ယမန်နေ့မှအဆက်
လက်ဖက်ရည်တစ်ခွက်တစ်မတ်၊ ကိတ်မုန့်၊ ပဲမုန့်ကြိုက်ရာစား တစ်မတ်၊ မောင်ငြိမ်းချမ်း မုန့်တစ်ခု စားခွင့်ရသည်။ ပြီးလျှင် ဆရာတပည့်နှစ်ယောက် ကျောင်းအထိ ခြေကျင်လျှောက်ပြန်ကြသည်။ အသွားရောအပြန်ပါ တစ်လမ်းလုံး မြန်မာလိုရေးထားသော ဆိုင်းဘုတ်တွေ့သမျှ မောင်ငြိမ်းချမ်း ဖတ်ပြရသည်။ အင်္ဂလိပ်စာလုံးများတွေ့တိုင်း ဆရာဦးစံလှိုင်ကဖတ်ပြပြီး မောင်ငြိမ်းချမ်းကို သင်ပေးသည်။
IN = အဝင်
OUT = အထွက်
STOP = ရပ်
POST BOX = စာတိုက်ပုံး
OFFICE = ရုံး
မောင်ငြိမ်းချမ်းမျက်မြင်သင်ကြား၍ အလွတ်ကျက်ရသည်။ ဆရာနှင့်အတူနေရသွားရသည်ကို မောင်ငြိမ်းချမ်း ပျော်သည်။ ဆရာကိုချစ်ခင်သည်။ အမေကြီးကို လွမ်းစိတ်သက်သာလာသည်။
တစ်နေ့တွင် ဆရာတပည့်နှစ်ယောက်မြို့ထဲမှ ကျောင်းသို့ပြန်ရောက်ကြသောအခါ ကျောင်းတွင် အဖေကြီး ရောက်နေသည်ကိုတွေ့ရ၍ မောင်ငြိမ်းချမ်း အံ့သြဝမ်းသာဖြစ်ရသည်။ အဖေကြီးခမျာ လည်း မြေးကိုကြည့်ပြီး ဝမ်းသာနေရှာသည်။ သူ့ခမျာရွာမှထွက်ပြီး မန္တလေးသို့လာရသည်မှာ လွယ်သည်မဟုတ်။ ရွာမှာက ရောင်စုံသောင်းကျန်းသူများ အုပ်စိုးနေသောကာလ။ မြို့သွားလျှင် အစိုးရသတင်းပေးထင်၍ မသင်္ကာဖြစ်တတ်သည်။
“အဖေကြီး ဘာလို့လာတာလဲ...”
မောင်ငြိမ်းချမ်း အဖေကြီးနားကပ်၍မေးသည်။
“ငါ့မြေး အမေကြီးက တအားလွမ်းနေရှာတယ်။ မအိပ်နိုင်၊ မစားနိုင်တောင်ဖြစ်နေတယ်။ ငါ့မြေးကို ခဏခေါ်ပေးပါဆိုလို့...”
အဖေကြီးပြောမှ မောင်ငြိမ်းချမ်း အမေကြီးကိုလွမ်း ပြီးမျက်ရည်များစီးကျလာရပြန်သည်။
“ကျွန်တော်လည်း လွမ်းတာပဲ”
ပြောမှရှိုက်သံပါလာသည်။
“အဖေကြီးလည်း ငါ့မြေးကိုလွမ်းတာပါပဲ။ အမေကြီးကတော့ ပိုဆိုးတာပေါ့။ ငါ့မြေးကျောင်းကလည်း မဖွင့်သေးပါဘူး။ ရွာပြန်လိုက်ခဲ့ဦး”
“ဒီနေ့ပြန်မှာလားအဖေကြီး”
“ခုပြန်မှာပေါ့။ ခုသွားရင်ကားမီသေးတယ်။ ဘုန်းကြီးကို အဖေကြီးလျှောက်ပြီးပြီ။ ကျောင်းဖွင့်ဖို့က ဆယ့်ငါးရက်လိုသေးတယ်တဲ့။ ဆရာတော်က ဆယ်ရက်ခေါ်သွားခွင့်ပြုတယ်။ ကျောင်းမဖွင့်ခင် ငါးရက်အလိုလောက် ပြန်ပို့ရမယ်လို့ပြောတယ်”
မောင်ငြိမ်းချမ်း အဝတ်အင်္ကျီယူသင့်သည်ကိုယူပြီး အဖေကြီးနှင့်လိုက်ရန် အမြန်ပြင်ဆင်သည်။ “ပရိုင်မာရီ ဘွတ်ခ်ဝမ်း” စာအုပ်လေးကိုလည်းယူခဲ့သည်။ ရွာမှာ အင်္ဂလိပ်စာတတ်သူမရှိ။ ရွာရောက် လျှင် အဖေကြီး၊ အမေကြီးနှင့် ဦးလေးတို့ကိုဖတ်ပြရမည်။ အဖေကြီးနှင့်အတူ ဆရာဦးစံလှိုင်ကို နှုတ်ဆက်ပြီး မြေးအဖိုးနှစ်ယောက်ရွာသို့ပြန်ခဲ့ကြသည်။
အလွမ်းပြေရွာအပြန် ရွာအပြန်ခရီးမှာ မောင်ငြိမ်းချမ်း မြူးကြွသွက်လက်နေသည်။ မန္တလေးဈေးချိုမှ အရှေ့ပြင်မိဘမဲ့ကျောင်းသို့ ခြေကျင်လျှောက်ပြီး ပြန်ရောက်ခါစရှိသေးသည်။ ဈေးချိုသို့ပြန်လျှောက် ရဦးမည်။ သို့သော်စိတ်ကပျော်နေ၍ မောရမှန်းပန်းရမှန်းမသိ။
တစ်လမ်းလုံးအဖေကြီးကို စကားတွေအများကြီး ပြောနေမိသည်။ အဖေကြီး၊ အမေကြီးနှင့် ဦးလေးကို မည်မျှလွမ်းကြောင်း၊ အိမ်နှင့်ရွာကိုမည်သို့ သတိရကြောင်းများပြောပြသည်။ သို့သော် သုံးရက်လောက် ရှိုက်ကြီးတငင် ငိုနေမိသည်ကိုတော့ အဖေကြီးကိုပြောမပြပါ။ အဖေကြီး စိတ်မကောင်း ဖြစ်မှာစိုးသည်။
ဆရာဦးစံလှိုင်အကြောင်းလည်း အများကြီးပြောမိသည်။ အင်္ဂလိပ်စာသင်ရပုံကိုလည်း ပြောပြသည်။ အဖေကြီး ဝမ်းသာနေသည်။ ဈေးချိုရောက်သောအခါ ညနေ ၂ နာရီရှိနေပြီ။ စဉ့်ကိုင်ကားဂိတ်ကို သွားရသည်။ လက်မှတ်ဖြတ်ပြီး ကားပေါ်ရောက်သောအခါ အဖေကြီးနှင့်ပူးပူးကပ်ကပ် ထိုင်ရ သည်ကို သဘောကျမိသည်။ အဖေကြီး၏ချွေးနံ့ ကိုယ်နံ့များကို နှစ်သက်မက်မော ဖြစ်နေရသည်။
အဖေမရှိသောမောင်ငြိမ်းချမ်းအတွက် အဖေကြီးသည် ချစ်မြတ်နိုးစွာ အားကိုးရာအဖေဖြစ်ပါ၏။ ခွဲနေပြီးမှ ပြန်တွေ့ရ၍လည်း အဖေကြီးကို ပို၍ချစ်ခင်စိတ်ဖြစ်ရသည်။ ရွာမှာနေစဉ်ကတော့ အဖေကြီးလည်းဖြစ် စာသင်ပေးသောဆရာလည်းဖြစ်၍ ချစ်ခင်စိတ်နှင့် အတူ ကြောက်စိတ်လည်း ကြီးခဲ့သည်။ ခုတော့ကြောက် စိတ်လျော့ပါး၍ ချစ်စိတ်ပိုများရသည်။ ကားပေါ်မှာလည်း မြေးအဖိုး နှစ်ယောက် စကားတွေအများကြီးပြောကြသည်။ များသောအားဖြင့် မောင်ငြိမ်းချမ်းက ပြောသူ ဖြစ်၏။
ညနေ ၅ နာရီမှစဉ့်ကိုင်သို့ မော်တော်ကားရောက်သည်။ မြေးအဖိုးနှစ်ယောက် ရွာသို့နေဝင်မိုးချုပ်မှ ရောက်သည်။
“ငါ့မြေးလေး”
အမေကြီးခမျာ မောင်ငြိမ်းချမ်းကိုဖက်၍ ဝမ်းပန်း တနည်းငိုရှာသည်။ မောင်ငြိမ်းချမ်းလည်း အမေကြီး ရင်ခွင်မှာငိုနေသည်။
“အမေကြီးကို ကြည့်ဦး။ ငါ့မြေး”
“အမေကြီးပိန်သွားတယ်”
အမေကြီးကို မောင်ငြိမ်းချမ်း စိတ်မကောင်းစွာပြောမိသည်။ ယခင်က၀၀စိုစိုအမေကြီးခမျာ များစွာ ပိန်ကျသွားသည်။
“ငါ့မြေးလေးကိုသာ မင်းအဖေကြီးက ခေါ်မပေးရင် အမေကြီးလွမ်းလို့သေမှာ”
အမေကြီးက ပြောရင်းဝမ်းနည်းလာဟန်တူပါ၏။ မောင်ငြိမ်းချမ်းကိုဖက်ပြီး ငိုပြန်သည်။
“အမေကြီးက သေမလောက်လွမ်းနေလို့ ငါလည်း တအားလွမ်းတာလား။ ဒါမှမဟုတ် ငါက တအားလွမ်းနေလို့ အမေကြီးလွမ်းတာလား”
မောင်ငြိမ်းချမ်း စဉ်းစားနေမိသည်။
“မင်းအဖေကြီးက အစတော့ ခေါ်မပေးချင်ဘူး။ နောက်မှ အမေကြီးမစားနိုင်၊ မအိပ်နိုင် တအားပိန်သွား လို့ခေါ်ပေးတာ”
ဆက်လက်ဖော်ပြပါမည်။