မင်းပြားမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့်ထောက်ပံ့

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်ငါးမျိုး ဝယ်ယူရန် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်ငါးမျိုးဝယ်ယူရန်အတွက် မင်းပြားမြို့နယ် နဂရာကျေးရွာအုပ်စု ကျွန်းတောရွှေဖောင်တောဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၇၂ စု၊ ပန်းမြောင်းအုပ်စု ရွာသစ် ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၅၀၊ နရမ်းအုပ်စု နရမ်းရွာကြီးဓမ္မာရုံရှိ အိမ်ထောင်စု ၅၇ စု၊ နရမ်း အုပ်စုဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ခုနစ်စု၊ အလယ်ပိုင်းရပ်ကွက် ပုညရာမဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၄၇ စု၊ စမ္ဘလေအုပ်စု သေကန်ဘုန်းတော်ကြီး ကျောင်းရှိ အိမ်ထောင်စု ၃၁၂ စု၊ စမ္ဘလေအုပ်စု အမ်းသားဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၉၂ စု၊ သူဌေးကုန်းဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၅၈ စု၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ  အိမ်ထောင်စု ၃၂ စု၊ အိုင်ဝန်းကျေးရွာအုပ်စု အိုင်ဝန်းကျေးရွာရှိ အိမ်ထောင်စုခြောက်စု၊ မြို့သစ်ရပ်ကွက် ဓညဝတီကျောင်းတိုက်ရှိ အိမ်ထောင်စု ၆၃ စု၊  မြို့သစ်ရပ်ကွက် မြရတနာကျောင်းတိုက်ရှိ အိမ်ထောင်စုသုံးစု၊ ထိန်ပင်အုပ်စု ရွှေကျန်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု ၃၈ စု၊ မင်းဇီအုပ်စု ဝါးတောင်ကျေးရွာရှိ အိမ်ထောင်စု ၇၈ စု စုစုပေါင်း ယာယီတိုက်ပွဲရှောင်စုရပ် ၁၄ ခုရှိ အိမ်ထောင်စု ၉၁၅ စုတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် ၃၆၆၀၀၀၀၀ ကို မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့တွင် မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်းပြားမြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင် ဌာန ဆိုင်ရာများနှင့်အတူ တိုက်ပွဲရှောင်စခန်းအသီးသီးသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ခဲ့သည်။

ထို့ပြင် ထောက်ပံ့ရန်ကျန်ရှိသည့် စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်တို့ရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူများအား ထောက်ပံ့ကူညီမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)