မင်းဘူး၊ စိုက်ပျိုးစီးပွား
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ် ကျောက်တန်းကျေးရွာမှ ပန်းစိုက် တောင်သူများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အပြင် ဂန္ဓမာပန်းများကို တစ်နိုင် တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ပန်းစိုက် တောင်သူများ ၏ ပြောပြချက်အရ သိရသည်။
ထိုသို့ ဂန္ဓာမာပန်းများစိုက်ပျိုးရာတွင် ရွှေဝါဝင်း၊ လပ်ကီး၊ ရွှေစိမ်း၊ ငုရွှေဝါစသော ပန်းအမျိုးအစားပေါင်းများစွာ ရှိသော်လည်း ရွှေဝါဝင်းပန်း တစ်မျိုးတည်းကိုသာ ရွေးချယ်၍ မြေအောက်ရေအသုံးပြုကာ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားခြင်းဖြစ်ပြီး ပိုးကျသည့် အခြေအနေပေါ်မူတည်၍ ပိုးမွှား ကာကွယ်ဆေးများ ပက်ဖျန်းပေးရကြောင်း သိရသည်။
ကျောက်တန်းကျေးရွာမှ ထွက်ရှိသောပန်းများကို မကွေးမြို့မဈေးနှင့် မင်းဘူးဈေးတို့သို့ တင်ပို့ရောင်းချသည့်အပြင် ပန်းဝယ်လိုသူ များက စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူမှုများလည်းရှိသည်။ ပြီးခဲ့သည့်နှစ်က ၁၁ ပင်ပါ ပန်းတစ်စည်းလျှင် ငွေကျပ် ၁၀၀၀ ကျော်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် တစ်စည်းလျှင် ငွေကျပ် ၇၀၀ ဖြင့်သာ ရောင်းချရသော်လည်း နေ့စဉ်ရောင်းချနေရသော ကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်း ကျေးရွာမှ ဂန္ဓမာပန်းစိုက်ပျိုးရောင်းချနေ သူတစ်ဦးကပြောသည်။
ကျောက်တန်းကျေးရွာသည် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြသော ကျေးရွာဖြစ်ပြီး ဂန္ဓမာပန်းအပြင် ငှက်ပျော၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ပဲကြီးနှင့် တခြားဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)