ပြင်ဦးလွင်မြို့နယ်ရှိ တောင်စောင်းနေရာများ၌ နာနတ်စိုက်ခင်းများ မြေသြဇာလေလွင့်မှု နည်းပါးစေရန် ထိန်းသိမ်းမှုများပြုလုပ်

ပြင်ဦးလွင်မြို့နယ်ရှိ တောင်စောင်းနေရာများ၌ နာနတ်စိုက်ခင်းများ မြေသြဇာလေလွင့်မှု နည်းပါးစေရန် ထိန်းသိမ်းမှုများပြုလုပ်

ပြင်ဦးလွင်၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ တောင်စောင်းနေရာများ၌ နာနတ်စိုက်ခင်းများ မြေသြဇာလေလွှင့်မှုနည်းပါးစေရန်    ထိန်းသိမ်းမှုများပြုလုပ်နေကြကြောင်း  ပြင်ဦးလွင်မြို့နယ်ရှိ နာနတ်သီးစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

“ဒီအချိန်ကတော့ မြေသြဇာကျွေး၊ စိုက်ခင်းသန့်ရှင်းရေးလုပ်၊ ပြုပြင်ထိန်းသိမ်းရေးလုပ်တဲ့ကာလပါ။ မိုးတအားများခဲ့တာနဲ့   လက်ရှိ ဖြစ်ပေါ်နေတဲ့  ရာသီဥတု အခြေအနေပေါ်မူတည်ပြီးတော့ တောင်စောင်းနေရာတွေမှာ နာနတ်သီးစိုက်ပျိုးရေးလုပ်ကိုင်တဲ့သူတွေက ကိုယ်ထည့်သွင်း လိုက်တဲ့မြေသြဇာတွေ လေလွင့်ဆုံးရှုံးမှုနည်းအောင် ဂရုစိုက်ထိန်းသိမ်းပေးတဲ့အလုပ်ကို အဓိက လုပ်ဆောင် နေကြရပါတယ်” ဟု ပြင်ဦးလွင်မြို့နယ်  ဆင်လမ်း ကျေးရွာရှိ အော်ဂဲနစ်နာနတ် စီးပွားဖြစ်စိုက်ပျိုးသူ ဦးထွန်းထွန်းညွန့်ကပြောသည်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်အနီးတစ်ဝိုက်ရှိ နာနတ်စိုက်ပျိုးသူများမှာ ဧပြီနှင့် မေလတို့တွင် စတင်စိုက်ပျိုး လေ့ရှိ ကြပြီး   ဇွန်၊  ဇူလိုင်နှင့် သြဂုတ်လတို့တွင်  အသီးစတင်ခူးဆွတ်ကြသည်။

“ဒီနှစ် မိုးဦးလည်းစောသွားတယ်။ မိုးလယ်လည်းကောင်းတယ်။ မိုးနှောင်းကျတော့ မုတ်သုံက ထွက်သွားတာကြာနေပြီ၊ ကျွန်တော်တို့ ဒေသဘက်က မိုးရွာနေတုန်းပဲဆိုတော့ ထည့်ထားတဲ့မြေသြဇာတွေ ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းမှုတွေပြုလုပ်ရတယ်”ဟု ဦးထွန်း ထွန်းညွန့်ကပြောသည်။

နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၌ အများဆုံးစိုက်ပျိုးပြီး မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊  မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အနီးတစ်ဝိုက်တို့၌လည်း စိုက်ပျိုးကြောင်း သိရသည်။              

နန်းထက်ထက်ချစ်