

နံနက်လင်းသောအခါ အမရပူရနေပြည်တော်တွင် မင်းတုန်းမင်း၊ ကနောင်မင်းညီနောင် ထွက်ခွာသွားခြင်းအတွက် ရတက်အများဆုံး ပုဂ္ဂိုလ်ကား ပုဏ္ဏားဝန် မောင်ကုလားဖြစ်လေသည်။

ချက်ချင်းပင် ပုဂံမင်းတရားကြီးအား ဖြစ်ကြောင်းကုန်စင်ကို သံတော်ဦးတင်လေရာ ပုဂံမင်းတရားကြီးကညီတော် မင်းတုန်းမင်း ပါသွားသည်ဆိုခြင်းကို ရုတ်တရက် ယုံကြည်တော်မမူသေးဘဲ၊ မင်္ဂလာအိမ်တော်သို့လူလွှတ်၍ ကြည့်ခိုင်းတော်မူသေးသည်။  သွားကြည့်ရသူက တကယ်ပင် မင်းတုန်းမင်းသားကြီးမရှိတော့ကြောင်း လျှောက်တင်ခါမှ  ယုံကြည်တော်မူပြီး ပုဏ္ဏားဝန် မောင်ကုလားကိုပင် ဖမ်းဆီးရာ၌ ခေါင်းဆောင်စေသည်။ သူသို့သည်လည်း မင်းတုန်းမင်းညီနောင်ကို အမှုရှာခဲ့ကြသူများဖြစ်ကြသဖြင့် ယခုကဲ့သို့ထွက်ခွာသွားခြင်းသည် သူတို့အဖို့ နောင်ရေး  မအေးဖွယ်ရာကြီးတစ်ရပ်လည်းဖြစ်သည်။

ပုဏ္ဏားဝန်နှင့် တောင်ဒဝယ်ဗိုလ်တို့သည် လူငါးရာပါတပ်ကို ဦးဆောင်လျက် မင်းတုန်းမင်းသားကြီးကို ဖမ်းဆီးရန် ထွက်ခဲ့ရလေသည်။ မတ္တရာဝန်ကိုလည်း တပ်မတော်များနှင့်အတူ လိုက်ရမည့်အမိန့်တော်ရှိ၍ လိုက်ရသည်။ မင်းတုန်းမင်းညီနောင်သည် မတ္တရာမြို့ တွင်းမှနေပြီး မတ္တရာဝန်ကို တိုက်ထုတ်လိုက်ရာ မတ္တရာဝန် ထွက်ပြေးရလေသည်။

နန်းတော်ကြီးက နောက်ထပ်တပ်များ လွှတ်ပြန်သည်။ သတိုးမင်းကြီးမဟာမင်းခေါင်ရာဇာသူက လူတစ်ထောင်တပ်ကို ပုဏ္ဏားဝန် ဦးကုလားတို့ ၅၀၀ တပ်ကို ပူးပေါင်း အုပ်ချုပ်စေသော တပ်၊ ဘောင်ဝန်ထောက်တို့ ကွပ်ကဲသော လူ ၅၀၀ တစ်တပ်နှင့်ပူးပေါင်းကာ မင်းကွန်းကင်းထက်သို့ ရောက်လာကြလေသည်။

မင်းတုန်းမင်းညီနောင်သည် နောက်တိုးတပ်သားများပါ မတ္တရာမြို့မှတစ်ဆင့်ချီတက်ခဲ့ရာ ပုဏ္ဏားဝန်တို့တပ်နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်သည်။   ပုဏ္ဏားဝန်တို့ တပ်သုံးတပ်သည် ရှေ့စခန်းမှ ဆီးကြိုတိုက်ရန် ဆုတ်ခွာသွားကြရပြန်သည်။

ယင်းတိုက်ပွဲမှာလည်း မင်းညီနောင်တို့ဘက်သို့ တပ်သားသစ်များ လက်နက်နှင့်အတူ တိုးဝင်လာကြပြန်ရာ လူဦးရေသည် များသည် ထက်များလာပြန်လေသည်။ မင်းညီနောင်သည် ထိုမှတစ်ဆင့် ချီတက်ခဲ့ပြန်ရာ၊ စကျင်တောင်ကြားသို့ရောက်သောအခါ စကျင်မြို့သူ ကြီးနှင့်တကွ လက်နက်လူသူအများ လာရောက်အမှုထမ်းကြပြန်သည်။

သို့ကြောင့် မင်းညီနောင်တို့ဘက်မှ မူလပါလာရင်း တပ်သားများနှင့် နောက်တိုးတပ်သားများပါပေါင်းလျှင်လေးငါးရာခန့်သာ ရှိလေ သေးသည်။ သုံးတပ်ပေါင်း၍လိုက်လာသော ပုဏ္ဏားဝန် ဦးကုလားတို့တပ်တို့မှာလက်နက်နှင့် တပ်သားပေါင်း နှစ်ထောင်ကျော်မျှ ရှိလေသည်။ 

ထိုအချိန်က နေပြည်တော်တွင်ရှိသော တပ်များသည်အင်္ဂလိပ်ကိုခံချရန် အောက်ပြည်သို့စုန်ဆင်းနေရသောကြောင့် တပ်သားလက် ကျန် နည်းနေချိန်ဖြစ်စေကာမူ မင်းညီနောင်တို့ဘက်မှာထက်တော့ လူသူလက်နက်အင်အားက သာလွန်လျက်ရှိနေလေသည်။

စကျင်အရပ်သို့ရောက်ပြီးနောက် ညီတော်ကနောင်မင်းသားကြီးသည် နောင်တော်မင်းတုန်းမင်းအား- “နောင်တော်ဘုရားမှာ သား တော်၊ သမီးတော်ငယ်များ၊ ကိုယ်လုပ်မောင်းမများနှင့် ငစဉ့်ကူးအရောက်ထွက်ချီတော်မူနှင့်ပါ။ ကျွန်တော်က သည်နေရာအရပ်မှ နေပြီး လိုက်ပါလာသောတပ်များကို ချေမှုန်းခုခံပါမည်...” ဟု လျှောက်တင်ပြီး နောင်တော်ကြီးအား ဘေးမသီရန်မခ ရှေ့မှ ကြွချီတော်မူနှင့်စေပါသည်။

တောင်ဒဝယ်ဗိုလ်၊ ပုဏ္ဏားဝန် လမိုင်းဝန်၊ မတ္တရာဝန်တို့ တပ်သုံးတပ်သည် နောက်မှလိုက်လာရာ ကနောင်မင်းသားကြီးသည် စကျင်တောင်ကြားအရပ်မှနေ၍ လူနှစ်ရာခန့်နှင့် ပြန်လည်တိုက်ခိုက်လိုက်သောအခါ ပုဏ္ဏားဝန်တို့တပ်သုံးတပ် လူတစ်ထောင့်ငါးရာ နှစ်ထောင်နီးပါးခန့်တို့မှာ အထိအခိုက်အရှအနများလှ၍၊ တပ်ပျက်ပြား၍ ဆုတ်ခွာပြေးရလေသည်။

ကနောင်မင်းသားကြီးသည် နောင်တော်ကို ချစ်ခင်ညှာတာ၍ လွန်စွာဦးစားပေးပြီး ဘေးအန္တရာယ်များကို မိမိကသာ ခုခံကာကွယ် ဖြိုခွင်းလေသည်။ လက်ရုံးရည် စွမ်းအားသတ္တိက အထူးပြည့်စုံလျက် စစ်ရေးစစ်ရာမှာ ကွပ်ကဲခေါင်းဆောင်မှု ကျွမ်းကျင်လှသဖြင့် လူနှစ်ရာတပ်နှင့် လူနှစ်ထောင်တပ်အား အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ခြင်းများကို နှိုင်းချိန်ဆုံးဖြတ်ကြည့်နိုင်ပေသည်။

ကနောင်မင်းသားကြီးသည် ရဲမက်လက်နက်ကိုင်တပ်သား အမှုထမ်းနှစ်ရာကျော်ခန့်ကို ခေါ်ငင်သိမ်းဆည်း၍ ရှေ့ကသွားနှင့်သော နောင်တော်မင်းတုန်းမင်းသားကြီးကို မီအောင်ချီတက်လိုက်လာလေသည်။

ကနောင်မင်းနှင့် နောင်တော် မင်းတုန်းမင်းသားကြီးတို့ တွေ့ဆုံမိသောအခါ ရှေ့ခရီးကိုဆက်လက်ချီတက်ခဲ့ကြပြန်သည်။ လမ်းတစ် လျှောက်၌ ဖြတ်သန်းခဲ့သောအရပ်တို့မှ ဆီးကြို၍ အမှုတော်ဝင်ထမ်းကြကုန်သော တပ်သားများသည် များသည်ထက် များလာ ပြန်သည်။ ပြည်သူတို့သည် မင်းတုန်းမင်းသားကြီးကို ကြည်ညိုသည်၊ ညီတော် ကနောင်မင်း၏ သူရသတ္တိကိုလည်းအားထားကြသည်။

          

ဆက်လက်ဖော်ပြပါမည်။