ကိုဗစ်-၁၉ ကာလ ဆောင်းအချဉ်ဓာတ်စာ ဆီးဖြူသီးစားပါ

ကိုဗစ်-၁၉ ကာလ ဆောင်းအချဉ်ဓာတ်စာ ဆီးဖြူသီးစားပါ

ကိုဗစ်-၁၉ ကာလ ဆီးဖြူသီးစားသင့်သော အကြောင်းရင်း

“နွေအချို၊ မိုးအခါး၊ ဆောင်းအချဉ်”ဆိုရိုးစကားအတိုင်း ရာသီကာလနှင့်လိုက်ဖက်သော အစားအစာတို့ကို စားသောက်ပေးခြင်းက ၁၂ လရာသီပတ်လုံး ကျန်းမာစေမှာဖြစ်ပါတယ်။ အချဉ်အရသာရှိသော အစားအစာအားလုံးက  ဆောင်းရာသီအတွက် ဓာတ်စာများ ဖြစ်ကြပါတယ်။ အချဉ်ဓာတ်ဟာ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားရုံသာမက အသည်းနှင့်ဆီးအိမ်ကို ကျန်းမာစေတဲ့အပြင် မိမိတစ် နေ့တာစားသုံးလိုက်သော အစားအသောက်များထဲမှာ ပါလာသည့်သတ္တုဓာတ်များကို အလွယ်တကူ စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်၏ တစ်သျှူး များကို သန့်စင်ပေးပါတယ်။ ၎င်းဖြစ်စဉ်က ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်ပိုးများကို ခုခံတိုက်ခိုက် ပေးပါတယ်။ ထို့ပြင် အသက်ရှူလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေ၍  ကိုရိုနာဗိုင်းရပ်ပိုးအပါအဝင် ရာသီဖျားနာ ကူးစက် ရောဂါ ပိုးမွှားများအန္တရာယ်မှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆောင်းရာသီဓာတ်စာဖြစ်သော ဗီတာမင်စီအပြည့်အဝပါတဲ့ ဆီးဖြူသီးလေးတွေကို ယနေ့ကာလမှာ အထူး ရွေးချယ်စားသုံးပေးသင့်ပါတယ်။  

ဆီးဖြူသီးဆိုသော အချဉ်သီးအကြောင်း

ဆီးဖြူသီးပင်ကို အင်္ဂလိပ်လို  Indian Gooseberry ဟုခေါ်ကြသလို Emblic Myrobalan ဟုလည်း ခေါ်ကြပါတယ်။ ရုက္ခဗေဒ အမည်မှာ Emblica officinalis Gaertn ဖြစ်ပြီး အမည်ကွဲအဖြစ် Phyllanthus emblica Linn ဟုဆိုပါတယ်။ ကြက်ဆူပင်မျိုး ရင်း(Euphorbiaceae) စာရင်းထဲတွင် ပါဝင်ပါတယ်။ ဆီးဖြူသီးပင်ဟာ အပူပိုင်းဒေသ သီးနှံပင်မျိုးဖြစ်ကာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသများမှာ အဓိကပေါက်ရောက်ကြပြီး တရုတ်၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာနှင့် မလေးရှားနိုင်ငံ တို့မှာလည်း ဆီးဖြူပင်များကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံတွင် အရွယ်အစားသေးငယ်သည့်မျိုးများမှ အရွယ်အစားကြီးမား သည့်မျိုးများထိ စိုက်ပျိုးစားသုံးကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆီးဖြူသီးအသေးမျိုးနဲ့ အလုံးကြီးမျိုးများရှိသကဲ့သို့ အသီးအရောင် ပေါ်မူတည်ပြီး မျိုးကွဲများလည်းရှိကြပါတယ်။ ဆီးဖြူသီးပင်ဟာ အပင်တစ်ပင်မှ အသီးများလှိုင်လှိုင်(များစွာ) သီးနိုင်တဲ့ အပင်မျိုး ဖြစ်ပါတယ်။ အသီးမှာ လုံးဝိုင်းပုံသဏ္ဌာန်ဖြစ်ပါတယ်။ အသီးငယ် စဉ်မှာ အဖြူရောင်ရှိပြီး ရင့်မှည့်လာတဲ့အခါ အဝါဖျော့ရောင် သို့မဟုတ် စိမ်းဝါရောင် တစ်ခါတစ်ရံ အနီရောင်သန်းလာတတ်ပါတယ်။ မြန်မာပြည်တွင် ဆီးဖြူသီးကို သျှားဖြူ သို့မဟုတ် တရွားဟု လည်းခေါ်ကြပါတယ်။ ဒေသထွက်ဆီးဖြူသီးများကို မိုးရာသီနှင့် ဆောင်းရာသီတွေမှာ ဆွတ်ခူးလေ့ရှိပါတယ်။

အထက်အညာဒေသ၏  အလေ့အထတစ်ခုအဖြစ် တောမြေပဲခင်းများထဲမှာ မြွေဆိုးများရှိနေရင် အခင်းမှထွက်သွားစေဖို့ ရည်ရွယ်ကာ ဆီးဖြူသီးများကို မြေပဲခင်းအနှံ့ ပက်ကြဲပေးလေ့ရှိပါတယ်။ ရှေးလူကြီးများကလည်း မိမိအိမ်ဝိုင်း အတွင်း၊ အပြင် မြွေဆိုး အန္တရာယ်မှ ကင်းဝေးအောင် ဆီးဖြူသီးများကို ပက်ကြဲလေ့ရှိပါတယ်။ ဆီးဖြူသီးအခြောက်ကို ခေါင်းအုံးအောက်တွင်ထားပြီး အိပ်ပါက မိမိကို အန္တရာယ်ပြုရန် အိပ်မွေ့ချသူတို့၏ အကြံအစည်မအောင်နိုင်ဟုလည်း အယူအဆရှိကြပါတယ်။

ဆီးဖြူသီးစားဖွယ်စုံ

ရဟန်း၊ သံဃာများမှာ နေ့လွဲညစာ မသုံးဆောင်ရသော်လည်း ဆီးဖြူသီး၊ ဖန်ခါးသီးများကိုတော့ မြတ်စွာဘုရားက သုံးဆောင်ခွင့်ပြု ထားတဲ့ ထူးခြားပြီး ဆေးဖက်ဝင်အသီးဖြစ်တာကြောင့်  “ဆီးဖြူ၊ ဖန်ခါးရဟန်းစား” ဟုဆိုရိုးစကားရှိပါတယ်။ ဆီးဖြူ သီးမှာ အချဉ်ဓာတ်နဲ့ အဖန်ဓာတ်ပါဝင်နေတဲ့အတွက် တောထဲမှာနေပူပူရေဆာတဲ့အခါ ဆီးဖြူသီးကိုခူးစားပြီး ရေသောက်လိုက်ပါက ခဏတာအတွင်း အမောပြေလန်းဆန်းသွားပြီး ချိုရှရှအရသာကိုခံစားရပါတယ်။ ဆီးဖြူသီးကို ငါးပြေမနှင့်တွဲဖက်၍ ချက်စားကြသလို ဆီးဖြူသီးထောင်း၊ ဆီးဖြူသီးသနပ်၊ ဆီးဖြူသီးငါးပိထောင်း၊ ဆီးဖြူသီးဆားရည်စိမ် တို့ဟာလည်း ထမင်းမြိန်စေတဲ့ အစားအစာများ ဖြစ်ပါတယ်။ အညာဒေသ ကျေးရွာအချို့၌ အလှူပွဲများတွင် ဆီးဖြူသီးများကို မောင်းများအတွင်းထည့်၍ထောင်းပြီး ပုစွန် ခြောက်မှုန့် ဖြင့်ရောနယ်ကာ မြေပဲဆီမွှေးမွှေးဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။

အာဟာရဂုဏ်သတ္တိများ

ဆီးဖြူသီးထဲတွင် အဓိကပါဝင်သော အာဟာရဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပါတယ်။ အာဟာရဗေဒပညာရှင်များ၏ စမ်းစစ်မှုမှတ်တမ်း များအရ ဆီးဖြူသီးမှာ ဗီတာမင်စီ ၊ သံဓာတ်၊ ထုံးဓာတ်၊ ဖော့စပါးရပ်နှင့် ပက်တင်ဓာတ်များ ကြယ်ဝစွာပါဝင်ကာ ပရိုတိန်း ဓာတ်ပါ ဝင်မှုမှာ ပန်းသီးထက်သုံးဆပိုကြောင်း၊  အက်စ်ကောဘစ်အက်စစ်   (ဗီတာမင်စီဓာတ်) ပါဝင်မှုမှာလည်း ပန်းသီးထက် အဆ ၁၆၀ ပါဝင်နေကြောင်း သိရပါတယ်။ တခြားသတ္တုဓာတ်များနှင့် အမိုင်နိုအက်စစ်ဓာတ်များပါဝင်မှုမှာလည်း ပန်းသီးထက်များကြောင်း လေ့လာတွေ့ရှိရပါတယ်။ အသီးအလေးချိန် ၁၀၀ ဂရမ်တွင်ပါဝင်သည့် အာဟာရဓာတ်များမှာ ရေ ၈၁ ဒသမ ၂ ရာခိုင်နှုန်း၊ ပရိုတိန်း သုည ဒသမ ၅ ရာခိုင်နှုန်း၊ အဆီ သုည ဒသမ ၁ ရာခိုင်နှုန်း၊ ကာဗွန်ဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်း၊ ထုံးဓာတ် သုည ဒသမ ၀၅ ရာခိုင်နှုန်း၊ ဖော့စပါးရပ် သုည ဒသမ ၀၂ ရာခိုင်နှုန်း၊ သံဓာတ် ၁ ဒသမ ၂ ရာခိုင်နှုန်း၊ ဗီတာမင်ဘီ ၁၃၀ မီလီဂရမ်၊ ဗီတာမင်စီ ၆၀၀ မှ ၈၀၀ မီလီ ဂရမ်၊ နီကိုတင်းနစ်အက်စစ် သုည ဒသမ ၃ မီလီဂရမ်၊   ကယ်လိုရီ ၅၉ တို့ဖြစ်ပါတယ်။

ဆီးဖြူသီးနှင့် မြန်မာ့ဆေးကျမ်း

  • ယောအတွင်းဝန် ဦးဖိုးလှိုင်က သူ၏ ဥတုဘောဇန   သင်္ဂဟကျမ်းတွင် တန်ဆောင်မုန်းလတွင် ဆီးဖြူ၊ မည်စည်၊ ခဝဲ၊ ခတ္တာ၊ ဂမုန်း၊ သဇင် စသောပန်းတို့ပွင့်ကြ၏။ ချိုဆိမ့်သောအရသာရှိသော အမြစ်၊ အသီး၊ အရွက်၊ အပွင့်တို့သည် အားရှိ၏ဟု ဆိုထားပါတယ်။
  • ရှုတော်မူဆေးအဘိဓာန်တွင် ဆီးဖြူသီးသည် ချို၊ ချဉ်၊ ဖန် အရသာရှိ၏။ လေ၊ သလိပ်၊ သည်းခြေတို့ကိုနိုင်၏။ သွေးကို ထိုင်းမှိုင်းစေတတ်၏။ ခြောက်သောဘင်ကိုနူးစေတတ်၏။ အသံ၏သာခြင်းကိုပြုတတ်၏။ မျက်စိနာနှင့်ပိုးနာတို့ကို နိုင်၏။ အဆိပ်မျိုးတို့ကိုလည်း ပြယ်စေတတ်၏။ ယင်းအခြောက်သည် သွေး၊ သည်းခြေနှင့်ယှဉ်သော လေ၊ သလိပ်နာ၊ လျှာ၊ အာခံတွင်းခြောက်သွေ့သောအနာ၊ ရေငတ်နာ၊ အသံပျက်သော အနာ၊ မျက်စိနာ၊ သလိပ်၊ ချွေး၊ ဝမ်းသွေးခြောက်သောအနာ၊ အတွင်းပူသော အနာတို့ကိုနိုင်၏ဟု ဆိုထားပါတယ်။
  • ဇီဝိတဆေးကျမ်းတွင် ဆီးဖြူသီးသည် ချဉ်၏။ အဖန်အားကြီး၏။ အေး၏။ သလိပ်ကိုဖွဲ့စေတတ်၏။ သွေးကို ထိုင်းမှိုင်း စေတတ်၏။ ပျစ်ခဲစေတတ်၏။ သွေးသည် အပူလွန်၍ ကျဲရရဲဖြစ်လျက် သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်းဖြစ်သော သူတို့ အားပေးအပ်၏ဟုဆိုထားပါတယ်။
  • ဓာတုရသလေးစောင်တွဲဓာတ်ကျမ်းတွင် ဆီးဖြူသီးသည် သြဇာသီးနှင့် အကျိုးတူ၏။ ရတ္တပိတ်နာ၊ မောဟနာကိုနိုင်၏။ သုက်ကို လွန်စွာပွားတတ်စေ၏။ ရသာယနမျိုးဖြစ်၏။ ချဉ်သောကြောင့် လေကိုနိုင်၏။ ချိုသောကြောင့်၊ အေးသောကြောင့် သည်းခြေကိုနိုင်၏။ အဆီမရှိဖန်သောကြောင့် သလိပ်ကိုနိုင်၏။ ထို့ကြောင့် ဆီးဖြူသီးသည် ဒေါသ သုံးပါးကိုနိုင်၏။ အသီး မျိုးတွင် လူနှင့် အသင့်တော်ဆုံးဖြစ်၏။ ထမင်းစားခြင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးတို့၌ စားသင့်၏။ မပြတ်လည်း စားသင့်၏။ ဆီးဖြူသီးစေ့အဆန်သည် သစ်ဆိမ့်သီးဆန်နှင့်အကျိုးတူ၏ဟုဆိုထားပါတယ်။
  • ဆေးအဘိဓာန်တွင် ဆီးဖြူသီးခြောက်၏ ဂုဏ်သည်ကား သွေးသည်းခြေနှင့်ဖြစ်သော လေ၊ သလိပ်နာကိုလည်းကောင်း၊ လျှာအာခံတွင်း သွေ့ခြောက်သော်လည်းကောင်း၊ ရေငတ်သော်လည်းကောင်း၊ သလိပ်၊ ချွေး၊ ငန်း သွေ့ခြောက်သော်လည်း ကောင်း၊ အသံပျက်သော်လည်းကောင်း၊ မျက်စိနာကိုသော်လည်းကောင်း၊ အတွင်းပူသော်လည်းကောင်း ထိုရောဂါတို့ကို ချမ်းသာစေတတ်၏ဟု ဆိုထားပါတယ်။

ဆီးဖြူသီးနှင့်ကျန်းမာရေး

ဆီးဖြူသီး၏ အသီး၊ အစေ့၊ အခေါက်၊ အပွင့်နှင့် အမြစ်အားလုံးကို တိုင်းရင်း ဆေးဝါးများတွင် အသုံးပြုကြပါတယ်။ အိန္ဒိယနိုင်ငံ၏ အာယုဗ္ဗေဒဆေးနည်းများတွင် ဆီးဖြူသီးပင်အသုံးဝင်မှုများကို ကျယ်ပြန့်စွာဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံသူများရဲ့ ဆံကေ သာများ နက်မှောင်သန်စွမ်းခြင်းဟာ ဆီးဖြူသီးအသုံးပြုမှုကြောင့်ဟု သိရပါတယ်။ ဆီးဖြူသီးဟာ ဆံပင်ကောင်းစေကာ ဦးရေကို အေးမြစေပြီး ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်သကဲ့သို့ သန်းနှင့်ဗောက်များကိုလည်း ပျောက်ကင်းစေနိုင်သဖြင့် အိန္ဒိယနိုင်ငံတွင် ဆီးဖြူသီးကို ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီများ ဖော်စပ်ရာတွင် အသုံးပြုကြပါတယ်။ ဆီးဖြူပင်၏ ပင်စည် အခေါက်ကို ဆိုးဆေးအဖြစ်လည်း အသုံးပြုလျက်ရှိပါတယ်။

အသီး၏ဆေးဖက်ဝင်ပုံ

  • နိုင်ငံတကာသုတေသီများ၏ သုတေသနပြုစမ်းသပ်ချက်အရ၊ ဆီးဖြူသီး၏ ရေပျော်ဝင်ဆေးနှစ်နှင့် အယ်လ်ကိုဟော ပျော်ဝင်ဆေးနှစ်ကို သွေးတွင်းအဆီဓာတ်ပမာဏ မြင့်မားအောင် ပြုလုပ်ထားသော ကြွက်ဖြူကြီးများတွင် တိုက်ကျွေး၍ စမ်းသပ်သုတေသနပြုလုပ်ခဲ့ရာ သွေးတွင်းအဆီဓာတ်ပမာဏ ကျဆင်းခြင်းရှိကြောင်း တွေ့ရှိရပါတယ်။
  • အသက်ကိုရှည်စေပါတယ်။ ချောင်းဆိုး၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေပါတယ်။
  • သွေးဝမ်းသွားခြင်းအတွက် ဆီးဖြူသီးအစိမ်းကိုထောင်း၍ အရည်ညှစ်ကာ သံပရာရည်နှင့်သောက်ပါက ချက်ချင်း သက်သာ ပျောက်ကင်းစေပါတယ်။
  • ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပရာရည်အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင်ဖြစ်တတ် သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကိုလိမ်းပေးက ပျောက်ကင်းနိုင်ပါတယ်။
  • ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်နှင့်နယ်စားပါက ဆီးပုပ်ရောဂါပျောက်ပါတယ်။
  • ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားပါက ဒူလာသွေးဝမ်းကျရောဂါ ပျောက်ပါတယ်။
  • အမျိုးသမီးများ မီးယပ်ဖြူဆင်းခြင်းအတွက် ဆီးဖြူသီးခြောက်မှုန့် ၂၀ ဂရမ်ကျော်(လေးပဲသား)ကို သကြားဆတူရော၍  တစ်နေ့ နှစ်ကြိမ်ခွဲကာ သုံးရက်မှ  ငါးရက်အထိ ဆက်တိုက်သောက်သုံးပါက သက်သာပျောက်ကင်း စေနိုင်ပါတယ်။
  • ဆီးဖြူသီးကို ညက်ညက်ကြိတ်၍ ထိပ်ကအုံပေးပါက နှာခေါင်းသွေးလျှံခြင်းကို ပျောက်ပါတယ်။

အရွက်၏ဆေးဖက်ဝင်ပုံ

  • အရွက်ကို ရေနှင့်သုံးခွက်တစ်ခွက်တင်ကျို၍ရရှိသောအရည်ကို ပလုတ်ကျင်းပေးပါက လျှာကွဲ၊ ပါးစပ်ကွဲ၊ ပါးစပ်ပေါက်ခြင်း နှင့် ရေစီးကမ်းပြိုဖြစ်ခြင်းများ တစ်ခဏအတွင်းပျောက်ကင်းစေပါတယ်။
  • ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့်စားပါက အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများ ပျောက်ကင်းစေပါတယ်။
  • မီးလောင်၊   ရေနွေးပူလောင်သော အနာများအတွက်   ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်ပြီး အမှုန့်ပြုလုပ်၍ ဖြူးပေးသင့် ပါတယ်။
  • အမြစ်နှင့်အရွက်တို့ကို   သွားကိုက်ပျောက်ဆေးအဖြစ် သုံးနိုင်ပါတယ်။

အစေ့၏ဆေးဖက်ဝင်ပုံ

  • အစေ့ကိုထုထောင်းချေပြီးနောက် ရေနွေးနှင့်ပြုတ်၍ မျက်စိကိုဆေးကြောပေးပါက မျက်စိရောဂါအမျိုးမျိုးတို့ကို ပျောက် ကင်းစေပါတယ်။(အထူးသတိပြုရန်) အမျိုးသမီးများ ဆီးဖြူသီးအများအပြားစားသုံးပါက သွေးလေချုပ်တတ်ပါတယ်။

အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်ပိုး ရောက်ရှိနေသည်မှာ ဤဆောင်းပါးရေးနေချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် အချိန်ကာလအားဖြင့် တစ်နှစ်နှင့် ကိုးလမျှကြာမြင့်နေပြီဖြစ်သော်လည်း ကိုဗစ်ခရီးက အတိုင်းအတာတစ်ခုအထိ   ဆက်လက် ရှည်လျားနေဦးမည်ဖြစ်ပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံလျက်ရှိကြသော်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သတိရှိစွာဆက်လက်နေထိုင်၊ သွားလာ၊ ပြုမူဆင်ခြင်ကြရင်း “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသလို ငွေပမာဏအားဖြင့် တန်ဖိုးနည်းလှသော်ငြား ကျန်းမာရေးအာဟာရအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆီးဖြူသီးလေးများကို ကိုဗစ်-၁၉ ကာလ ဆောင်းအချဉ်ဓာတ်စာအဖြစ် စားသုံးကြစေလိုပါကြောင်း ရေးသား အကြံပြုလိုက်ရပါတယ်။   ။

 

ပေါက်ပေါက်