၂ဝ၂ဝ ပြည့်နှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ကကြီးမှူး ကျင်းပသည့် ၂ဝ၂ဝ ပြည့်နှစ်အတွက် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသောစာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။
ဝတ္ထုရှည်ဆုတွင် ပထမဆုကို ညိမ်းညို၏ မလင်းဘယ်ခါရှိပါ့မယ်၊ ဒုတိယဆုကို ကံမြင့်မော်၏ မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးရှင်၊ တတိယဆုကို တင်လင်းဇော်၏ လေဆန်သည့်ငှက်၊ လှိုင်းထက်ကလှေစာမူများက လည်းကောင်း၊ ဝတ္ထုတို ပေါင်းချုပ်ဆုတွင် ပထမဆုကို သိန်းဇော်(ရွှေလီဦး)၏ ဖားဝိဇ္ဇာနှင့် ကျေးရွာအလှဝတ္ထုတိုများ၊ ဒုတိယဆုကို မင်းလပြည့်(ဟားခါး)၏ မိုးယံထက်က အလှပန်းများနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို တင်တော်၏ ပဲ့ကိုင်ရှင်တို့၏ နှလုံးသားအလှနှင့် ဝတ္ထုတို များစုစည်းမှု စာမူများက လည်းကောင်း၊ ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ကောင်းနွဲ့၏ ရာသီမြုံလုံးချင်း ကဗျာများ၊ ဒုတိယဆုကို ကျော်သက်ခိုင်(မုံရွာ)၏ မြန်မာဂန္ထဝင်ရနံ့ လက်ရွေးစင်ကဗျာများ၊ တတိယဆုကို ကနောင် နိုင်နွယ်ဦး၏ နေနှင့်လမင်းအလင်းသစ္စာ ကဗျာများ စာမူများ
ကလည်းကောင်း၊ သုတပဒေသာ(ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ယဉ်ယဉ်မွန် (ရှေးဟောင်းသုတေသန)၏ ဒွတ္တပေါင်မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ၊ ဒုတိယဆုကို ဦးညွန့်ဝေ (ဘီအေဘီအီးဒီ)၏ မြန်မာ့သုတပညာရေး မှတ်တိုင်များ၊ တတိယဆုကို လွင်မြန်မာ (မန်းတက္ကသိုလ်)၏ ပအိုဝ်းရိုးရာဒုံးလွှတ်ခြင်း ဓလေ့နှင့် ဗမာဒုံးချင်းကဗျာများ စာမူများက လည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို အောင်စိုး (စိုက်ပျိုး/၁ဝ၇)၏ အရိပ်ရပင်နှင့် ပန်းအလှပင်များ၊ ဒုတိယဆုကို ဆွေဆွေအုန်း (ရန်ကုန်တက္ကသိုလ်)၏ သက်စွန့်ဆံဖျား တောင်တက်ခြင်း အားကစား၊ တတိယဆုကို ကိုတူး(သာယာမြိုင်)၏ သားရေခွာ ရုပ်လုံးသွင်း အတတ်ပညာ မိတ်ဆက်စာမူများက လည်းကောင်း၊ စာပဒေသာဆုတွင် ပထမဆုကို မြေလတ်မင်းလွင်၏ ဆိုင်းဂီတဖြင့် တိုင်းပြည်အလှဆင်ခြင်း(သို့)အလင်္ကာကျော်စွာစိန်စတင်း၊ ဒုတိယဆု ကို ဇာတ်ညွှန်းအကယ်ဒမီ ကိုကိုလေး၏ ဆည်းဆာရသစာတမ်းများ၊ တတိယဆုကို နန္ဒာခင်(သက္ကလမြေ)၏ နာပေါင်း ကုဋေဆရာမြေဝယ်စာမူများက လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို အရှင်ပညာသာမိ၏ မြန်မာနိုင်ငံအတွင်းရှိ အရှေ့ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်စာပေ၊ ဒုတိယဆုကို မင်းသျှင်အောင်(တွံတေး)၏ ကွက်စိပ်ဗေဒသုခုမ၊ တတိယဆုကို အောင်စိုး(တိရစ္ဆာန်ဆေးကုဆရာဝန်)၏ မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီ ဓလေ့ထုံးစဉ်လာစာမူများက လည်းကောင်း၊ ကလေးစာပေဆုတွင် ပထမဆုကို ဝတ်ရည်ခင်(ပဲခူး)၏ မြန်မာ့မေတ္တာစွမ်း ကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ၊ ဒုတိယဆုကို သက်ဦးခင်၏ ဖူးစီဝေလန်း ရောင်စုံပန်းကလေးကဗျာများ၊ တတိယဆုကို ညွန့်ဝင်း(နတ္တလင်း)၏ တို့လေးလေးစားစား သီဆိုမယ်နှင့် အခြားဝတ္ထုတိုများ စာမူများက လည်းကောင်း၊လူငယ်စာပေဆုတွင် ပထမဆုကို ယဉ်ယဉ်(ဘက်ရဲ)၏ ကြယ်မြေကြွသော ထိုကောင်းကင်၊ ဒုတိယဆုကို သက်ဦးခင်၏ ပန်းတစ် ပွင့်လန်းစွင့်ခဲ့ပြီ၊ တတိယဆုကို နွေကံ့ကော်(မြို့လှ)၏ သားသို့ပေးစာများ စာမူများက လည်းကောင်း ရရှိကြပါသည်။
စာပေဗိမာန်စာမူဆုများကို ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁ဝ သိန်း၊ တတိယဆု ၇ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။
စာပေဗိမာန်စာမူဆုများကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ်၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂ဝ၂ဝ ပြည့်နှစ် ပြိုင်ပွဲသို့တင်သွင်းလာသော စာမူ ၂၅၉ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျစိစစ် ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။
ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ စာပေဗိမာန်စာမူဆုစိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁-၂၄ဝဝ၄၈ နှင့် စီမံရေးရာဌာန ဝ၁-၃၈၁၄၄၉ သို့ အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် (၅x၈)လက်မ ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါဆုများကို ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁ရက်(စာဆိုတော်နေ့)၊ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၄ ရက် (စနေနေ့) တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားလမ်းရှိ မြဝတီမီဒီယာ စင်တာ၌ ကျင်းပပြုလုပ်မည့် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂ဝ၂၁ ခုနှစ်အတွက် စာမူပြိုင်ပွဲဝင်လိုသူများ အနေဖြင့် စာမူများကို ၃၁-၁၂-၂ဝ၂၁ ရက်နေ့ နောက်ဆုံးထား၍ စာပေဗိမာန်ရုံးသို့ လာရောက် ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။