ပင်လယ်ပြင်မှ ဝင်ရောက်လာသည့် ငါး ပုစွန်ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့်ကျဆင်း

ပင်လယ်ပြင်ငါးဖမ်းရာသီ ပြန်လည် စတင်ချိန်တွင် ငါးဖမ်းစက်လှေများမှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန် ဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ပင်လယ် ငါးဖမ်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုး၏ ပြောကြားချက်အရသိရသည်။ လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့် ပင်လယ်ပြင်မှ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များကို ပြည်ပသို့တင်ပို့ရန် အခက်အခဲရှိနေသဖြင့် ပင်လယ်ပြင် ငါးဖမ်းရာသီ မပိတ်မီ မတ်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ၂၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း သိရသည်။

“အခုချိန်မှာ ကုမ္ပဏီတွေက ငါးတွေဝယ်ယူနေပါတယ်။ သူတို့က အအေးခန်းထဲထည့်ပြီး  ပြန်ရောင်းလို့ရတယ်။ ဒါပေမဲ့ပြန်ရောင်းတဲ့အခါ အခက်အခဲလေးတွေရှိတယ်လို့သိရတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။ ပြည်ပသို့တင်ပို့သည့် ငါးသင်ဝါငါးသည် မတ်လက တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ နီးပါးမှ ယခု ငွေကျပ် ၆၀၀၀ ကျော်၊ ငါးတံခွန် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ မှ  ယခု  ငွေကျပ်  ၅၀၀၀၊ Tiger ပုစွန်တစ်ကီလိုလျှင် ငွေကျပ် ၃၀၀၀၀ ကျော်မှ ယခု ငွေကျပ် နှစ်သောင်းခွဲရှိပြီး အသီးသီးဈေးကျဆင်းလျက် ရှိသည်။

ငါး၊ ပုစွန်များ ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း ငါးဖမ်းစက်လှေများတွင် အသုံးပြုသော ဒီဇယ်ဈေး ကျဆင်းနေသောကြောင့် ပင်လယ်ပြင် ငါးဖမ်းသူများအနေဖြင့် အနည်းငယ် တွက်ခြေကိုက်ကြောင်း သိရသည်။

“ငါးဈေးက အားလုံးကျဆင်းနေတယ်။ ကျွန်တော်တို့လည်း ရတဲ့ဈေးနဲ့ရောင်းရတယ်။ ဒီဇယ် ဈေးကျတော့ ငါးဈေးကျတာကိုခံနိုင်တယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။ ရန်ကုန် ဆိပ်ကမ်းမှ ထွက်ရှိသည့် ပင်လယ်ပြင် ငါးဖမ်းစက်လှေများသည် ဧရာဝတီတိုင်းဒေသကြီးနှင့်  ရခိုင်ပြည်နယ်တို့ရှိ ပင်လယ်ပြင်၌ ငါးများဖမ်းယူကာ ရန်ကုန်ရှိ ဆိပ်ကမ်း ၁၀  ခုမှ  ငါးဝယ်ယူသည့် ကုမ္ပဏီများထံ ရောင်းချကြောင်း သိရသည်။

ဆုလာဘ်