ကုန်ထုတ်လုပ်မှုနှင့်စက်မှုစွမ်းအားမြင့်မားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  နိုဝင်ဘာ  ၈ ရက်)

 

နိုင်ငံတိုင်းအတွက် ရာနှုန်းပြည့်မှန်ကန်သော ဆောင်ပုဒ်မှာ စက်မှုစွမ်းအားပြည်ထွန်းကားဖြစ်သည်။ စက်မှုစွမ်းအားမြင့်မားသော နိုင်ငံတိုင်းသည် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ ဖြစ်လာကြသည်။ စက်မှုနည်းပညာပိုင်ဆိုင်မှု ပိုမိုမြင့်မားလာလေလေ တိုးတက်မှုများ လေလေဖြစ်သည်။ နည်းပညာသည်ရပ်တန့်၍မနေဘဲ ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ထိုတိုးတက်သောနည်းပညာကို ရယူသုံးစွဲနိုင်ရေး လုပ်ဆောင်ရန် လိုအပ်လာသည်။ သုတေသနပြုမှု၊ တီထွင်ကြံဆမှုတို့လိုအပ်လာသည်။ ထုတ်ကုန်ချင်းတူလျှင်သော်မှ နည်းပညာ သာလွန်မှု၊ ထုပ်ပိုးမှုကောင်းမွန်စနစ်ကျမှုသာလွန်သောကုန်ပစ္စည်းက ဈေးကောင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ရှိ ကဏ္ဍပေါင်းစုံတိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်ကို သာယာဝပြောသည့်နိုင်ငံ၊ စားရေရိက္ခာပေါများသည့် နိုင်ငံဖြစ်ရန်မူဝါဒများ ချမှတ်ဆောင်ရွက်နေပါသည်။ မြန်မာ နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကိုအဓိကဆောင်ရွက်သည့်နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကို အပြည့်အဝဆောင်ရွက်နိုင်မည်ဆိုပါက စားရေရိက္ခာများပေါများမည်ဖြစ်သည်။

စားရေရိက္ခာထုတ်လုပ်သူများသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန်များတွင်လည်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များကို အခြေခံသည့်ထုတ်ကုန်များမှ ပြည်ပဝင်ငွေအများဆုံးရရှိနေကြောင်း သိရှိရသည်။ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်လာမှသာ ကျေးလက်နေပြည်သူတို့ လူနေမှုဘဝမြင့်မားတိုးတက်လာပေမည်။ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများအရ ကျေးလက်ဖွံ့ဖြိုးရေး၊ ကျေးလက်စီးပွားရေးမြှင့်တင်ရေး၊ ပြည်နယ်များဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်နေပါသည်။ ချမှတ်ပေး သောမူဝါဒများနှင့်အညီ သက်ဆိုင်ရာလုပ်ငန်း လုပ်ဆောင်သူများအနေဖြင့်လည်း ဟန်ချက်ညီစွာ လိုက်ပါလုပ်ဆောင်ရန် လိုအပ် ပေသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံဆောင်ရွက်လျက်ရှိသော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တစ်ခု၊ မွေးမြူရေးနှင့်ကုသရေးဆေးတက္ကသိုလ် တစ်ခုသာရှိပြီး အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း စိုက်ပျိုးရေး သိပ္ပံများသာ ရှိသည်။ အဆိုပါစိုက်ပျိုးရေး သိပ္ပံကျောင်းများမှာလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး စုံလင်စွာဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေး သိပ္ပံများ ဖွင့်လှစ်ခြင်း၊ ထိုမှတစ်ဆင့်ကောလိပ်များနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အဓိက လိုအပ်ချက်များရှိသည့် နေရာများတွင် တက္ကသိုလ်အဆင့်အထိ တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် မိရိုးဖလာမွေးမြူရေးစနစ်များဖြင့်ရောင့်ရဲမနေဘဲ တိုးတက်အောင်နည်းပညာအရ ဖောက် ထွက်ကြရမည်ဖြစ်သည်။ သို့မှသာ အထွက်နှုန်းတိုး၍ ပြည်ပဝင်ငွေများ တိုးတက်လာကာ သာယာဝပြောသည့် နိုင်ငံတည်ဆောက်နိုင် မည်ဖြစ်သည်။ လုပ်ငန်းတစ်ခုနှင့်တစ်ခုသည် ဆက်စပ်တည်ရှိပါသည်။ စိုက်ပျိုးရေးအတွက် ဓာတ်မြေသြဇာလိုအပ်ချက်ရှိသည်။ ဓာတ်မြေသြဇာရရှိရန် ဓာတ်မြေသြဇာစက်ရုံများ တည်ရှိသည်။ ဓာတ်မြေသြဇာသည် ဂက်စ်ကိုအခြေခံပြီးထုတ်လုပ်သည်။ ထိုစက်ရုံများ လည်ပတ်ရန် လောင်စာစွမ်းအင် လိုအပ်သည်။

ပြည်တွင်းကုန်ထုတ်လုပ်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့် စက်ရုံများတွင် ဓာတ်ငွေ့များလိုအပ်မှုရှိနေသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် စွမ်းအင်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့အား ပြည်တွင်း၌လုံလောက်စွာအသုံးချနိုင်ရေး စွမ်းအင်မူဝါဒ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကမ်းလွန်နှင့်ကုန်းတွင်းသဘာဝဓာတ်ငွေ့များထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချလျက်ရှိသကဲ့သို့ ပြည်တွင်း၌လည်း သဘာဝဓာတ်ငွေ့များအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် လျက်ရှိ သည်။ ကမ်းရိုးတန်းဒေသများတွင်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း သိရှိရသည်။ ထို့အတူ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်၍ ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ စီးပွားရေးကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်ချက်မှာ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊  ကုန်ကြမ်းနှင့်သယ်ယူပို့ဆောင်ရေး စနစ်ကောင်းမွန်ရေးတို့ ဖြစ်သည်။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသောနိုင်ငံဖြစ်ပေရာ ထိုသယံဇာတကုန်ကြမ်းများကို ကုန်ချောအဖြစ် တီထွင်ထုတ်လုပ်နိုင်ရန်သာ လိုအပ်သည်။ စက်မှုစွမ်းအားမြင့်မားမှသာ မြန်မာ့လူနေမှုဘဝမြင့်မားမည်ဖြစ်ပေရာ ကုန်ထုတ်လုပ်မှုနှင့် စက်မှုစွမ်းအားမြင့်မား ရေးကို ပြည်သူတစ်ရပ်လုံးက စိတ်ဝင်စားစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။    ။