နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း

အခု ကျွန်မအနေနဲ့ ပြည်သူပြည်သားများကို COVID-19 ရောဂါအခြေအနေကို တင်ပြချင်ပါတယ်။ ဒီနေ့ဆိုရင် ဓာတ်ခွဲအတည်ပြုလူနာ ၃၂၉၉ ယောက်ရှိသွားပါပြီ။ သေဆုံး သွားသူက ၃၃ ယောက်ရှိသွားပါပြီ။ သေဆုံးသွားသူအများစုကတော့ ဆီးချိုတို့ သွေးတိုးတို့   နှလုံးရောဂါတို့ ကျောက်ကပ်ရောဂါတို့ အခြေခံရှိတဲ့ ပြည်သူတွေဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်မဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံရှာဖို့လည်း မဟုတ်ပါဘူး။   အားလုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ ရသွားပြီလို့ ကျွန်မတို့ ပြောနိုင်ပါတယ်။ အဲဒါကလည်း ပူးပေါင်းဆောင်ရွက်မှု ကြောင့်ပါပဲ။ ပူးပေါင်းဆောင်ရွက်မှုဆိုတာဟာ ပြည်ထောင်စု အစိုးရနဲ့ပြည်နယ်အစိုးရ အကြားမှာ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်နယ်အစိုးရနဲ့ ပြည်သူ လူထုအကြားမှာ ပူးပေါင်း ဆောင်ရွက်မှု၊ အားလုံးကနေ ပူးပေါင်းဆောင်ရွက်ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို  လိုက်နာမယ်ဆိုရင် ကျွန်မတို့ဘာမှစိတ်ပူစရာအကြောင်း မရှိပါဘူး။ ဖြစ်တာတော့ ဖြစ်ပြီးပြီ။ ကုက္ကုစ္စပွားနေလို့လည်း ဘာမှမထူးပါဘူး။ အခု ရန်ကုန်မှာ အများဆုံးဖြစ်နေတယ်ဆိုတာ ကိုလည်း ပြည်သူပြည်သားတွေ အားလုံးသိပြီးသားဖြစ်မှာပါ။ ရန်ကုန်မှာ အများဆုံးဖြစ် ရတယ် ဆိုတာက ရန်ကုန်က လူဦးရေလည်း ထူထပ်တယ်။ အသွားအလာ လည်းများတယ်။  အဝင်အထွက်လည်းများတယ်။ အဝင်အထွက်ဆိုတာက ပြည်ပကရော၊ ပြည်တွင်းကရော အဲဒီတော့ နည်းနည်းလည်း စည်းကမ်းလိုက်နာမှုက အားနည်းချက်လေးတွေ ရှိခဲ့တယ်လို့ ပြောရမှာပါ။ အဖြစ်ကိုတော့ အဖြစ်တိုင်း ရင်ဆိုင်မှဖြစ်ပါလိမ့်မယ်။ အခုကနေစပြီးတော့  အားလုံးကနေ တိတိကျကျ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ရန်ကုန်မှာလည်း အခြေအနေကို မကြာခင်ကာလမှာ ထိန်းချုပ် သွားနိုင်မှာပါ။ အခုဆိုရင် တစ်ယောက်နဲ့တစ်ယောက် ကူးစက်နေတာက မိသားစုဝင် အတွင်းမှာ ကူးစက်တာတွေ တော်တော်များပါတယ်။ အဲဒါလည်း သတိပြုစေချင်ပါတယ်။ သေဆုံးတဲ့ အထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေပါပါတယ်။ အဲဒီတော့ လူငယ်များဟာ ခံနိုင်ရည်ရှိတာကြောင့်မို့လို့ တစ်ခါတလေရောဂါလက္ခဏာမပြပါဘူး။ ၇၀ ရာခိုင်နှုန်းလောက်က ရောဂါရှိနေတဲ့ သူတွေက ရောဂါလက္ခဏာမပြပါဘူး။ အဲဒါကိုက တစ်နည်းအားဖြင့် အန္တရာယ်တစ်ခုပါပဲ။ ရောဂါလက္ခဏာမပြတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ရောဂါရှိတယ်လို့မထင်ဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ဆီကနေ  ကူးသွား နိုင်ပါတယ်။ အဲဒီတော့ အဲဒီထဲမှာဆိုရင် သက်ကြီးရွယ်အိုတွေရှိနိုင်တယ်။ ရောဂါအခံရှိတဲ့ သူတွေရှိနိုင်တယ်။ ဒါကြောင့်မို့ ကိုယ်တစ်ယောက်က နည်းနည်းစည်းကမ်းလိုက်နာမှုမှာ   အားနည်းတယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင် အတွက် အများကြီးအန္တရာယ်ဖြစ်နိုင်ပါတယ်။   ဒါကြောင့်အားလုံး တစ်ယောက်ချင်းတစ်ယောက်ချင်းအတွက် ဂရုစိုက်ကြပါ။ ကျွန်မစဉ်းစား မိတယ်။ တကယ်ဆိုရင် တစ်ယောက်ချင်း တစ်ယောက်ချင်းက ကိုယ့်ကျန်းမာရေး အတွက်ပဲ ဂရုစိုက်မယ်ပေါ့နော် ဒါသိတတ်တဲ့ အရွယ်ရောက်သူတိုင်းကို ဆိုလိုတာပါ။ ကလေးသူငယ် သေးသေးလေးတွေကိုဆိုလိုတာ မဟုတ်ပါဘူး။

သိတတ်တဲ့အရွယ်ရောက်သူတိုင်းဟာ ကိုယ့်ကျန်းမာရေးတစ်ခုတည်းအတွက် သတိပြုမယ် ဆိုရင်တောင်မှ လုံလောက်နေပြီ။ တစ်ယောက်ချင်းတစ်ယောက်ချင်းဟာ ကိုယ့်ကျန်းမာရေး အတွက်ပဲ ဂရုစိုက်သွားမယ်။ ကိုယ်မကူးဘူးဆိုရင် ကိုယ့်ဆီကလည်း သူများဆီ ကူးစရာ အကြောင်းမရှိဘူး။ ကျန်တဲ့ကိစ္စကို ကျွန်မတို့နိုင်ငံတော်က တာဝန်ယူနိုင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ဝန်ထမ်းတွေလည်း တော်တော်ပင်ပန်းပါပြီ။ တော်တော်ပင်ပန်းပါပြီဆိုတာဟာ အထူးသဖြင့် ကျန်းမာရေးဘက်က ဝန်ထမ်းတွေဖြစ်ပါတယ်။ သို့သော်လည်း ပင်ပန်းပါတယ်လို့ ငြီးငြူတာတွေကိုတော့ ကျွန်မ မကြားရပါဘူး။ ပင်ပန်းမှာပဲလို့ ကျွန်မတို့ ခန့်မှန်းနိုင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကြားထဲမှာရော၊ တခြားဝန်ထမ်းတွေ ကြားထဲမှာရော ရောဂါပြန့်ပွားလာတာ အတိုင်းအတာတစ်ခုထိ ရှိပါတယ်။ နောက်ပြီးတော့  ကျွန်မတို့ရဲ့စေတနာ့ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီနေတာ ကျွန်မတို့ရဲ့ အားသာချက်တစ်ခုက ဒါပါပဲ။ ကျွန်မတို့ပြည်သူတွေက တကယ်အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ကြပါတယ်။ ဒီအကူအညီတွေအတွက်လည်း ကျွန်မတို့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ထပ်လည်း ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မတို့ စေတနာ့ ဝန်ထမ်းတွေ၊ ပညာရှင်တွေ နိုင်ငံတော်အစိုးရရဲ့ လုံးပန်းမှုတွေကိုဝိုင်းဝန်းကူညီပေးကြပါ။ အားလုံးက ဝိုင်းဝန်းလုပ်မယ်ဆိုရင်   အောင်မြင်မှာပါဆိုတာ ကျွန်မဒီကနေပြောချင်ပါတယ်။ ကျွန်မတို့ဝန်ထမ်းတွေအကြောင်း ပြောရင်းနဲ့ နေပြည်တော်အကြောင်း ပြောချင်ပါတယ်။ နေပြည်တော်မှာလည်း ကိုဗစ်ရောဂါ စွဲကပ်တဲ့သူ အခုဆိုရင် ၄၀ ကျော်သွားပြီလို့ ကျွန်မနားလည်ပါတယ်။ ဒီဟာကလည်း နေပြည်တော်နဲ့ ရန်ကုန်ကြားမှာ အဆက်အစပ် ကလည်း အင်မတန်မှများပါတယ်။ နေပြည်တော်ကတော့ အစိုးရရုံးစိုက်တဲ့ နေရာဖြစ်တဲ့အခါ ကျတော့ ရန်ကုန်ကရော တစ်တိုင်းပြည်လုံးကပါလာကြပါတယ်။ အထူးသဖြင့် ရန်ကုန်က များတာပေါ့။ သံတမန်လောက၊ နိုင်ငံတကာအသိုင်းအဝိုင်းလောက၊ စီးပွားရေးလောက အသီးသီးဟာ  ရန်ကုန်ကနေ  နေပြည်တော်ကို အဝင်အထွက် အင်မတန်မှ များပါတယ်။ ဒီလိုများတဲ့အခါကျတော့ ရန်ကုန်မှာ ကိုဗစ်ရောဂါ ပြန့်ပွားတယ်ဆိုတဲ့ အချိန်မှာ နေပြည်တော်မှာ ပြန့်ပွားတယ်ဆိုတာကလည်း ဘာမှထူးထူးခြားခြား အံ့သြစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့  အခုဆိုရင် သေသေချာချာ အစိုးရယန္တရားလည်ပတ်မှုကို မထိခိုက်အောင် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး လုပ်ကိုင်နေပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကျွန်မတို့ ဒီကဝန်ထမ်းတွေမှာဆိုရင် နှစ်ပတ်တက် နှစ်ပတ်အိမ်ကနေအလုပ်လုပ်၊ နှစ်ပတ်ရုံးတက် အလုပ်လုပ်၊ နှစ်ပတ်အိမ်နေအလုပ်လုပ်ဆိုပြီး နှစ်ပတ် နှစ်ပတ်သတ်မှတ် ရတာကလည်း အကယ်၍ ကိုဗစ်ရောဂါ ဝင်ခဲ့ပြီဆိုရင် နှစ်ပတ်အတွင်းမှာ သိရှိနိုင်တဲ့ အခြေအနေရှိလို့ပါ။ ဒါကိုလည်း ကျွန်မတို့ပြည်သူတွေ သိရှိပြီးသားဖြစ်မှာပါ။

ဒီတော့ကျွန်မတို့ဟာ အဘက်ဘက်မှာ သင့်တော်မယ်ထင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပါတယ်။ ချမှတ်တဲ့အခါကျရင် ကျွန်မတို့စည်းမျဉ်းစည်းကမ်းကို လိုက်နာတဲ့အခါမှာ တိကျဖို့က အရေးကြီးတာပါ။ တင်းကျပ်ဖို့လည်းမဟုတ်ပါဘူး။ တိကျဖို့ကအရေးကြီးတာပါ။ တချို့နေရာတွေမှာဆိုရင် အစိုးရိမ်လွန်ပြီးတော့ စည်းမျဉ်းစည်းကမ်းဘောင်တွေကို ကျော်ပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်တာတွေဟာ တကယ်တော့ ရေရှည်မှာအကျိုး မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေရထိုင်ရတာ ကျပ်တည်းလာရင် ပြည်သူတွေဟာ ဒီလိုဘောင်အတွင်းမှာ ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နံပါတ်တစ်အားဖြင့် သေသေချာချာလေ့လာပါ။ ဒါတွေဟာ သတင်းစာတွေထဲမှာလည်း ပါပါတယ်။ ရုပ်မြင်သံကြားကလည်း  လွှင့်နေပါတယ်။ တစ်ချိန်လုံး ပြည်သူတွေ သိအောင်လို့ အသိပေးနေပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လေ့လာပါ။ လေ့လာပြီးတော့ တိတိကျကျလိုက်နာပါ။ ဒါဟာအုပ်ချုပ်ရေး ပိုင်းဆိုင်ရာအတွက်လည်း အထူးအရေးကြီးပါတယ်။ စောစောက ပြောသလိုပဲ ဝန်ထမ်းတွေ ဟာ ရှေ့တန်းကနေ လုပ်ဆောင်နေတာကိုလည်း ကျေးဇူးတင်တယ်ဆိုတာပြောချင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကလည်း ဝန်ထမ်းတွေလုပ်ပေးတာကို အသိအမှတ်ပြုစေချင်ပါတယ်။ ဘာလို့လဲဆိုရင် အကောင်းလုပ်ရင် ကောင်းတာလုပ်တာကို အသိအမှတ်ပြုမှပိုပြီးတော့လည်း ကောင်းကောင်းလုပ်ချင်ပါတယ်။ ဒီအချိန်မှာဆိုရင် တစ်ယောက်ကို တစ်ယောက်အားပေးဖို့ အားဖြစ်ပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စောစောကပြောတာက ကုက္ကုစ္စလည်းမပွားပါနဲ့၊ တရားခံလည်းမရှာပါနဲ့၊ ဘယ်သူ့ကြောင့်ဖြစ်တယ်ဆိုတာ စဉ်းစားစရာမဟုတ်ပါဘူး။ ဖြစ်ပြီးရင် ဒါကိုဘယ်လိုအကောင်းဆုံး ထိန်းမလဲဆိုတာကိုသာ အာရုံစိုက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ ဆိုတာဒါတစ်ခုပဲ ကျွန်မတောင်းဆိုတာပါ။ကျန်တာဆိုရင် ဘာမှလုပ်ရမယ်လို့ ကျွန်မတို့ ထူးထူးထွေထွေမပြောပါဘူး။ စေတနာရှင်တွေဝိုင်းဝန်းပြီးတော့ ကူညီပေးတာကိုကျွန်မတို့ ဖိတ်ခေါ်တယ်။ ကျေးဇူးတင်တယ်။ နောက်ပြီးတော့ ကျွန်မတို့အနေနဲ့ အင်မတန်မှ တန်ဖိုးထားပါတယ်။ စောစောက ပြောသလိုပဲ တစ်ယောက်ချင်း တစ်ယောက်ချင်း စည်းကမ်းလိုက်နာမယ်ဆိုရင် ကျွန်မတို့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီတော့ အခုချိန် မှာလည်း စိုးရိမ်မလွန်ပါနဲ့။ ကျွန်မတို့ ရန်ကုန်မှစပြီးတော့ ရောဂါပြန့်ပွားတဲ့အချိန်ကို သတ်မှတ်လိုက်မယ်ဆိုရင် သြဂုတ်လ နောက်ပိုင်း အပတ်ပါ။ ဒီသြဂုတ်လနောက် ပိုင်းအပတ်မှာစပြီး ပြန့်ပွားလာတယ်။ စပြီးပြန့်ပွားလာတယ်ဆိုတာကို စက်တင်ဘာလ အစောပိုင်းမှာ၊ လဆန်းပိုင်းမှာဆိုရင် အများပြည်သူက သိလာပြီ။ သိလာတဲ့အချိန်မှာတော့ ပိုပြီးတော့ သတိထားလာပြီ။ အခုဆိုရင် တတိယပတ်ထဲကိုဝင်လာပြီ။ တတိယပတ်ထဲကို ဝင်လာပြီဆိုတော့ ဒီအချိန်မှာ ကျွန်မတို့ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားတယ်ဆိုရင် နောက်တစ်ပတ်နှစ်ပတ် အတွင်းမှာ အကျိုးဆက်ဟာပေါ်လာမှာပါ။ ဘယ်သူမှတော့ အကန့်အသတ်ကြားထဲမှာမနေချင်ဘူး။ ဒါပေမဲ့ ဒီကန့်သတ်မှုတွေဟာ ရေရှည်မှာ မြန်မြန်ဆန်ဆန် ဒီအခြေအနေကနေပြီးတော့ ကျွန်မတို့ ရုန်းထွက်နိုင်အောင်လို့ သေသေချာချာသတိထားပြီးတော့ အားလုံးကနေပြီး ပူးပေါင်းဆောင်ရွက်ပေးစေချင်ပါတယ်။

နိုင်ငံတော်ကနေပြီးတော့ လုပ်ပေးသင့်တာတွေအားလုံး ကျွန်မတို့လုပ်ပေးမှာပါ။ ကျွန်မတို့က ဆေးဝါးပစ္စည်းတွေလည်း လုံလုံလောက်လောက်ရှိအောင် လုပ်ပေးပါမယ်။ အခုဆိုရင် လူနာတွေကိုကုသဖို့နေရာ လုံလုံလောက်လောက်ရှိအောင် ကုသရေးဌာနတွေ လုံလုံလောက်လောက် ရှိအောင်လုပ်ပေးနေပါတယ်။ Quarantine နေရာတွေ လုံလုံလောက်လောက် ရှိအောင်လို့လည်း လုပ်ပေးနေပါတယ်။ ဒီ Quarantine နေရာတွေ မှာလည်း ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေကနေပြီးတော့ အားဖြည့်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ တချို့စေတနာ့ဝန်ထမ်းတွေလည်း ရောဂါကူးစက်တာလည်းရှိပါတယ်။ နောက်ပိုင်း နည်းနည်းပင်ပန်းလို့ နားချင်တာတွေလည်းရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေကနေ ဝိုင်းဝန်းပြီးတော့ လိုအပ်တဲ့ နေရာတွေမှာ ဖြည့်ဆည်းပေးမယ်လို့ ကျွန်မယုံကြည်ပါတယ်။ မျှော်လင့်ပါတယ်။ ဒါကိုလည်း ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

အားလုံးခြုံငုံပြောရမယ်ဆိုရင် ဒါဟာ ပြည်သူကိုအခြေအနေသိအောင်လို့ တင်ပြတာပါ။ အခြေအနေကိုလည်း အများပြည်သူကသိပြီးသားပါ။ သတိပေးတဲ့သဘောပါ။ထပ်မံပြီးတော့ အလေးထားဖို့အတွက် သတိပေးတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်မတို့ အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျော်လွှားနိုင်မယ်ဆိုရင် နောင် ဒီနိုင်ငံမှာ ဘယ်လို စိန်ခေါ်မှုပဲဖြစ်ဖြစ် ငါတို့ဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့က ဆက်ပြီးတော့ အောင်ပွဲတွေခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူပြည်သားအပေါင်းပူးပေါင်းပြီးတော့ အဓိကအားဖြင့် ရန်ကုန်မှာပြန့်ပွား နေတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် ဆောင်ရွက်ပေးကြပါ။ အားလုံးဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ဒီပြဿနာကိုဖြေရှင်းနိုင်မယ်၊ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။ နေမကောင်းတဲ့သူတွေလည်း အမြန်ဆုံး ကျန်းမာကြပါစေ။