မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေးနှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေးနှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၄

မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင်  ပြောင်းလဲ တိုးတက်လျက်ရှိသော ခေတ်ကာလနှင့် လိုက်လျောညီထွေမှု ဖြစ်စေရန် ဌာနဖွဲ့စည်းပုံများ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ မွေးမြူရေးဆိုင်ရာ သုတေသနဌာန ဦးစီးဌာနကို အသစ်တိုးချဲ့ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေးအတွက် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့ (BASc)၊ တိရစ္ဆာန် ဆေးပညာဘွဲ့ (DVM)များကို ပေးအပ်လျက် ရှိကြောင်း၊ အလားတူ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကျွမ်းကျင်သူများ အဖြစ် သင်ကြားလေ့ကျင့်မွေးထုတ် ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံ (နေပြည်တော်၊ ပျဉ်းမနား)၊ ပုသိမ်ကြီးနှင့် ဟဲဟိုးတို့တွင် ရှေ့ပြေးဖွင့်လှစ် သွားမည်ဖြစ်ကာ စိုက်ပျိုးရေး သိပ္ပံကျောင်းအားလုံးတွင် တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း။

 မြစိမ်းရောင်စီမံကိန်း   ကျေးရွာ ၃ဝ ၏ ဆောင်ရွက်နေမှုများကို လေ့လာ၍ တိုးတက်မှုအခြေအနေများကို ဆန်းစစ်ပြီး   ဒေသအသီးသီးရှိ အခြားကျေးရွာများ လေ့လာ နိုင်ရေးနှင့် အလားတူ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မွေးမြူရေးဆိုင်ရာ သတင်းအချက်များကို  ခေတ်မီဒစ်ဂျစ်တယ် နည်းပညာကို အသုံးပြု၍   ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊  တိရစ္ဆာန် မျိုးသန့်မျိုးပွားလုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူ ကုသရေးဆိုင်ရာ နည်းပညာပြန့်ပွားရေး လုပ်ငန်းများအပြင် ပြည်ပပို့ကုန်များ အတွက် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ်စံချိန်စံညွှန်းကို  မွေးမြူရေး ကဏ္ဍတွင် ပါဝင်ပတ်သက်သူ အားလုံးသိရှိ လိုက်နာ ဆောင်ရွက်ရေး အသိပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အစည်းအဝေး၌ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများ၊ တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ မွေးမြူရေးဆိုင်ရာ သုတေသန ဖွံ့ဖြိုးရေးဆိုင်ရာများ၊ မွေးမြူရေး ထွက်ကုန် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်  မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူ လူ့စွမ်းအား အရင်းအမြစ်များ တိုးပွားရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြကြောင်း    သိရသည်။