
ရတနာပုံ၏နိဒါန်းနှင့်နိဂုံး
အမှတ်စဉ်(၄၄)
ယမန်နေ့မှအဆက်
ဤတွင် ကနောင်မင်းသားထံ ဝင်ရောက်ပူးပေါင်းနေပြီဖြစ်သော ဟံသာဝတီကြောင်းချီ ဗိုလ်ချုပ်ဖြစ်သူကျောက်ပန်းတောင်းမြို့စား ဝန်ကြီးသတိုးသုဓမ္မမဟာမင်းခေါင် ဦးရွှေကြည်နှင့်မုတ္တမကြောင်းချီ ဗိုလ်မှူးစစ်တောင်းမြို့စား ဝန်ကြီး သတိုးမင်းရဲမင်းခေါင် ဦးကျောက်လုံးတို့ကို သူတို့၏နောက်ပါ ဗိုလ်မှူးတပ်သားများကိုပါ အမရပူရမြို့ပြင်၊ လေးမျက်နှာ အရပ်မှနေ၍ လှည့်လည်ပြသ လိုက်ရလေသည်။
ဤတွင်မြို့တွင်းမှခုခံနေသော တပ်သားတို့သည် စိတ်ဓာတ်ပျက်ပြား ကျဆင်းကုန်ကြလေသည်။ မိမိတို့အားထားရာတပ်ကြီးမှ မိမိတို့၏ ဆွေမျိုးသားချင်း ၊ညီရင်းအစ်ကိုတို့မှာ မင်းတုန်းမင်း၊ ကနောင်မင်းတို့ဘက်၌ ဝင်ရောက်အမှုထမ်းနေကြပြီကို သိရသဖြင့် လည်း သူတို့ကိုင်စွဲထားရသော လက်နက်များနှင့်အတူ မြို့ရိုးထိပ်ပေါ်မှ ခုန်ဆင်းချပြီး အပြင်မှဝိုင်းထားသော တပ်တွင်းသို့ ရောက်လာကြလေသည်။ အပြင်တပ်ကလည်း ၎င်းတို့လက်နက်များကိုသိမ်းယူကာ သူတို့သွားလိုရာ သားမယား ဆွေမျိုးများထံ ရောက်အောင် ပို့ပေးလိုက်ကြပြီး၊ အချို့လည်း ကနောင်မင်းတပ်တွင် ဝင်ရောက်အမှုထမ်းကြပြန်လေသည်။
မြို့တွင်းမှခုခံနေသူများသည် အင်အားဆုတ်ယုတ်လျက်ရှိသောကြောင့် စုရုံးမိသမျှတို့ကို ထပ်မံစုရုံးပြီးဆက်လက်ခုခံကြရပြန်သည်။ ထိုခုခံရသူများ အပေါ်တွင် လိုင်မြို့စားမင်းသား သီရိမဟာဓမ္မရာဇာနှင့် မြို့စီးမှူးတော်မတ်တော်တို့အုပ်ချုပ်လျက် အမရပူရမြို့ လေးမျက်နှာမှ ထပ်မံခုခံကြရပြန်သည်။လိုင်မင်းသားသည် မြို့တွင်းမှခုခံရုံမျှမက မြို့ပြင်သို့လည်းထွက်၍တိုက်ခိုက်လေသည်။ လိုင်မြို့စား မင်းသားသည် ဤစစ်ပွဲ၌အစွမ်းကုန်ကိုယ်တိုင်ဦးစီးတိုက်ခိုက်လျက် မြို့ပြင်ဘက်တောင်မျက်နှာ နန္ဒမူတံခါးကထွက်၍ အနောက်တောင်အရပ်မှာပင် သူ၏စုရုံးထားသော တပ်သားတစ်ထောင်ကျော်နှင့် တပ်စွဲထားပြီး ချဉ်းကပ်လာသော ရွှေဘိုတပ် သားများ ကို ခုခံလျက်ရှိနေသည်။
သို့သော် ထိုနေ့နံနက်ပိုင်းမှာတွင် အခြေအနေကတစ်မျိုးပြောင်းလဲခဲ့ရသည်။ ဖြစ်ပုံမှာ ကျောက်မော်မြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူဦးကြာဥသည် ပုဂံမင်းထံပါး၌ အမှုထမ်းလျက်ရှိသော်လည်း အမှန်စင်စစ်က မင်းတုန်းမင်း၊ ကနောင်မင်းတို့ကို စိတ်ညွတ်ယိမ်းပါးနေသူဖြစ်သည်။ ပုဂံမင်းအဖို့ငါ့လူဆိုပေမယ့် သူ့ဘက်သားဖြစ်နေသည်။ စစ်ကိုင်း၌ တပ်စွဲထားသော ကနောင် မင်းသားကြီးနှင့်လည်း အမှာအထားအချိတ်အဆက်ရှိလေသည်။
သို့ကြောင့် ယနေ့နံနက်အဖို့ပုဂံမင်းတရားထံမှ ညီလာခံပွဲလာကြသူ ဝန်ကြီးအတွင်းဝန်များနှင့်အတူ လွှတ်တော်တွင် စုရုံးမိကြ သောအခါကျောက်မော်မြို့စားဝန်ကြီးသည် အလုံအတွင်းကိုယ်ရံတော်များနှင့်တိုင်ပင်စည်းကြပ်ပြီးသားဖြစ်သည့်အတိုင်း လွှတ်တော် မှစုရုံးနေသော ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်များဖြစ်သူ ရေနံချောင်းမြို့စားကျီဝန်ဦးပွား၊ အတွင်းဝန်ဦးပို၊ ဦးပုတ်စည်၊ ဝန်ထောက် ဦးထော်နီ၊ ဦးရွှဲတို့ကိုလည်းကောင်း၊ ဝန်စုရမှူးမတ်မြို့စီးပြစီးအရာရှိအားလုံးတို့ကိုလည်းကောင်း ရုတ်တရက် ချည်နှောင်ဖမ်းဆီး လိုက်ကြလေသည်။
ကျောက်မော်မြို့စားဝန်ကြီးခေါင်းဆောင်သော ကိုယ်ရံတော်တပ်သားများက ယင်းသို့ဝန်ကြီး၊ အတွင်းဝန်တို့ကို ရုတ်တရက် ဖမ်းဆီး ချည်နှောင်လိုက်သဖြင့် နန်းတွင်း၌ ရုတ်ရုတ်သဲသဲရှိနေစဉ်မှာပင် ရွှေမြို့တော်မြောက်ဘက်မျက်နှာက မြို့တံခါးပေါက်သွားပြီ ကနောင် မင်းတပ်မှ ကိုယ်ရံတော်ဗိုလ်မှူးများ၊ တပ်မှူးများ၊ မြို့တွင်းသို့ ပြုံဆင်းဝင်ရောက်လာနိုင်ကြပြီဖြစ်ရာ မြို့တွင်းမှာလည်း ရုတ်ရုတ် သဲသဲအသံများ လွှမ်းနေလေတော့သည်။
မြို့ပြင်တောင်မျက်နှာတွင် ရောက်ရှိနေသူ လိုင်မြို့စားမင်းသားသည် မြို့မြောက်တံခါး ကျိုးပေါက်၍ မြို့တွင်းမှ သဲသဲရုတ်ရုတ် အသံများကြားရသောအခါ သူ၏ရဲမက်စစ်သည်တော်တို့ကို စုရုံး၍နန္ဒမူတံခါးမှ မြို့တွင်းသို့ဝင်ရောက်လာပြီး ဈေးကြီးအနီးသို့ ရောက်သောအခါ ကနောင်မင်းတပ်သားများနှင့် ရင်ဆိုင်၍ အပြိုင်တိုက်ခိုက်ရလေသည်။
သို့သော် လိုင်မြို့စားမင်းသား သီရိမဟာဓမ္မရာဇာသည် ၎င်းင်းတိုက်ပွဲ၌ပင် ကျဆုံးရရှာလေတော့၏။မင်းတုန်းမင်း၊ ကနောင်မင်းတို့ အမရပူရ မြို့တော်မှ ထွက်ခွာသည့်နေ့၊ ၁၂၁၄ ခု ပြာသိုလဆန်း ၈ ရက်၊ခရစ်နှစ် ၁၈၅၂ ခု ဒီဇင်ဘာလ ၁၇ ရက်မှစ၍ ယခုမြို့ တံခါးပေါက်၍အမရပူရမြို့တော်ကိုသိမ်းပိုက်မိသောရက်မှာ ၁၂၁၄ ခု တပေါင်းလဆန်း ၁၁ ရက်၊ ၁၈၅၃ခု ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ နှစ်လကျော်ကျော်ကလေးနှင့် အောင်မြင်ခဲ့ခြင်းဖြစ်လေသည်။
မင်းညီနောင်၏အောင်မြင်မှု
မင်းညီနောင်တို့၏ အောင်မြင်မှုသည် ရက်ပေါင်း ၆၃ ရက်နှင့်အမရပူရမြို့တော်ကို သိမ်းမိရလေသည်။ မင်းတုန်းမင်း၏ ဘုန်းကံပါရမီ နှင့် ညီတော်ကနောင်မင်း၏ လက်ရုံးရည်တို့အပြင် ပါဝင်အမှုထမ်းကြသူများ၏ စိတ်အားထက်သန်မှုများပေါ်တွင် အခြေတည် လေသည်ဟုဆိုရပါမည်။
အမရပူရမြို့တော်ကို သိမ်းပိုက်မိသောအခါ ကနောင်မင်းသားသည် ရတနာသိင်္ဃရွှေဘိုမြို့တွင် စံနေတော်မူသော နောင်တော် မင်းတုန်းမင်းတရားကြီးထံတော်သို့ မြို့ကိုသိမ်းမိ၍ အောင်မြင်မှုပြီးဆုံးကြောင်း သံတော်ဦးတင်လွှာဆက်သရန် စေလွှတ်လိုက် လေသည်။
ကနောင်မင်းသားကြီးသည် အမရပူရမြို့သို့ရောက်သောအခါ မြို့၏မြောက်မျက်နှာရှိ ရွှေနန်းတော်တွင် တစ်ညဉ့်စံနေတော်မူပြီး နောက် လွှတ်တော်သို့ ပြောင်းလွဲစံနေတော်မူလေသည်။ ထိုမှနေ၍အုပ်ချုပ်မှုများကို စတင်လေသည်။ မြို့တော် တစ်ဆယ့်နှစ်ရပ် သောတံခါး၊ ရွှေနန်းတော်ဝင်းလေးမျက်နှာတံခါးနှင့် တံခါးနီတော်များတွင် မိမိပါတပ်တော်များ၊ ဗိုလ်များ၊ ရဲမက် အမှုထမ်းများ တို့ကို အသီးသီး အမှုထမ်းပေးအပ်၍ အစောင့်အနေခန့်ထားတော်မူလိုက်သည်။
ယခင်က မသင့်မတင့်ကြံစည်ခဲ့သူ ပုဏ္ဏားဝန်အစရှိသူနှင့် တပ်မှူး၊ ဗိုလ်မှူး၊ မင်းညီမင်းသား၊ မင်းမှုထမ်းများကို စစ်ဆေးရွေးချယ်၍ အပြစ်အလျောက် သန့်ရှင်းစီရင်တော်မူလေသည်။ရွှေနန်းတော်အတွင်းရှိ ဓား၊ လှံ၊ သေနတ်၊ လက်နက်ကိရိယာများကိုလည်း သလုံးဝန်ကြီးနှင့် ကျောက်မော်မြို့စားဝန်ကြီးတို့၏ လွှတ်တော်က ကြီးကြပ်သိမ်းယူရလေသည်။
ဘုရင်ဆောင်းသောမကိုဋ်သုံးဆူနှင့် သင်းကျစ်တော်မှစ၍ မင်းမြှောက်တန်ဆာငါးပါးကိုလည်း လွှတ်တော်သို့ထုတ်၍ ရတနာသိင်္ဃ ရွှေဘိုမြို့ နောင်တော်မင်းတုန်းမင်းတရားကြီးထံတော်သို့ တပ်ဝင်းအခင်းအကျင်းများနှင့်ကြီးကျယ်ခမ်းနားစွာ ဆောင်ယူ ဆက်သစေ သည်။
ဆက်လက်ဖော်ပြပါမည်။