နေပြည်တော်နှင့် မန္တလေးတို့ရှိ မီဒီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမိတ်ဆက်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မီဒီယာများအား တွေ့ဆုံမိတ်ဆက် ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူများ၊ နိုင်ငံပိုင်မီဒီယာများ အပါအဝင် နေပြည်တော်နှင့် မန္တလေးတို့ရှိ ပုဂ္ဂလိက မီဒီယာအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီမံချက်များဖြစ်သော နိုင်ငံသားများကို အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးသည့် ပန်းခင်းစီမံချက်နှင့် ၂ဝ၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်း စီမံချက်များသည် ကြီးမားကျယ်ပြန့်ပြီး အခြားသော ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ရသည့်အပြင် ပြည်သူများ ပူးပေါင်းပါဝင်ကူညီမှသာ အောင်မြင်နိုင်မည့် လုပ်ငန်းများဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ယခင်နိုင်ငံတော် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ယခင်က မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း။
ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူစဉ် ကာလအတွင်း ပြည်သူများအတွက် ဥပဒေနှင့်အညီ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ နိုင်ငံသားကတ် ရရှိမှုသည် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိပြီး လူမှုဘဝ ပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းသည်လည်း နိုင်ငံတကာ၌ ၁ဝ နှစ်လျှင်တစ်ကြိမ် ကောက်ယူကြရာ မိမိတို့နိုင်ငံ၌ ၂ဝ၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့် ကောက်ယူနိုင်ခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် အခြေခံ တွက်ချက်ဆောင်ရွက်ရသည့် တိကျမှန်ကန်သော လူဦးရေကိန်းဂဏန်း အချက်အလက်များ ရရှိစေရေးအတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း။
ထို့ပြင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများအား နိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များသည် ပြည်သူများ၏ အကျိုးအတွက် ပြည်သူကိုဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်များကို ပြည်သူများ သိရှိနားလည် ပူးပေါင်းလာစေရေးအတွက် ဝန်ကြီးဌာနမှ Online , Offline အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာစေရေးအတွက် ယခုကဲ့သို့ မီဒီယာအဖွဲ့အစည်းများကို တွေ့ဆုံရှင်းလင်း ချပြခြင်းဖြစ်ကြောင်း၊ မီဒီယာ အဖွဲ့အစည်းများကလည်း မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို ပြည်သူများ ပိုမိုသိရှိစေရေး အတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက် လာကြသည့် မီဒီယာအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆက်သွယ် ဆောင်ရွက်နိုင်မည့် တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးကြောင်း သိရသည်။