ရတနာပုံ၏နိဒါန်းနှင့်နိဂုံး

 

အမှတ်စဉ်(၄၁)

ယမန်နေ့မှအဆက်

၎င်းတပ်ကြီးချီတက်လာခဲ့ရာ မြင်းတော်ရွာတွင်တစ်ည၊ လင်းလည်ရွာတွင် တစ်ည၊ ထိုမှ ဆက်လက်ချီတက်ပြန်ရာ စမွန်းကြီးရွာသို့ ရောက်ကြလေသည်။ စမွန်းကြီးရွာတွင် အမရပူရမြို့မှ စစ်ကိုင်းကြောင်းချီတက်လာသော လိုင်မြို့စားမင်းသား၏ တပ်ကြီးနှင့်ဗို လ်ရွှေပြင်တို့တပ်ကြီး ရင်ဆိုင်မိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်လေသည်။

လိုင်မြို့စားမင်းသားကလည်း စစ်တပ်အကွပ်အကဲကောင်းလှသဖြင့် ရွှေဘိုသားတို့အပန်းတကြီး ခုခံတွန်းလှန်ကြရလေသည်။ တိုက်ပွဲ သည် နှစ်ရက်မျှကြာရှိလာလျှင် အမရပူရက တပ်သားတို့မှာ အထိအခိုက်၊ အရှအန၊ အသေအပျောက်များပြားလှသဖြင့် လိုင်မြို့စားမင်းသားနှင့် စို့လေးဆယ်ဒိုင်းဝန်  ဝန်ထောက် မောင်ထော်နီ၊ အမြောက်ဝန် မောင်ပါတူတို့လည်း မစည်းကြပ်နိုင်၊ တပ်သား များကို မကွပ်ကဲနိုင်သောကြောင့်ပျက်ပြားဆုတ်ခွာကြရလေတော့သည်။ သေသူတွေလည်း အလွန်များပြားလှ၏။

အောင်ပွဲရ ဗိုလ်ရွှေပြင်တို့သည် ၎င်းတိုက်ပွဲမှ ရလိုက်သော သေနတ်တစ်ရာကျော်၊ အမြောက်ငါးလက်၊ ယမ်းပုံးငါးဆယ်တို့ကို ရတနာသိင်္ဃမြို့ မင်းတုန်းမင်းညီနောင်ထံ ပို့ဆက်ပြီးနောက် စစ်ကိုင်းမြို့အရောက် ဆက်လက်ချီတက်ကြလေသတည်း။

ဤသည်တွင် သုံးဖက်မှရောက်လာကြသော အမရပူရတပ်များကို ခုခံတွန်းလှန်ချေမှုန်းကြခြင်းဖြင့် အောင်ပွဲယူလိုက်ကြပြန်ရာ မင်းတုန်းမင်း၊ ကနောင်မင်းတို့၏ နောက်လိုက်အင်အားသည် တိုးတက်သည်ထက် တိုးတက်လာပြီး ရတနာသိင်္ဃခေါ် အောင်မြေ ရွှေဘိုသားတို့၏ သူရသတ္တိအင်အားကလည်း အားရလောက်ဖွယ်ဖြစ်ခဲ့လေတော့သည်။

အမရပူရသို့ ချီတက်စေ

စစ်ဦးဘီလူး အောင်ပွဲမှတစ်ဆင့် စစ်အင်အားနှင့်အမရပူရမြို့အထိ ချီတက်တိုက်ခိုက်ကြရန် နောက်ထပ်တပ်များကို ဖွဲ့စည်း လိုက်ပြန်သည်။ ထိုတပ်ကြီးတွင် ရှေ့ဝင်းမှူး သူရဲဝန်ကြီး မဟာမင်းခေါင်ကို ဗိုလ်ချုပ်ခန့်ထားပြီးလျှင် ဧရာဝတီမြစ်အရှေ့ဘက်သို့ ချီတက်စေရသည်။ ဗိုလ်ချုပ်ရှေ့ဝင်းမှူးနှင့်အတူ ပါရမည်ဖြစ်သော ဗိုလ်များမှာ မောင်ရေးကိုမဟာမင်းကျော်ဘွဲ့နှင့် ကျောက် မြောင်းမြို့ ဗိုလ်ခန့်၍ စစ်ကဲနေရာလည်းကောင်း၊ ဦးရွှေသိုက်ကို မင်းလှတန်ဆောင်ဘွဲ့နှင့် သစ်ချိုပင်ဗိုလ်ခန့်၍ စစ်ကဲနေရာ လည်းကောင်း မြင်းရဲမက်များနှင့် ဧရာဝတီမြစ်အရှေ့ဘက်ကြောင်းမှ ချီတက်စေသည်။

လက်ယာဝင်းမှူးကြီး မဟာတရဖျားကိုလည်း အလုံမြို့မှနေ၍ အမြင့်မြို့၊ ကိန္နီမြို့၊ ဗန့်ကျီတိုက်၊ ချောင်းဦးဆယ်ရွာ စသည့် နယ်တစ်ဝိုက်မှာ လက်နက်လူသူများ သိမ်းရုံးစည်းကြပ်စေရန် စေလွှတ်လေသည်။လက်ယာဝင်းမှူး အလုံမြို့ဝန်ကြီး မဟာတရဖျား သည် အလုံမြို့၌ သိမ်းရုံးစည်းကြပ်လျက်ရှိနေစဉ်အတွင်းအမရပူရမြို့က မိုးညှင်းမင်းသား သုသီရိမဟာဓမ္မရာဇာ၊သား လှိုင်းတက် မြို့စားမင်းသား သတိုးမင်းရဲကျော်ထင်တို့တပ်က ခင်မွန်ရွာသို့ ဆိုက်ရောက်လာသဖြင့်ခုခံတိုက်ခိုက်ကြရပြန်သည်။

သို့သော် နာရီပိုင်းအတွင်းမှာပင် မိုးညှင်းမင်းသားကြီးတို့ဘက်မှ အထိအခိုက်၊ အသေအဆုံးများပြားလာလေသည်။

မိုးညှင်းမင်းသားသည် စစ်သဘောကို နားလည်ကျွမ်းကျင်သူဖြစ်သောကြောင့် အပြင်းအပြကွပ်ကဲခြင်းမပြုတော့ဘဲ စစ်ကို နုတ်သိမ်း ဆုတ်ခွာထွက်သွားလေသည်။ ထို့ကြောင့် လက်နက်၊ သေနတ်၊ ဓားလှံများ အများအပြားရလိုက်ကြသည်။

အခြားစစ်ချီတပ်ကြီး တစ်တပ်မှာ သလုံးစားဝန်ကြီးမင်းကြီးမဟာရာဇသင်္ကြန်က ဗိုလ်ချုပ်အဖြစ် ဦးစီးစေ၍ စစ်ကိုင်းကြောင်းမှ နေပြည်တော် အမရပူရအရောက် တိုက်ရိုက်ချီတက် တိုက်ခိုက်စေရန် ဖြစ်လေသည်။ ထိုအချိန်က အမရပူရနေပြည်တော်တွင် ပုဂံမင်းတရားကြီး မိမိဘက်က စစ်ရေးစစ်ရာ၌ အကျအဆုံးများရခြင်း၊ ညီတော်မင်းတုန်းမင်း၊ ကနောင်မင်းတို့က စစ်ရေးသာလျက် မြောက်ဘက်တစ်လွှားလုံး သိမ်းရုံးမိကာ၊ ရတနာသိင်္ဃမြို့တွင် တစ်ထီးတစ်နန်းစံနေသည်ကို သိရှိတော်မူသောအခါ စိတ်တော် မကြည်မလင်ဖြစ်ရလေသည်။

မိမိဘက်တွင်ရှိသော စစ်သည်ရဲမက်အချို့မှာ အောက်ပြည်အင်္ဂလိပ်တို့နှင့် စစ်မက်ဖြစ်ဆဲ ခုခံတိုက်ခိုက်ရန် စေလွှတ်ထားရသဖြင့် နေပြည်တော်၌ အင်အားနည်းပါးနေချိန်လည်းဖြစ်ကြောင်း သုံးသပ်မိလေသည်။

အင်္ဂလိပ်တို့နှင့်စစ်ဖြစ်ရာ၌ စေလွှတ်ထားရသော တပ်တော်များမှာ ဟံသာဝတီ၊ ပုသိမ်၊ မုတ္တမ၊ ဓညဝတီကြောင်းများတွင် မြန်မာ့ တပ်မတော်များ အနှံ့အပြားရောက်နေသည်။ ၎င်းတပ်တို့မှာလည်း အင်္ဂလိပ်၏ အင်အားကို ခုခံနိုင်သမျှ ခုခံနေရင်းမှ တစ်စ တစ်စနောက်သို့ ဆုတ်နေရသည်က များလျက်ရှိသည်။ ထို့ကြောင့် မင်းညီနောင် စစ်ပြေငြိမ်းလိုသည်။ တိုင်းသူပြည်သား များလည်း ငြိမ်းအေးချမ်းသာစေလိုသည်။

သို့ကြောင့် ဧရာဝတီမြစ်အရှေ့ဘက် အနောက်ဘက်ထားပြီး မင်းနှစ်ပါးပြိုင် အုပ်စိုးရလျှင် ပြီးငြိမ်းလိမ့်မည်ဟု ထင်မှတ်ယူဆမိသည်။

အခြေအနေမှာလည်း ပုဂံမင်းသည် ဧရာဝတီမြစ်အရှေ့ဘက်နှင့်တောင်ဘက်ပိုင်းတစ်ဝိုက်သာ စိုးမိုးနိုင်တော့လျက် ဧရာဝတီမြစ် အနောက်ဘက်နှင့်မြောက်ပိုင်းတစ်ဝိုက် ရှမ်းကုန်းပြင်မြင့်တို့မှာ မင်းတုန်းမင်း၊ ကနောင်မင်းတို့က စိုးမိုးထားနိုင်လျက်ရှိလေသည်။

ထို့ကြောင့် ပုဂံမင်းသည် ညီတော်မင်းတုန်းမင်းနှင့် ပြေရာပြေကြောင်း အရေးဆိုစေရန် သာသနာပြုဆရာတော်ကြီးနှင့်  ရွှေစေတီ ဆရာတော်၊ သစ်ဆိမ့်ဆရာတော်များကို နန်းတော်သို့ပင့်၍ မင်းဆွေစိုးမျိုးနှင့် မှူးမတ်တို့ရှေ့တွင် ညီတော်မင်းတုန်းမင်း နှင့်စစ်ပြေ ငြိမ်းစေရန်၊ ညီတော်နောင်တော်နှစ်ဦး ဧရာဝတီမြစ်အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းအုပ်စိုးကြရန်မေတ္တာရပ်စကား ကမ်းလှမ်းပေး စေလိုကြောင်း လျှောက်ထားလေသည်။

ဆရာတော်၊ သံဃာတော်ကြီးများလည်း ပုဂံမင်းလျှောက်တင်ချက်အတိုင်း ညီတော်နှစ်ပါး စစ်ပြေငြိမ်းစေပြီး  တိုင်းနေပြည်သူတို့ အေးချမ်းစွာရောင်းဝယ်ဖောက်ကား စားသောက်နိုင်စေရန် မေတ္တာရပ်ခံရန် ရည်သန်လျက် မင်းတုန်းမင်းရှိရာ မြစ်အနောက်ဘက် ရတနာသိင်္ဃမြို့ရှိရာသို့ ကြွချီကူးသန်း၍ လာကြလေသည်။

ဆရာတော်ကြီးများနှင့်အတူ ပါသူတို့ကား မကွေးဝန်ထောက်မင်းကြီး မဟာမင်းလှစည်သူ၊ အမှာရေးနေမျိုးသီဟသူ၊ သံတော်ခံ မောင်တက်ဖြိုး၊ အမိန့်တော်ရမောင်ဘိုးတို့ကို ပုဂံမင်းက ထည့်အပ်လိုက်လေသည်။

ဆက်လက်ဖော်ပြပါမည်။