ယမန်နေ့မှအဆက်
လွတ်လွတ်လပ်လပ် အသံထွက်ပြီးကျက်သည်။ ရသွားပြီ။ ဆရာက ရေးတတ်အောင် လေ့ကျင့် ခဲ့ရမည်ဟု မပြောလိုက်။ သို့သော် ဦးပဉ္ဇင်းတုန်းက အရေးခိုင်း၍ မရေးတတ်လျှင် အရိုက်ခံရမှာ ကြောက်သည်။ ရေးတတ်အောင် ကြည့်ပြီးရေးသည်။ အလွတ်ရေးနိုင်အောင်ပါ လေ့ကျင့်သည်။ ရပြီ။ အလွတ်လည်းဆိုနိုင်ပြီ။ အလွတ်လည်း ရေးနိုင်ပြီ။ ခဏသာကြာသည်။ နာရီဝက်ပင်မရှိ။ အလွန်ဆုံးမှ မိနစ် ၂၀ ခန့်သာရှိမည်။ မြေအောက်ခန်းထဲမှ ပြန်တက်ခဲ့သည်။ ဝရန်တာဆောင်သို့ လာခဲ့သည်။ ဆရာရှိသေးသည်။ သတင်းစာဖတ်နေဆဲ။
“ဆရာ...ကျွန်တော်ရပြီခင်ဗျ...”
ဆရာဦးစံလှိုင် သတင်းစာဖတ်ရင်း မျက်လုံးများကို မျက်မှန်ပေါ်မှကျော်ပြီး လှမ်းကြည့်သည်။ အံ့သြသော အကြည့်။ မယုံကြည်နိုင်သောအကြည့်။
“မြန်လှချည်လား...”
မောင်ငြိမ်းချမ်း ဘာမှပြန်မပြော။ စာအုပ်ကိုင်ပြီးရပ်လျက်။ ဆရာဦးစံလှိုင် လက်ထဲမှသတင်းစာကို ချလိုက်သည်။
“ကဲ...ဖတ်ပြစမ်း...”
မောင်ငြိမ်းချမ်းဖတ်ပြသည်။
“မကြည့်ဘဲနဲ့ ဆိုပြနိုင်မလား...”
မောင်ငြိမ်းချမ်း စာလုံးပေါင်းအလွတ်ဆိုပြသည်။
“ဒါဆို အရေးကျင့်ရမယ်...”
“ကျင့်ခဲ့ပြီးပါပြီ...”
“ဟေ...”
ဆရာက တစ်လုံးချင်းအလွတ်ရေးခိုင်းသည်။ အားလုံးရေးပြနိုင်သည်။
“အင်း...”
ဆရာစဉ်းစားနေသည်။
“ဒီနေ့တော့ ဒီလောက်ပဲတော်ပြီ။ မနက်ဖြန်ခါကျမှ စာအုပ်နဲ့သင်ပေးမယ်...။ သွားတော့...”
စာသင်ချင်သောမောင်ငြိမ်းချမ်းအတွက် ဆရာ တွေ့သွားပြီ။ သို့သော်
“ဒီနေ့အတွက်သင်ပေးတာကလည်း နည်းလိုက်တာ”
ဟု အားမရ။ မလွမ်းရအောင် များများသင်ချင်သည်။ သင်ချင်သမျှသင်ခွင့်ရ နောက်တစ်နေ့တွင် ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းကို “ပရိုင်မာရီဘွတ်ခ်ဝမ်း” အင်္ဂလိပ်စာအုပ်ကလေး တစ်အုပ်ပေးပြီး ထိုစာအုပ်မှ သင်ခန်းစာတစ်ပုဒ်ကို သင်ပေးသည်။ မီးနင်းအသစ်များလည်း ကျက်ရန်ပေးသည်။
မောင်ငြိမ်းချမ်း မြေတိုက်ခန်းသို့ဆင်းပြီးကျင့်သည်။ အားလုံးကိုအလွတ်ရသွားသည်။ ကျောက်သင်ပုန်း၊ ကျောက်တံနှင့် အရေးကျင့်သည်။ အားလုံးကို အလွတ်ရေးနိုင်သည်အထိ လေ့ကျင့်ပြီးမှ ဗလာစာအုပ်တွင် ခဲတံဖြင့်လက်ရေးလှလှရေးသည်။ ဆရာဦးစံလှိုင်ထံ ပြန်သွားသည်။
“မြန်လှချည်လားကွ...ဟုတ်ရောဟုတ်ရဲ့လား...”
ဆရာဦးစံလှိုင်က မယုံချင်။ မောင်ငြိမ်းချမ်း ဘာမှပြန်မပြော။ အစစ်ဆေးခံရန် အသင့်အနေအထားနှင့် ရပ်နေသည်။ ဆရာကဖတ်အပြခိုင်းသည်။ အသံထွက်မှန်မှန်နှင့် ချောမောစွာဖတ်ပြသည်။ မီးနင်းများ ကိုမေးသည်။ အားလုံးအလွတ်ရသည်။ ရေးအပြခိုင်းပြန်သည်။ ဝါကျများရော မီးနင်းများပါ အားလုံး အလွတ်ရေးပြသည်။
“ကဲ...ဒီလောက်တောင်ရှိလှတာ...ငါကပဲ သင်နိုင်သလား၊ မင်းကပဲကျက်နိုင်သလား တွေ့ကြတာ ပေါ့ကွာ...”
ဆရာဦးစံလှိုင်က စိတ်ပါလက်ပါစိန်ခေါ်လိုက်သည်။ ဆရာသင်ပေးသမျှ မောင်ငြိမ်းချမ်း ကျေညက်အောင် ကျက်မှတ်သည်။ မီးနင်းများသာမက စာပိုဒ်များကိုပါ ရအောင်ကျက်သည်။ လက်ရေးလှရေးပြသည်။ မောင်ငြိမ်းချမ်းကျက်မှတ်နိုင်သမျှ ဆရာကတိုးသင်ပေးသည်။
မောင်ငြိမ်းချမ်း လွမ်းချိန်၊ ငိုချိန်မရှိတော့ပါ။ အချိန်ရှိသမျှ ကျက်လိုက်၊ မှတ်လိုက်၊ အရေးကျင့် လိုက်နှင့် စာထဲမှာနစ်မြုပ်နေသည်။ ပရိုင်မာရီဘွတ်ခ်ဝမ်းကို ငါးရက်နှင့်အပြီးသင်သွားသည်။ စာသင်ရင်းမှ ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းကို တူတစ်ယောက်၊ သားတစ်ယောက်လို ချစ်ခင်သွား သည်။
ဆရာဦးစံလှိုင်သည် ခုနစ်တန်းဆရာဖြစ် အောင်ထားသူဖြစ်၏။ သို့သော်အလုပ်မရှိ၍ မိဘမဲ့ကျောင်း ဘော်ဒါအုပ်ဆရာတော် ဦးပဝရထံမှာမှီခိုရင်း အလုပ်လျှောက်ထားသည်ကို စောင့်နေသူဖြစ်သည်။ တစ်ကိုယ်တည်းလူပျိုကြီးမို့ စာသင်ချင်သောဆရာ ဦးစံလှိုင် စာကြိုးစားသော မောင်ငြိမ်းချမ်းကို သံယောဇဉ် ဖြစ်သွားသည်။
မြို့ထဲသွားတိုင်း မောင်ငြိမ်းချမ်းကိုခေါ်သွားသည်။ ထိုအချိန်က ဘီဘီအိုအေ မိဘမဲ့ကျောင်းမှ မြို့ထဲသို့သွားရန် ဘတ်စကားမရှိ။ ရထားလုံး၊ မြင်းလှည်းများ ရှိသော်လည်း မြို့ထဲသို့သွားရန် ဘက်စကားမရှိ။ ရထားလုံး၊ မြင်းလှည်းများရှိသော်လည်း ဈေးကြီး၍မစီးနိုင်။ မောင်ငြိမ်းချမ်းတို့ ဆရာတပည့် လေးမိုင်ခန့်ဝေးသော ဘူတာကြီးအထိ ခြေကျင်လျှောက်ရသည်။ အခြားလူ များစွာတို့လည်း ကိုယ့်လိုပင် ခြေကျင်လျှောက်နေကြသည်။ ဘူတာကြီးရောက်လျှင် မီးရထားလမ်း ခုံးကျော်တံတားပေါ်မှဖြတ်၍ ဈေးချိုအထိ ခြေကျင်ဆက်လျှောက်ရသည်။ ဈေးချိုမှာ ဝယ်စရာရှိ သည်ကိုဝယ်ရသည်။ ဝယ်ပြီးလျှင် ဆရာဦးစံလှိုင်က မောင်ငြိမ်းချမ်းနှင့်အတူ လက်ဖက်ရည် သောက်သည်။
ဆက်လက်ဖော်ပြပါမည်။