ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၀ ကျော် ဝင်ရောက်ထားပြီး

ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလမှ   စက်တင်ဘာ ပထမပတ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၀ ကျော်ဝင်ရောက် ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၏ ပြောကြားချက်အရ သိရသည်။ ယင်းလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများအား လိုက်နာခြင်းကို အခြေခံ၍ စိစစ်ကာ စက်တင်ဘာပထမပတ်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂၄ ခုအား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲမှာ စက်မှုကဏ္ဍကို အများဆုံးလုပ်ကိုင်နေ တာပါ။ ခွင့်ပြုခဲ့တဲ့လုပ်ငန်း ၁၂၄ခုကနေ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ်၁၅၀၆၀၀၈ ဒသမ ၄၁ သန်းရရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေထဲက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခဲ့ရာမှာ ငွေကျပ် ၁၈၅၁၀၉၇ ဒသမ ၈၃၂ သန်း ထပ်မံစီးဝင်ခဲ့ပါတယ်”ဟု ဦးသန့်စင်လွင်ကပြောသည်။ လက်ရှိတွင်    ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၌ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် တခြားကဏ္ဍတို့မှ ဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လုပ်ငန်း၏စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေခွန်နှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေးတာဝန်ယူမှု စသည့်အချက်များကို   စိစစ်လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကို