ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး
နေပြည်တော်၊ စက်တင်ဘာ - ၁၅
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိုင်းဖြတ်မြို့၊ တာလေမြို့နှင့် မိုင်းတုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ခရိုင်ပြည်သူ့ဆေးရုံနှင့် အရာတော်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ မကွေးသင်ကြားရေးဆေးရုံနှင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပဲခူးမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဆွာမြို့တိုက်နယ်ပြည်သူ့ဆေးရုံများ၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံ တပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်း များကို ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။