ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန်အတွက် အုပ်စုလိုက်ကိုယ်ခံစွမ်းအား (Herd Immunity) ရရှိရန် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ရာခိုင်နှုန်းမည်မျှလိုအပ်မည်လဲ?

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရန်အတွက် အုပ်စုလိုက်ကိုယ်ခံစွမ်းအား (Herd Immunity) ရရှိရန် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ရာခိုင်နှုန်းမည်မျှလိုအပ်မည်လဲ?

ပညာရှင်များအနေဖြင့် အစပိုင်းကာလများတုန်းက ကိုဗစ်-၁၉ ရောဂါတိုက်ထုတ်နိုင်ရန်အတွက် လူဦးရေ၏ ၆၀-၇၀ ရာနှုန်းခန့်အား   ကနဦးကာကွယ်ဆေး ထိုးနှံပြီးစီးနေရန်  လိုအပ်တယ်လို့ဆိုခဲ့ကြပါတယ်။ ယခုအခါမှာဆိုရင် အဆိုပါကိန်းဂဏန်းကို တိုးမြှင့်သတ်မှတ် လာကြပါတယ်။ လူဦးရေ ဘယ်လောက်ပမာဏ ကာကွယ်ဆေးများထိုးနှံပြီးရင် အုပ်စုလိုက် ခုခံစွမ်းအား (Herd Immunity) ရနိုင်ပြီလို့ ဆိုနိုင်ပါသလဲ? ကာကွယ်ဆေးကြောင့်ဖြစ်စေ ကူးစက်ခံရမှုကြောင့် ဖြစ်စေရရှိလာမည့် ကိုဗစ်-၁၉ ကိုယ်ခံစွမ်းအားသည် လူဦးရေ၏ ဘယ်လောက်အချိုးအစားမှာရှိနေမှသာ ကိုဗစ်-၁၉ ရောဂါ ဖြည်းဖြည်းချင်းပပျောက်သွားပြီး ပုံမှန်လူမှုဘဝတွေ ပြန်လည်ရရှိနိုင်မလဲ?

ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလတွေတုန်းကတော့ ကပ်ရောဂါဗေဒပညာရှင်များက အစုလိုက်အပြုံလိုက် ကိုယ်ခံစွမ်းအား (Herd Immunity) ရဖို့ဆိုရင် လူဦးရေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်မှာ ကာကွယ်ဆေးထိုးပြီးခြင်း သို့မဟုတ်  ကူးစက်ခံရပြီးခြင်းတို့ ဖြစ်ဖို့လို မယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း  ဖော်ပြပါအတိုင်း တောက်လျှောက် ခန့်မှန်းပြောဆိုလာခဲ့တာပါ။ တိတိကျကျပြောနိုင်ကြဖို့တော့ခက်ခဲနေဆဲပါ။ အမေရိကန်သမ္မတ၏ ကျန်းမာရေးအကြံပေးအရာရှိဖြစ်သည့် ဒေါက်တာ အန်တိုနီ ဖောစီကလည်း အစောပိုင်းမှာ ၆၀ မှ ၇၀ ရာခိုင်နှုန်းလို့ပြောဆိုနေပေမယ့် လွန်ခဲ့သော တစ်လလောက်တုန်းကတော့ ၇၀ မှ ၇၅ ရာနှုန်းလို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပြီးနောက် တစ်ပတ် အကြာမှာတော့ ၇၅ မှ ၈၅ ရာခိုင်နှုန်းခန့် ကာကွယ်ဆေးထိုးပြီးဖို့ လိုအပ်မယ်လို့ ပြောဆိုပြန်ပါတယ်။ ဒီလိုခန့်မှန်းရတာတစ်ဖက်က သိပ္ပံပညာပေါ်မှာ အခြေခံသလို တခြားတစ်ဖက်မှာလည်း သူ့လက်ရှိကူးစက်နေမှု အခြေအနေပေါ်မူတည်ပြီး ပြောဆိုခဲ့တာ ဖြစ်ကြောင်းလည်းဆိုပါတယ်။ ကိုဗစ်ကူးစက်မှုကို ရပ်တန့်နိုင်ဖို့ ဆိုရင် ၉၀ ရာခိုင်နှုန်းခန့် အထိလည်း ကာကွယ်ဆေးများထိုးပြီးရန် လိုအပ်နိုင်ကြောင်းပါ။ ဒါဟာဆိုရင် ဝက်သက်ကာကွယ်ဆေး ကဲ့သို့ဖြစ်သွားသည့်သဘောပါ။ ဘာကြောင့်လဲဆိုတော့ ဝက်သက် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဝက်သက် ကာကွယ်ဆေးကို လူတိုင်းထိုးနှံပြီး ဖြစ်ရန်လိုအပ်သည့် အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

အမေရိကန်တွေဟာ ကာကွယ်ဆေးထိုးနှံရန် တွန့်ဆုတ်လျက်ရှိတာကြောင့် ထိုကဲ့သို့ လူအားလုံးနီးပါးကာကွယ်ဆေးထိုးနှံနိုင်ရေးက အခက်အခဲများရှိနေဆဲပါ။ သို့သော်လည်း အချို့သော စစ်တမ်းများအရ ယခုအခါအမေရိကန်တော်တော်များများဟာ ကာကွယ်ဆေး အထိုးခံရေး အဆင်သင့်ဖြစ်လာနေပြီဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ယခင်ပုံမှန်အခြေအနေမျိုးကို မြန်မြန်ပြန် ရောက်ချင်နေ ကြလို့ပဲဖြစ်ပါတယ်။ ဒေါက်တာ ဖော်စီအဆိုအရတော့ ရာခိုင်နှုန်းများနိုင်သမျှများများ ထိုးပြီးလေကောင်းလေပါပဲ။   သူ့အမြင်က တော့ ၉၀ ရာခိုင်နှုန်းခန့်အထိ ကာကွယ်ဆေးများထိုးနှံပြီး ဖြစ်နေတာဟာ  အစုလိုက် အပြုံလိုက်  ခုခံစွမ်းအား (Herd Immunity)  ရရှိဖို့ဖြစ်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်မှာ မိမိဆန္ဒအလျောက်ကာကွယ်ဆေးများထိုးနှံရန် ခွင့်ပြုထားတာကြောင့် ၉၀ ရာနှုန်းအထိ ကာကွယ်ဆေးထိုးနှံပြီးရေးမှာ မလွယ်ကူပါဘူး။ စစ်တမ်းများအရ ခန့်မှန်းကြည့်ရင် အမေရိကန်ပြည်သူ ၂၀ ရာနှုန်းခန့်ဟာ မည်သည့်ကာကွယ်ဆေးမျိုးကိုမဆို အထိုးမခံလိုကြတာတွေ့ရပါတယ်။ ကိုဗစ်က ဝက်သက်ရောဂါလောက် ကူးစက်မှုမြန်ဆန် လွယ်ကူခြင်းမရှိသော်လည်း အစုလိုက်အပြုံလိုက်ခုခံစွမ်းအား (Herd Immunity)ရရှိရန်အတွက် ကာကွယ်ဆေးများ ထိုးနှံရမည့် ရာခိုင်နှုန်းမှာမူ ဝက်သက်နှင့်တန်းတူနီးပါး သတ်မှတ်မှသာ ကိုဗစ်ကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် သေချာရေရာမည့် သဘောမျိုး ကပ်ရောဂါပညာရှင်များက ပြောဆိုနေကြတာပါ။

ဝက်သက်ရောဂါသည်  ကမ္ဘာပေါ်မှာ  ကူးစက်ပြန့်ပွားမှု အလွယ်ကူဆုံးရောဂါဖြစ်ပါတယ်။ ၎င်းရောဂါပိုးဟာ လေထဲမှာနာရီ အနည်းငယ်အထိ ရှင်သန်နေနိုင်ပြီး လေဝင်ပေါက်များမှတစ်ဆင့်လည်း အခြားအခန်းများသို့ ကူးစက်ရောက်ရှိနိုင်ပါသေးတယ်။ အထူးသဖြင့် စစ်တန်းလျားများနှင့် ကျောင်းသားအိပ်ဆောင်ကဲ့သို့သော  နေရာမျိုးတွေမှာ  ဝက်သက်ကူးစက်ပြီဆိုရင် အဲ့ဒီနေရာမှာ ရှိသည့် လူ ၉၅ ရာနှုန်းခန့်ဟာ ဝက်သက်ရောဂါ ကူးစက်ခံရပါတယ်။

ကိုဗစ်ရောဂါအတွက် အစုလိုက်အပြုံလိုက်ခုခံစွမ်းအား(Herd Immunity) ရရှိနိုင်ရန် လူဘယ်လောက်များများ ကာကွယ်ဆေးထိုးရန်  လိုအပ်မည်လဲဆိုသည့်ကိစ္စနှင့် ပတ်သက်လို့ကတော့ မည်သည့်ပညာရှင်မျှ အတိအကျမဖော်ထုတ်နိုင်သေးပါဘူး။ များနိုင်သမျှ များများ ထိုးဖို့လိုအပ်ကြောင်းနဲ့ ဖြစ်နိုင်ရင် ၉၀ ရာခိုင်နှုန်းခန့်အထိ မြန်မြန်ထိုးနှံပေးရင် ရလဒ်ကောင်း ထွက်နိုင်ကြောင်း သာပြောဆိုနေကြဆဲပါ။ အတိအကျတွက်ချက်နိုင်ဖို့ဆိုရင်  အမှန်တကယ် ထိုးနှံပြီးစီးမှု အခြေအနေမှလည်းကောင်း တိရစ္ဆာန်များ တွင် လေ့လာခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လေ့ရှိပါ တယ်။ အမှန်တကယ်ထိုးနှံပြီးစီးမှုကတော့ လက်ရှိအခြေအနေမှာ တွက်ချက်လို့ မရနိုင်သေးပါဘူး။ ကမ္ဘာပေါ်မှာ ကာကွယ်ဆေး လွှမ်းခြုံမှု နည်းပါးသေးသည့် နိုင်ငံများ အများအပြားရှိနေသေးလို့ပါ။ တိရစ္ဆာန်များ တွင်လေ့လာမှုများ ပြုလုပ်နိုင်သော်လည်း လူအများအတွက် ခန့်မှန်းရန်ခက်ခဲပါတယ်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များကို လေ့လာရာမှာ ခြံထဲထည့်ပြီးလေ့လာလို့ရသော်လည်း လူတွေကတော့ ပေါင်းသင်း ဆက်ဆံရေးသတ္တဝါများ ဖြစ်သည်နှင့် အညီ ကူးသန်းသွားလာမှုများ များပြားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် လူအများကြား ကူးစက်မှုထိန်းချုပ် နိုင်ရေးလေ့လာရာမှာ ခက်ခဲပါတယ်။ ကူးစက်မှုပုံစံကို အတိအကျသိရှိမှသာ အစုလိုက်အပြုံလိုက်ခုခံစွမ်းအား (Herd Immunity) အတွက် လိုအပ်သည့် ကိန်းဂဏန်းကို တွက်ထုတ်နိုင်မှာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့မှရရှိသော မူလကိုဗစ် ပိုးကူးစက်ပြန့်ပွားမှု အချက်အလက်များကို  အခြေခံပြီး တွက်ချက်မှုအရ အစုလိုက်အပြုံလိုက် ခုခံစွမ်းအား (Herd Immunity) ရရှိရန် လူဦးရေ၏ ၆၀ မှ ၇၀ ရာနှုန်းခန့် ကာကွယ်ဆေးထိုးနှံပြီးရန် လိုအပ်ကြောင်းခန့်မှန်း တွက်ချက်ဖော်ပြကြခြင်းဖြစ်ပါတယ်။ ကပ်ရောဂါ ပညာရှင်များဟာ ကူးစက်မှုနှစ်ဆဖြစ်ရန် အချိန်မည်မျှယူသလဲဆိုတာကို လေ့လာစောင့်ကြည့်ပြီး ကူးစက်မှုပြန့်ပွားနှုန်း (Reproduction number, R0) တွက်ချက်ရာမှာ  လူအသစ်ကူးစက်မှုအနေဖြင့် အဆိုပါ R0 မှာ ၃ ဖြစ်ကြောင်း တွက်ချက်ရရှိပါ တယ်။ ဒါ့ကြောင့် ကူးစက်ခံရနိုင်ခြေရှိသည့် သုံးယောက်မှာနှစ်ယောက်ဟာ  ကိုယ်ခံစွမ်းအားရရှိနေမယ်ဆိုရင် ရောဂါပိုး သယ်ဆောင် ဖြန့်ဖြူးသူ တစ်ယောက်ချင်းစီသည် တစ်ဦးထက်နည်းသည့် အရေအတွက်ကိုသာ ရောဂါကူးစက်နိုင်စေမည်  ဖြစ်တဲ့အတွက်ကြောင့် ကူးစက်မှုနှေးကွေးသွားမှာဖြစ်ပါတယ်။ သုံးယောက်မှာ နှစ်ယောက်ကိုယ်ခံစွမ်းအားရဖို့ဆိုရင် လူဦးရေ၏ ၆၆ ဒသမ ၇ ရာနှုန်းခန့်  ကာကွယ်ဆေးထိုးပြီးထားဖို့လိုပါတယ်။ ဒါ့ကြောင့် အစုလိုက်အပြုံလိုက် ခုခံစွမ်းအား (Herd Immunity)ရရှိရန် လူဦးရေ၏ ၆၀ မှ ၇၀ ရာနှုန်းခန့် ကာကွယ်ဆေးထိုးနှံပြီးရန် လိုအပ်ကြောင်းခန့်မှန်း တွက်ချက်ဖော်ပြကြခြင်းဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ၏ ကူးစက်နိုင်စွမ်းအခြေအနေကို အခွင့်အရေးရလာတိုင်း လေ့လာစောင့်ကြည့်မှတ်တမ်းတင်လျက်ရှိရာ    ပြင်သစ် လေယာဉ်တင်သင်္ဘော ချားလ်စ်ဒီဂေါပေါ်တွင် ၂၀၂၁ မတ်လက ကိုဗစ် ကူးစက်မှုဖြစ်ပွားခဲ့သည့်အခြေအနေများကို စောင့်ကြည့် လေ့လာမှုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဆိုပါလေ့လာမှုအရ သင်္ဘောသား ၁၅၆၈ ဦးကို ဆေးစစ်ရာ ၁၀၆၄ ဦးမှာ ကူးစက်ခံရသဖြင့် ၆၈ ရာနှုန်းခန့်ကူးစက်ခံရကြောင်း တွေ့ရှိရပါတယ်။ သို့သော်လည်း အဆိုပါသင်္ဘောကိုကမ်းကပ်ပြီးနောက် သင်္ဘောသားများကို ကွာရန်တင်း ဝင်ခိုင်းလိုက်သောကြောင့် ကိုဗစ်ပိုးကူးစက်မှုဟာ ၆၈ ရာနှုန်းမှာပဲရပ်တန့်သွားမလား သို့မဟုတ်  ဆက်လက်ပြီးတော့  လူဘယ်လောက် ကူးစက်ခံရနိုင်မလဲဆိုတာဆက်လက်လေ့လာဖို့ ခက်ခဲသွားခဲ့ပါတယ်။ ပင်လယ်ထဲမှာရှိနေတဲ့ သင်္ဘောပေါ်မှာ ကူးစက်မှုအခြေအနေကိုလေ့လာနိုင်ခြင်းဟာ ကူးစက်မှုလေ့လာသည့်  သုတေသနအတွက် အဖြေထုတ်ရာမှာ ပိုမိုတိကျ နိုင်ပါတယ်။ သို့နှင့်တိုင် သင်္ဘောပေါ်က ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေကို လေ့လာခြင်းအားဖြင့် ကုန်းပေါ်မှာ လူနေရပ်ကွက်တွေ အတွင်းမှာ ကူးစက်ပြန့်ပွားမှုအတွက် ကောက်ချက်ချရန်မှာ အားနည်းချက်တွေရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ သင်္ဘောပေါ်က လူနေထိုင်မှု အခြေအနေဟာ လူနေအိမ်တွေ မြို့ပြနေထိုင်မှုပုံစံတွေနှင့် နှိုင်းယှဉ်ပါက ပိုမိုကျဉ်းမြောင်းပြီး ကူးစက်ပြန့်ပွားမှုပိုမိုဖြစ်စေလို့ပါ။

ကိုဗစ် စတင်ဖြစ်ပွားခဲ့သော  တရုတ်နိုင်ငံဝူဟန်ဒေသနှင့် အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ အီတလီနိုင်ငံတွေက အစောပိုင်းတွေ့ရှိချက် တွေပေါ်မူတည်ပြီး ခန့်မှန်းခြင်းဟာ အမှန်တကယ်ဖြစ်ပွားခဲ့မှုထက် လျော့နည်းနိုင်ပါတယ်။ ပညာရှင်များ   အဆိုအရ အဆိုပါဒေသ တွေမှာ ဖြစ်ပွားခဲ့မှုအရေအတွက်များသည် လျော့နည်းရေတွက်ခဲ့မှုနှင့် အမှန်တကယ် ဖြစ်ပွားခဲ့သူများအားလုံးကို ထည့်သွင်းရေတွက် နိုင်ခဲ့မှုအားနည်းနိုင်လို့ပါ။ ထို့ပြင် ကူးစက်ခံရပြီး ရောဂါလက္ခဏာမပြသသူများလည်း ကျန်နေနိုင်ပါသေးတယ်။ ထို့ပြင်  ပိုးဖြန့်ချိ နှုန်းမြင့်မားသူတွေ (ကိုဗစ်ပိုးသယ်ဆောင်ထားသူတွေအနက် လူစုလူဝေးနေရာတွေကို သွားရောက်နှုန်းများသူတွေ၊ ကလပ်တွေ၊ ဘားတွေမှာပျော်မွေ့သူတွေ)သည်လည်း ကိုဗစ်ပိုးကူးစက်မှု မြင့်မားစေသည့် အကြောင်းရင်းတွင် ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ အဲ့လိုလူမျိုးတွေများသည့် ပတ်ဝန်းကျင်မှာ ကိုဗစ်ပိုးပြန့်ပွားမှုဟာ ပိုမိုများပြားစေနိုင်ပါတယ်။ ကူးစက်မှုပြန့်ပွား နှုန်းကိန်းဖြစ်တဲ့ R0 ဟာဆိုရင် ပုံမှန် ၃ လောက်ရှိနေရာမှ အဆိုပါ ပိုးဖြန့်နှုန်းမြင့်မားသူတွေ (Super Spreader) များသည့် ဒေသတွေ မှာဆိုရင် ၅-၆ လောက်အထိ မြင့်တက်သွားနိုင်ပါတယ်။ ဥပမာ- R0 ဟာ ၅ လောက်ဖြစ်သွားသည် ဆိုပါစို့။ လူငါးယောက်မှာ လေးယောက်သည် ကိုဗစ်ပိုးကူးစက်ခံရနိုင်သည့် အခြေအနေဖြစ်သွားပါတယ်။ ၎င်းအခြေအနေမှာ လူအုပ်စုလိုက် ကိုယ်ခံစွမ်းအား (Herd Immunity) ရနိုင်ဖို့ဆိုရင် လူငါးယောက်မှာ လေးယောက်သည် ကိုယ်ခံစွမ်းအားရရှိရန်လိုအပ်သဖြင့် လူဦးရေ၏ ၈၀ ရာနှုန်းခန့် ကာကွယ်ဆေးထိုးပြီးရန် လိုအပ်မှာဖြစ်ပါတယ်။ သို့မှသာ ကူးစက်ပြန့်ပွားမှုနှုန်းသည် ၁ အောက်ရောက် ရှိပြီးကူးစက်မှုသည်လည်း  တဖြည်းဖြည်း လျော့ကျလာနိုင်မှာဖြစ်ပါတယ်။

တခြားထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ ကိုဗစ်ဗိုင်းရပ်ကိုယ်၌က ပိုမိုပြီးတော့ ကူးစက်မှုမြန်ဆန်လာခြင်းပဲဖြစ်ပါတယ်။ ဗီဇ ပြောင်းလဲမှုဖြစ်လာသည့် ကိုဗစ်မျိုးကွဲများသည် မူလမျိုးကွဲထက် ကူးစက်မှုနှုန်းပိုမိုမြန်ဆန်လာသည်ကို တွေ့ရှိရပါတယ်။ ကူးစက် နိုင်မှု ပိုမိုမြန်ဆန်လာသည့် မျိုးကွဲများပေါ်ထွက်လာလေလေ ပိုမိုများပြားသည့် လူအုပ်ကြီးဟာကိုယ်ခံစွမ်းအားတွေရရှိနေဖို့ လိုအပ် လေလေဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူလူထုအတွင်း ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုရာခိုင်နှုန်း မြင့်မားဖို့ လိုအပ်လေ လေဖြစ် လာပါတယ်။ သို့မှသာ ကိုဗစ်ကူးစက်မှုကိုလျော့နည်း ကျဆင်းလာစေမှာဖြစ်ပြီး နောက်ဆုံးမှာ ကူးစက်မှုများကို ရပ်တန့်နိုင်မှာလည်း ဖြစ်ပါတယ်။ ဖော်ပြပါအကြောင်းပြချက်များအရ လူဘယ်လောက်များများ ကိုယ်ခံစွမ်းအားရရှိဖို့ ကာကွယ်ဆေးများထိုးရန် လိုအပ် သည် ဆိုတာကို တိတိကျကျထုတ်ဖော် ကြေညာဖို့ခက်နေပါတယ်။                 

အမေရိကန်ပြည်ထောင်စု ကပ်ရောဂါထိန်းချုပ်ရေးဌာနကတော့ လူအုပ်စုလိုက် ကိုယ်ခံစွမ်းအား  (Herd Immunity)  ရနိုင်ဖို့ မည် သည့် ကိန်းဂဏန်းမှ ဖော်ထုတ်ပြောဆိုထားခြင်းမရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ပညာရှင်အချို့ကတော့ ၆၀-၇၀ ရာနှုန်း လိုအပ်နိုင်တယ်လို့ ပြောဆိုလေ့ရှိပါတယ်။  တစ်ကမ္ဘာလုံးက  နိုင်ငံတွေအတွက် ကိုယ်စားပြုနိုင်မည့် အဆိုပါလူအုပ်စုလိုက် ကိုယ်ခံစွမ်းအား (Herd Immunity) ရနိုင်ဖို့ လူဦးရေ၏ မည်မျှလောက် ကာကွယ်ဆေးများထိုးနှံပြီးဖြစ်ရမည်ဆိုတာကို အတပ်မပြော နိုင်ပါဘူး။ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအလိုက်သာ အဆိုပါကိန်းဂဏန်းကို ခန့်မှန်း တွက်ချက်ပြောဆိုနိုင်ပါသေးတယ်။ လူထူထပ် သည့် ဒေသများအတွက်ဆိုရင် လူအုပ်စုလိုက် ကိုယ်ခံစွမ်းအား (Herd Immunity) ရနိုင်ဖို့ ကာကွယ်ဆေး လွှမ်းခြုံမှု ရာနှုန်းမြင့်မားစွာ လိုအပ်နိုင်ပြီး လူနေကျဲပါးသည့် ဒေသများအတွက်မူ အဆိုပါကိန်းဂဏန်းသည် လျော့နည်းနိုင်ပါတယ်။    

အချုပ်အားဖြင့်ဆိုရလျင် ကိုဗစ်ကူးစက်မှု သုည “ဝ”ရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်ကို မည်သည့်နည်းနှင့်မျှမရရှိနိုင်ပါ။ သမိုင်း တစ်လျှောက် တုပ်ကွေးရောဂါကဲ့သို့ ကပ်ရောဂါများ ကူးစက်ခံရမှုကာလတစ်လျှောက်လည်း  လူမှုအဖွဲ့အစည်းကြီးကို  လုံးဝပိတ်ပင် တားမြစ်ထားမှုများမပြုလုပ်ခဲ့ကြပါ။ အသက်အရွယ်ကြီးရင့်သူများ၊ နာတာရှည်ရောဂါအခံရှိသူများစသည့် ကိုဗစ်ကူးစက်ခံရလျင် အန္တရာယ်များ လွန်းသည့် လူအုပ်စုအား ကာကွယ်ဆေးများလိုသလောက် ထိုးနှံပေးနိုင်လျှင်ပင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် လူမှုစီးပွားဘဝများသည် ကိုဗစ်-၁၉ ရောဂါ၏ဒဏ်ကို ခံနိုင်ရည်ရှိမည်ဖြစ်ပါတယ်။ ၎င်းအပြင် ကိုဗစ်-၁၉ ရောဂါ၏ ပြင်းထန်မှုသည် လည်း တဖြေးဖြေး လျော့ပါးသွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။   ။

ကိုဇေ