နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတကော်စက်မှုဇုန်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းတကော်စက်မှုဇုန်နယ်မြေသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ အင်းတကော် စက်မှုဇုန်နယ်မြေသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အင်းတကော်စက်မှုဇုန်နယ်မြေ သို့ရောက်ရှိကြရာ စက်မှုဇုန်နယ်မြေ ရှင်းလင်း ဆောင်၌    မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦးက အင်းတကော်စက်မှုနယ်မြေ နောက်ခံသမိုင်းကြောင်း၊ စက်မှုနယ်မြေအတွင်း မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ ACSR Wire များ၊ လျှပ်စစ်မီတာများနှင့် အခြားလုပ်ငန်းသုံးဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်ခဲ့မှု နှင့် ရပ်နားထားရသည့် စက်ရုံအလုပ်ရုံများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ EVER Meter စက်ရုံ CEO ဦးမျိုးအောင်က Digital Meter များ ထုတ်လုပ်နေမှုနှင့် ၂၀၁၅ ခုနှစ်မှစ၍ AMI စနစ်ဖြင့်လျှပ်စစ်မီတာများ တပ်ဆင်ဆောင်ရွက်၍ Automatic Billing System ၊ automatic Reading System များအသုံးပြုပြီး မီတာခများကောက်ခံမှုနှင့် ထိန်းသိမ်းမှုများဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ Control Center မှတစ်ဆင့် ထိန်းချုပ်ဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ အဆင့်မြင့်မီတာများထုတ်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ Analog Meter များနှင့် ပြည်ပမှတင်သွင်းသည့် ဆက်သွယ် ရေးစနစ်မပါရှိသည့် ဒစ်ဂျစ်တယ်မီတာများ၏အားနည်းချက်များနှင့် AMI စနစ်တပ်ဆင် ထားသည့် မီတာများဖြင့် လဲလှယ်တပ်ဆင်နိုင်ရေး လိုအပ်ချက်ရှိသည့်အခြေအနေများ၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများမှာ ယခင်က ပျမ်းမျှ ၁၆ ရာခိုင်နှုန်းခန့်အထိရှိခဲ့ရာမှ ယခု AMI စနစ်တပ်ဆင်အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဓာတ်အားပျောက်ဆုံးမှုပျမ်းမျှ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့မှုအခြေအနေများ၊ AMI စနစ်မီတာအသုံးပြုခြင်းဖြင့် လျှပ်စစ်မီတာခများကောက်ခံရာတွင် Mobile Banking စနစ်များဖြင့် လွယ်ကူစွာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများအား အထိုက် အလျောက် ထိန်းချုပ်နိုင်မှုနှင့် အခြားမြို့ပြဆိုင်ရာ လုပ်ငန်းများတွင်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် သက်ဆိုင်သည့် အချက်အလက်များ အား အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုဆောင်ရွက်နိုင်မှု အခြေအနေများအား လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီတာများ လိုအပ်မှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
    
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရပ်နားထားရသည့်စက်များပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်၊ စက်ရုံများအလိုက် စက်ပစ္စည်းများအား မလိုလားအပ်ဘဲပျက်ဆီးဆုံးရှုံးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊ မြန်မာ့လျှပ်စစ်လုပ်ငန်းတွင် အသုံးပြုရန် လိုအပ် လျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် ကုန်ကြမ်းများကိုအသုံးပြု၍ စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ထုတ်လုပ်နိုင်ပါက ပြည်ပ ငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အားများအား တရားမဝင်နည်းလမ်းများဖြင့် ရယူသုံးစွဲမှု မရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြပ်မတ်ဆောင်ရွက်ရန်၊ အခြေခံပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲခများ သက်သာမှုရှိစေရေး စွမ်းအင်ချွေတာနိုင်သည့် လျှပ်စစ် ပစ္စည်းများ အသုံးပြုနိုင်ရေး ပညာပေးခြင်းနှင့် တိုက်တွန်းခြင်းများဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက် ရန်၊ အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာရှိ လျှပ်စစ်သုံးစွဲခများနှင့် မြန်မာနိုင်ငံရှိလျှပ်စစ် ဓာတ်အားသုံးစွဲခအား ပြည်သူလူထုသက်သာမှုရှိစေရေး နှိုင်းယှဉ်သုံးသပ် ဆောင်ရွက် သွားရန်နှင့် ကျေးရွာများတွင် ထင်းသုံးစွဲ၍ချက်ပြုတ်မှုများကြောင့် သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေးအတွက် ထင်းသုံးစွဲမှုလျှော့ချပေးရန်ုလိုအပ်ကြောင်း၊ ထင်းသုံး စွဲမှုများ လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ကိုတိုးမြှင့်ထုတ်လုပ်၍ ဓာတ်အား သုံးစွဲခများသက်သာစွာရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တစ်အိမ်ထောင် လျှင်ယူနစ် ၁၀၀ ခန့်သာသုံးစွဲပါက ခန့်မှန်းဓာတ်အား သုံးစွဲခငွေကျပ် ၆၀၀၀ ဝန်းကျင်ခန့်သာကုန်ကျမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကျေးရွာများတွင် လျှပ်စစ် မီး ရရှိစေရေးအတွက် ဆိုလာစနစ်များတပ်ဆင် ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံးဆိုလာများဖြင့် အိမ်သုံးလျှပ်စစ်ဓာတ်အားများ ထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်လျက် ရှိသည့် ဆိုလာပြားများအား ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန်၊ ရန်ကုန်မြို့အတွင်း AMI စနစ်သုံးမီတာများ ရာနှုန်းပြည့် ပြောင်းလဲတပ်ဆင်နိုင်ရေး ဆောင်ရွက်ရန်နှင့် မန္တလေးမြို့တွင်လည်း AMI စနစ်သုံး လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်သွားရန်၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ကြီးများတွင်လည်း တပ်ဆင်နိုင်ရေး အဆင့် လိုက်ဆောင်ရွက်သွားရန်၊ လျှပ်စစ်မီတာများ အရည်အသွေး အဆင့်မြင့် မားမှုရှိစေရေး၊ ဓာတ်အား ပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးတို့အား ဆောင်ရွက် သွားရန် လိုကြောင်းမှာကြားသည်။
    
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် EVER Meter များအသုံးပြု၍ AMI စနစ်ဖြင့် ဆောင်ရွက်ထားသည့် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၏ လျှပ်စစ်သုံးစွဲနေမှုအခြေအနေများအား မော်နီတာမှ တစ်ဆင့် တိုက်ရိုက်ကြည့်ရှုရာ EVER Meter စက်ရုံ CEO ဦးမျိုးအောင်က ရှင်းလင်း တင်ပြသည်။
    
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ EVER Meter စက်ရုံအတွင်း စက်ရုံမှထုတ်လုပ်ထားသည့် မီတာများနှင့် မီတာများအဆင့်ဆင့် ထုတ်လုပ်နေမှုအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။