ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး CHID Bank အထူးအထွေထွေ အစည်းအဝေးနှင့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးသို့ တက်ရောက်
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်(အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်)အထူးအထွေထွေအစည်းအဝေးနှင့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်)၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် နာယက ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဘဏ္ဍာရေး အထောက်အကူ ဝန်ဆောင်မှုပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှအပ ဘဏ်ခွဲ ၁၈ ခုအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်ရှိသည့် ပြည်နယ်နှစ်ခုတွင် ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ CHID ဘဏ်အနေဖြင့် ဆောက်လုပ်ရေး ချေးငွေနှင့် ကူးသန်းရောင်း ဝယ်ရေးချေးငွေများကို နှစ်စဉ်တိုးတက် ထုတ်ချေးပေးလျက် ရှိသည့်အပြင် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ တည်ဆောက်ရေး ချေးငွေစုစုပေါင်း ၅၁ ရာခိုင်နှုန်းနှင့် အိမ်ရာဝယ်ယူရေးချေးငွေ ၂၅ ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း။
နှစ်စဉ်နိုင်ငံတော် ဘတ်ဂျက်ပါ ခွင့်ပြုငွေများဖြင့် ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များမှ တင်ဒါအောင်မြင်သော ဆောက်လုပ်ရေး ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများတွင် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန် ဘဏ္ဍာနှစ်ပြီးစီးရန် လိုအပ်နေသည့် ငွေကြေးများအား ထုတ်ချေးနိုင်ခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီနှင့် လုပ်ငန်းရှင် ၆၆၈ ဦးကို ချေးငွေကျပ် ၉၇ ဘီလီယံအထိ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ ယခုချိန်အထိ အိမ်ရာချေးငွေ ရယူသူ ၆ဝ၆၇ ဦးကို ချေးငွေပမာဏ ငွေကျပ် ၇၁ ဘီလီယံ ဘဏ္ဍာငွေကြေး ထောက်ပံ့ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊
ဘဏ်လုပ်ငန်းများ တိုးတက်ဆောင်ရွက် လာနိုင်သည်နှင့်အမျှ နိုင်ငံတော်သို့ ဝင်ငွေခွန်များကို ၂ဝ၁၄ - ၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ်တိုးမြှင့် ပေးဆောင်လာခဲ့ရာ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ငွေကျပ် ၁၈ ဘီလီယံကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ပါကြောင်း။
ဘဏ်၏ Mission ဖြစ်သည့် ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်သည့် ဘဏ်တစ်ခုဖြစ်ကြောင်း၊ ပြည်သူများ ကိုယ်တိုင် စိတ်ချယုံကြည် အားကိုးရသည့် ဘဏ်ကြီးအဖြစ် ဆက်လက်တည်တံ့ ခိုင်မာလာစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုဖြင့် BOD အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်များ၊ ဘဏ်ဝန်ထမ်းများအားလုံး ပူးပေါင်းကာ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်က ဘဏ်၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒပိုင်းဆိုင်ရာများ၊ ဘဏ်လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဘဏ် ဒုတိယဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂)တို့က ဘဏ်လုပ်ငန်းပိုင်း ဆိုင်ရာနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး ဦးဝင်းဇော်က ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (Constitution)ကို တင်ပြအတည်ပြုချက် ရယူသည်။
ထို့နောက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်စာရင်းများနှင့် အမြတ်ဝေစုခွဲဝေမှုများကို တင်ပြအတည်ပြုချက် ရယူခြင်း၊ စာရင်းစစ် အစီရင်ခံစာတင်ပြ အတည်ပြုချက်ရယူခြင်း၊ ဒါရိုက်တာအဖွဲ့ဝင် သုံးပုံတစ်ပုံ နုတ်ထွက်ခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ သက်တမ်းသုံးနှစ် မပြည့်သည့် နုတ်ထွက်သော ဒါရိုက်တာများအား ပြန်လည်ခန့်အပ်ခြင်း၊ ၂ဝ၂၁ - ၂ဝ၂၂ ခုနှစ်အတွက် အစိုးရခန့် ဒါရိုက်တာများ၊ ရွေးချယ်ခံရသော ဒါရိုက်တာများနှင့် အမှုဆောင်မဟုတ်သော လွတ်လပ်သော ဒါရိုက်တာအဖွဲ့ဝင် အမည်စာရင်း ကြေညာခြင်းနှင့် အတည်ပြုချက် ရယူခြင်း၊ ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ်ခန့်ထားခြင်းနှင့် အခကြေးငွေ သတ်မှတ်ခြင်း၊ Chief Executive Officer က အစုရှယ်ယာရှင်များမှ ကြိုတင်ပေးပို့ထားသော မေးခွန်းများအား ဖြေကြားခြင်း တို့ကို ဆက်လက် ဆောင်ရွက်ကြောင်း သိရသည်။