ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပြည်၊ လူမှုရေး

ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြည်မြို့အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းသို့ရောက်ရှိပြီး ပြည်မြို့ အခြေခံပညာစာသင်ကျောင်းများအတွက် စာသင်ခုံ အစုံ ၄၀၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ကျောင်း အတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ ဇီးအုပ်စခန်း နွေစပါးစိုက်ပျိုးရေရရှိရေး ဆိုလာ စနစ်အသုံးပြု၍ စမ်းသပ် ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီး ခရိုင်တစ်ခုချင်းအလိုက် Mobile Solar Pump System သုံးစုံဝယ်ယူနိုင်ရေးစီစဉ်ပေးကာ မိုးစပါး စံကွက် ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ သွားရောက်၍ ဒုတိယ ပါမောက္ခချုပ်   ဆရာမကြီး   ဒေါက်တာယုဇနက ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြ သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်အတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ ပေးအပ် သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းသို့ သွားရောက်ပြီး သင်တန်း ကျောင်းအတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ စာကြည့်ခန်း Aircon တပ်ဆင်ရန် ငွေကျပ် ၁၀ သိန်း၊  သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား ငါးလစာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်ထောက်ကူပြုခန်းမနှင့် စာကြည့်တိုက် များသို့ လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။    

(၄၀၁)