တုပ်ကွေးရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါ

ကိုဗစ်ကပ်ရောဂါကာလမှာ လူသားတိုင်း၊ ဆရာဝန်နဲ့ ဆေးပညာရှင်တိုင်း ကိုဗစ်ကိုရိုနာဗိုင်းရပ်တူး(SARS CoV-2)ဗိုင်းရပ်ကို အလေး ထားခဲ့ကြတယ်။  ခုချိန်ရာသီအကူးအပြောင်းကာလမှာ တုပ်ကွေးရောဂါကအဖြစ် များလာပါတယ်။ ကလေးငယ်တွေက တုပ်ကွေးရဲ့ ပြင်းထန်တဲ့ လက္ခဏာဖြစ်ဖို့အတွက် အန္တရာယ်များလို့ ကလေးတွေတုပ်ကွေးလက္ခဏာနဲ့ ပတ်သက်လို့ မိဘတိုင်းသိထားသင့်တဲ့ အချက်တွေ တင်ပြပေးလိုက်ပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုအဖွဲ့(CDC)အဆိုအရ အသက်ငါးနှစ်အောက်အထူးသဖြင့် အသက်နှစ်နှစ် အောက်ကလေးတွေက တုပ်ကွေးရောဂါနဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေ အလွန်များတယ် ဆိုတယ်။ ကလေးတွေမှာ အအေးမိဖျားနာရောဂါနဲ့ နှိုင်းယှဉ်ရင်တုပ်ကွေးရောဂါက ပိုပြီးအန္တရာယ်များပါတယ်။ ကလေးတွေမှာ တုပ်ကွေးဖြစ် ရင်   ဒါတွေခံစားရနိုင်ပါတယ်။

(၁)အဖျားရှိခြင်း(သို့)တုန်ချမ်းဖျားခြင်း၊

(၂)ခေါင်းကိုက်ခြင်း၊ 

(၃)မောပန်းခြင်း၊ 

(၄)ချောင်းဆိုးခြင်း၊

(၅)လည်ချောင်းနာခြင်း၊

(၆)နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊

(၇)ကိုယ်လက်ကိုက်ခဲခြင်း၊

(၈)ပျို့ခြင်း၊

(၉)ဝမ်းသွားခြင်းတို့ဖြစ်ကြတယ်။

အိမ်မှာပဲ ထိရောက်စွာကုသနိုင်ပါတယ်။ ဆိုးရွားတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပေါ်ခဲ့ရင် ဆရာဝန်နဲ့ပြသကာ ကုသမှုခံယူသင့် ပါတယ်။ 

(၁)ဖျားပြီးတုန်ချမ်းချမ်းတာ ပိုမိုဆိုးရွားလာခြင်း၊

(၂)ရေဓာတ်လျော့နည်းလာခြင်း

(၃)အသက်ရှူမဝဖြစ်လာခြင်း၊

(၄)နှုတ်ခမ်းပြာ၊ အရေပြားပြာနှမ်းလာခြင်း၊

(၅)အဆုတ်ရောင်ရောဂါဖြစ်လာခြင်းတို့ဖြစ်တယ်။

တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်တစ်ကြိမ်ထိုးနှံထားသင့်ပါတယ်။ တုပ်ကွေး(A/H¹N¹)မျိုးကွဲသစ်တွေ နှစ်စဉ်ပေါ်ပေါက်လာ တတ်လို့၊ တစ်နှစ်တည်းထိုးနှံလို့မပြီးဘဲ မျိုးကွဲအလိုက် နှစ်စဉ်ထိုးနှံရခြင်းပဲ ဖြစ်တယ်။ တုပ်ကွေးကာကွယ်ဆေးက တုပ်ကွေးရဲ့ ပြင်းထန်တဲ့ ဆိုးကျိုးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးပြီး ရက်ပေါင်း ၁၂၀ ကျော်ကြာတဲ့ထိ ကိုဗစ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ သွေးပိုး ဝင်ခြင်း၊  သွေးပြန်ကြောခဲခြင်း၊ ဆေးရုံတက်ချိန်ကြာခြင်း၊ အောက်ဆီဂျင်ရှူခြင်းမျိုးလုပ်ပေးနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးတာဟာ  တုပ်ကွေးရောဂါနဲ့ဆက်စပ်လို့ဆေးရုံတက်ရနိုင်ခြေ ၄၀ ရာခိုင်နှုန်းလျော့ကျသွားစေပါတယ်။ တုပ်ကွေးကြောင့် အထူးကြပ်မတ်ဆောင်မှာနေရနိုင်ခြေလည်း လျော့နည်းသွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေမှာ   တုပ်ကွေးရောဂါကူးစက်နိုင်ခြေမြင့်မားပြီး ကိုယ်ဝန်မရှိသူထက် ပြင်းထန်လက္ခဏာရနိုင်ခြေများတယ်။ ကိုယ်ဝန်အစောပိုင်းကာလ(၃-၄)လသားအရွယ်မှာ တုပ်ကွေးကာကွယ်ဆေးထိုးထားဖို့ အရေးကြီးပါတယ်။  တုပ်ကွေးရောဂါ ဆေးထိုး တာကြောင့် ကိုယ့်ဗိုက်ထဲက သန္ဓေသားမှာ တုပ်ကွေးကိုကာကွယ်နိုင်စွမ်းက မွေးပြီးခြောက်လကြာတဲ့ ထိရရှိနိုင်ပါတယ်။

သွေးတိုးရောဂါရှိသူတွေမှာလည်း တုပ်ကွေးကာကွယ်ဆေးထိုးတဲ့အတွက် တုပ်ကွေးကြောင့်သေဆုံးနိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့နည်း နိုင်ပါတယ်။ နှလုံးရုတ်တရက် တိုက်ခိုက်နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေကိုလျော့နည်းသွားစေပါတယ်။ တုပ်ကွေး ကာကွယ်ဆေးထိုး ထားတာကြောင့် အခြားသူတွေဆီ တုပ်ကွေးရောဂါပျံ့နှံ့နိုင်ခြေ လျော့သွားတယ်။ ကလေးငယ်တွေ တုပ်ကွေးကာကွယ်ဆေး ထိုးထား တာကြောင့် အခြားသူတွေဆီ တုပ်ကွေးရောဂါပျံ့နှံ့နိုင်ခြေလျော့သွားတယ်။

တုပ်ကွေးရောဂါဖြစ်ရင် လူအများစုက(၂-၃)ရက်အတွင်း ပြန်လည်သက်သာသွားပေမယ့် အချို့လူတွေမှာ အသက်သေဆုံးတဲ့ထိ၊  နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်တယ်။ အသက်ငါးနှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက်၆၅ နှစ်ကျော်သူတွေ၊ ခုခံအားစနစ်လျော့နည်းနေသူတွေ၊ နာတာရှည်ရောဂါရှိသူတွေ၊ အဝလွန်သူတွေ တုပ်ကွေးဖြစ်နိုင်ခြေ အလွန်များ ပြားပါတယ်။

သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက် ၁၅ နှစ်အောက်ကလေးတွေမှာ အဖြစ်များတတ်တယ်။ ယခုနှစ်မှာ အသက် ၁၅ နှစ်အထက်လူငယ်များ၊ အသက်(၄၀-၈၀)ကြား လူကြီးတွေမှာပါဖြစ်ပေါ်မှုများလာပြီး လူကြီးတွေမှာဖြစ်ပွားရင် နောက် ဆက် တွဲဆိုးကျိုး  ပိုမိုများပြားကြောင်းနဲ့ ယခင်မြို့ပြဒေသတွေမှာဖြစ်ပွားပေမယ့် ကျေးလက်ဒေသတွေမှာ သွေးလွန်တုပ်ကွေး ရောဂါ ပျံ့နှံ့ဖြစ်ပွားလာကြောင်း သိရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ သွေးလွန်တုပ်ကွေးပိုးသယ်ဆောင်တဲ့ ခြင်ပုန်းခေါ် ခြင်ကျားကိုက်ခြင်းမှ တစ်ဆင့်ကူးစက် တတ်တဲ့ ရောဂါဖြစ်တယ်။ ခြင်ပုန်းခေါ်ခြင်ကျားဟာ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်ပြီးနေ့အခါကိုက်လေ့ရှိလို့ ကလေးငယ်တွေ၊ နေ့၊ ညအိပ်တဲ့ အခါတိုင်း ခြင်ဆေးရည်စိမ်တဲ့ခြင်ထောင်(သို့)ရိုးရိုးခြင်ထောင်နဲ့ထောင်ပြီးအိပ်သင့်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေဟာ-

(၁)ရုတ်တရက်ဖျားခြင်း၊

(၂)ကိုယ်လက်ကိုက်ခဲခြင်း၊

(၃)မျက်စိအောင့်ခြင်း၊

(၄)အန်ခြင်း၊

(၅)အနီစက်များထွက်ခြင်းတို့ ဖြစ်တတ်ပြီး နှစ်ရက်မှလေးရက်အတွင်း အဖျားကြီးပြီး အလွန်အမင်းဆက်တိုက်အန်ခြင်း၊ ဂနာ မငြိမ်ခြင်း၊  မှိန်းနေခြင်း၊ ခြေဖျားလက်ဖျားအေးစက်နေခြင်း စတဲ့လက္ခဏာတွေဖြစ်လာရင် မိသားစုဆရာဝန်၊ ဆေးရုံဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ကုသမှုခံယူသင့်တယ်။ သွေးလွန်တုပ်ကွေးအတွက် ကာကွယ်ဆေး၊ ကုသဆေးမပေါ်သေးဘဲ ရောဂါ လက္ခဏာသက်သာစေဖို့ကိုသာ ကုသပေးနိုင်တယ်။ သွေးလွန်တုပ်ကွေးဖြစ်သူကိုဂရုစိုက်ပြီး ရေများများ တိုက်ကျွေးဖို့လိုတယ်။ ဓာတ်ဆားရည်က ပိုမိုသင့်တော်ပါတယ်။ နို့၊ ဟောလစ်၊ စွပ်ပြုတ်ရည် တိုက်နိုင်ပါတယ်။  ကော်ဖီ စတဲ့အညိုရောင် အရည် မတိုက် သင့်ပါ။ အေပီစီ၊ ဘတ်စပရို၊အင်နယ်ဂျက်ဆင် စတဲ့အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေးတွေမတိုက်သင့်ဘဲ အဖျားကြီးရင် ရေဖတ် တိုက်ခြင်း၊ အဲယားကွန်းခန်းမှာနေစေခြင်း၊ စအိုမှ ပါရာစီတမောတောင့်ထည့်ပေးနိုင်ပါတယ်။ အဖျားကြီးလွန်းရင် ရေချိုးပေး ကာ၊ တဘက်ပွကြီးနဲ့သုတ်ပေးပြီး အင်္ကျီပွဘောင်းဘီပွဝတ်ပေးသင့်ပါတယ်။ ရေဖတ်တိုက်ပေးသင့်တယ်။ အဝတ်ထူထူ၊  စောင်ထူထူ မခြုံပေးသင့်ပါဘူး။

ကလေးငယ်မှာ အဖျားကြီးလွန်းရင်၊ မှိန်းလွန်းရင်အစားအသောက်၊ အရည်၊ ဓာတ်ဆားရည်မဝင်ရင် မိသားစုဆရာဝန်နဲ့ ပြသ သင့်ပါတယ်။ အစားအသောက်(သို့) အရည်လုံးဝလက်မခံဘဲ ဆက်တိုက်အန်နေရင်၊ ကော်ဖီရောင်(သို့)အမည်းရောင်အန်ရင် ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။

အဖျားကျပြီး လက်မောင်းနဲ့ခြေသလုံးမှာ အလွန်အမင်းအေးစက်နေရင်၊ ဆေးရုံအမြန်တင်သင့်ပါတယ်။ ကလေးငယ်ရေဓာတ်၊ သတ္တုဓာတ်၊ ဆားဓာတ်လျော့ကျနေပြီး ရှော့ဖြစ်နေနိုင်တယ်။ ကျောင်းနေအရွယ်တွေဖြစ်ရင်၊ အတန်းဖော်တွေ သွေးလွန်တုပ်ကွေး ကြောင့်ဆေးရုံ၊ ဆေးခန်းတက်ရောက်ကုသခြင်းမျိုး ရှိနေရင်မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆေးရုံဆေးခန်း ရောက်ရင်ကုသမှုမှာ အရည်များများ တိုက်သင့်ပါတယ်။ ဓာတ်ဆားရည်၊ ဖျော်ရည်၊ ဘာလီရည်၊ နို့၊ ဟောလစ်၊ စွပ်ပြုတ်၊ ထမင်းရည်များများတိုက်သင့်ပါတယ်။ အန်ရင် နားနားပြီး တိုက်သင့်ပါတယ်။ အဖျားကြီးရင် ရေဖတ်ဝတ်တိုက်သင့်၊ ရေချိုးတာ လုပ်ပေးသင့်ပါတယ်။  လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့မှာ ရေအေးဖတ်ဝတ်(သို့)ရေခဲတင်ပေးသင့်ပါတယ်။ပါရာစီတမောဆေးပြား၊   ပါရာစီတမော ဆေးရည်တိုက်နိုင်တယ်။  ပါရာစီတမော ဆေးတောင့်စအိုမှ ထည့်ပေးနိုင်တယ်။  ဒုတိယအဆင့်မှာ  မှိန်းလွန်းရင် အဖျားအရမ်းကြီးပြီးတက်ရင်၊ အစားအသောက်၊ အရည်မဝင်ရင် ဆေးရုံဆေးခန်းပြသကာ ဆက်တိုက်အန်ရင်၊ကော်ဖီရောင်အန်ရင်၊   ဝမ်းမည်းမည်းသွားရင်၊ သွေးလိုအပ်ခြင်းရှိ၊ မရှိ ဖောက်ကြည့်ကာ သွေးရည်ကြည်(သို့) သွေးတစ်ပုလင်းသွင်းဖို့  လိုအပ်ကောင်းလို အပ်နေတတ်တယ်။ အန်ရင်၊ ကော်ဖီရောင်နဲ့ခွဲခြားရခက်လို့ကော်ဖီမတိုက်သင့်ပါ။ မက်ကလောင်မဖောက်သင့်ပါ။ လက်မောင်းမှာ သွေးပေါင်ချိန်ပြီး အပေါ်သွေးနဲ့အောက်သွေးကြားမှာ ၅ မိနစ်လောက်ချည်ကာအနီစက် ၁၀ စက်အထက်ပေါ်လာရင် ရောဂါရှိနိုင် တယ်လို့ သုံးသပ်ပါတယ်။  စနစ်တကျကုသရင် ပျောက်ကင်းသွားပါတယ်။   ။

 ဒေါက်တာလွင်သန့်