ဆီးသွားများခြင်း မျက်စိမှုန်ခြင်းတို့ရဲ့အရင်းခံ

စာသင်သားကျောင်းသားတစ်ဦးအနေနဲ့ ခဏခဏ ဆီးသွားသွားနေခြင်း၊ ညအိပ်ချိန်မှာပဲ ထပြီးဆီးသွားရခြင်း၊ မျက်စိကစာလုံးတွေကြည့်ရင် အရောင်တောက်လာပြီး ဝေဝါးလာခြင်း တို့က သွေးအတွင်း သကြားဓာတ်များနေနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ သင်ခန်းစာအပေါ် ကြောက်လန့်နေတာမျိုး၊ ဥပမာ-သင်ခန်းစာကကျောင်းသားအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်။ ပင်ပန်းလွန်းနေမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ အပြင်ဘက်မကြာခဏထွက်ပေါက်ရှာ တတ်ပါတယ်။ ဆီးမကြာခဏ သွားတတ်ပါတယ်။

နေ့စဉ်နာရီဝက်မှ တစ်နာရီကြာအားကစားတစ်ခုခု ဥပမာ-အပြေး၊ လမ်းလျှောက်ခြင်း၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုပြုသင့်ပါတယ်။ နေ့စဉ်အားကစားပုံမှန်နာရီဝက်၊ တစ်နာရီလုပ်ပေး ခြင်းက စိတ်ရောကိုယ်ပါအနားပေးခြင်း၊ ပတ်ဝန်းကျင်ကောင်းကိုဖန်တီးပေးခြင်း၊ ပိုလျှံတဲ့ အဆီတွေမစုမိစေဖို့ ချွေးအဖြစ်ထွက်စေခြင်းနဲ့ စိတ်ပေါ့ပါးလန်းဆန်းစေခြင်း၊ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံစေပါတယ်။ လူတိုင်းပြုလုပ်သင့်ပါတယ်။ဆီးသွားများခြင်း၊ မျက်စိမှုန်ခြင်းတို့မှာ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်မျိုး   ဖြစ်တတ်ပါတယ်။ ဆီးစစ်တာ သို့မဟုတ်  သွေးချိုဖောက်စစ် တာပြုသင့်တယ်။ သိပ်ပြီးသေချာချင်ရင် ဟေမိုဂလိုဘင်အေဝမ်းစီ(Hb A1C) ကို  နံနက် ၆ နာရီ အိပ်ရာထထချင်း ဖောက်စစ်ကြည့်ရင် ဆီးချိုရှိ၊ မရှိ ယတိပြတ်ဖြေနိုင်မှာဖြစ်ပါတယ်။ သကြား၊ အချိုရည်အစားများနေ၊ အသောက်များနေသလား။ ယခင်ကအချိုရည်ဘူးတွေ မပိတ်ပင်ခဲ့ ပေမယ့် ၂၁ ရာစုအဝင်မှာ ကျောင်းများ၊ သင်တန်းများမှာ လက်မခံကြတော့ပါဘူး။ ပါဝါသကြား၊ အနံ့နဲ့အရောင်အမျိုးမျိုးပြုလုပ်ကာ သောက်ချင်စဖွယ်စီမံထားသမျှ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အဆီများလာခြင်း၊ အဝလွန်ခြင်းတို့ ဖြစ်စေနိုင်လို့ ယခုအခါအနောက်နိုင်ငံက စာသင်ကျောင်းတွေမှာ တားမြစ်နေပြီဖြစ်တယ်။

ဆီးချို၊ သွေးချိုမရှိရင် ရေလျှော့သောက်စေချင်တယ်။   ရေမကြာခဏသောက်ခြင်းရဲ့ရလဒ်က ဆီးမကြာခဏသွားတတ်ပါတယ်။ ဆီးချိုဖြစ်ရင်တော့ အနည်းဆုံးဆီးချိုဆေးနှစ်မျိုး ဥပမာ-မက်ဖော်မင် (Matformin 500mg) နဲ့ ဂရစ် (Gritz 80mg) တွဲပြီးသောက်စေခြင်းက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးယဉ်ပါးမှုမှကင်းစေပါတယ်။ တစ်ပတ်တစ်ခါ ဆီးစစ်သွေးစစ်ဖို့တော့ လိုလိမ့်မယ် သို့မဟုတ် တစ်ပတ်တစ်ကြိမ်လောက် သွေးဖောက်စစ်သင့်တယ်။

မျက်စိနဲ့ပတ်သက်လို့ မျက်စိအထူးကု ဆရာဝန်ကြီးတစ်ဦဦးနဲ့ပြသဖို့ လိုကောင်းလိုအပ်နိုင်ပါ တယ်။ စာဖတ်များသူ၊  တီဗွီ၊ ကွန်ပျူတာအကြည့်များသူတွေမှာ  မျက်စိဒုက္ခပေးနိုင်ပါတယ်။ အဝေးမှုန်၊ အနီးမှုန်၊ ဆလင်ဒါအရွဲ့၊ အစောင်း၊ နီးဝေးမှုန်တို့ဖြစ်နိုင်ပါတယ်။  သင့်လျော်တဲ့ မျက်မှန်ပါဝါကို စမ်းသပ်ပြီး တပ်ဆင်သင့်ပါတယ်။ ဒီဘက်ခေတ်ကွန်ပျူတာနဲ့ မျက်မှန်ပါဝါ ချိန်ပေးနိုင်တဲ့အပြင် မျက်မှန်မတပ်ရဘဲ နဂိုမြင်နေကျ အနီးအဝေးကောင်းမွန်စွာ ချိန်ညှိပေး နိုင်ပြီဖြစ်လို့ လမ်းဘေးမျက်မှန်ဆိုင်က သင့်လျော်ရာရွေးတပ်တာထက်ပိုပြီး စနစ်တကျ စမ်းသပ်တပ်ဆင်သင့်ပြီပဲဖြစ်တယ်။ မျက်စိမှုန်ရင် မျက်မှန်လိုပါတယ်။

ဆီးသွားများခြင်း၊ မျက်စိမှုန်ခြင်းတို့ရဲ့တရားခံမှာ သကြား (အချို)ပိုစားတတ်သူများ  ဖြစ်နေ တတ်ပါတယ်။ သကြားဟာ ခန္ဓာကိုယ်တွင်းကယ်လိုရီနဲ့  စွမ်းအားရရှိတဲ့  အရေးကြီးအစား အစာဖြစ်တယ်။

(၁) မျက်စိအဝေးမှုန်ခြင်း

အချိုကြိုက်သူများ   အခြားသူတွေထက်ပိုပြီးအဝေးမှုန်လွယ်တယ်။ နှစ်ရှည်လများ သကြား အချိုစားမှုကြောင့် သွေးချိုမြင့်တက်လာစေတယ်။ မျက်လုံးအိမ်အတွင်းရှိ အရည်ကြည်များ၊ မျက်လုံးမှန်ဘီလူး အတွင်းစိမ့်ဝင်နိုင်တဲ့အတွက် မှန်ဘီလူးပုံပြောင်းနိုင်ပါတယ်။ အလင်းယိုင် ခြင်းများစေတယ်။ အဝေးမှုန်ပိုဖြစ်စေတယ်။

(၂) ဆီးချိုရောဂါပိုမိုဖြစ်စေခြင်း

သကြားပိုစားသုံးသူတွေမှာ ခန္ဓာကိုယ်အဆီတိုးကာ အဝလွန်ပြီးဆီးချိုရောဂါဖြစ်စေနိုင်တယ်။ အင်ဆူလင်မမှီခိုတဲ့ ဆီးချိုအမျိုးအစား(၂)ရောဂါရဲ့ ၈၀-၉၀ ရာခိုင်နှုန်းဟာ  အချိုအစားများခြင်း၊ အဝလွန်ခြင်း၊ ကိုယ်အလေးချိန်လွန်ကဲခြင်းတို့ကြောင့်ဖြစ်တယ်။ အဝလွန်ခြင်းမရှိစေဖို့ အချိုစားခြင်းလျှော့ကာ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းနာရီဝက်မှတစ်နာရီကို  အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်ပေးသင့်ပါတယ်။ အစားအစာကို သင့်တင့်စွာစားသင့်ပြီး အလွန်အကျွံမစားသင့်ပါဘူး။

(၃) ပရိုတင်းအသားဓာတ်ချို့တဲ့ခြင်း

ဘယ်ရီဘယ်ရီ အသားဓာတ်ချို့တဲ့ရောဂါဖြစ်နိုင်တယ်။ ထိန်းချုပ်မှုမဲ့စွာ သကြားအချို သို့မဟုတ် အချိုရည်သုံးစွဲတာကြောင့် ကိုယ်တွင်းဗီတာမင်ဘီဝမ်း ဓာတ်များစွာဆုံးရှုံးစေတယ်။ ဗီတာမင် ဘီဝမ်းဓာတ်ချို့တဲ့မှုကြောင့် အာရုံကြောရောင်ရမ်းခြင်းဖြစ်နိုင်ကာ ဘယ်ရီဘယ်ရီရောဂါအစပဲ ဖြစ်တယ်။ အချို့အရမ်းပိန်သွားမယ်။

(၄) နှလုံးသွေးကြောရောဂါများ

နှစ်ရှည်လများ  အချို၊ သကြားအစားများတာကြောင့် အဝလွန်လာကာ နှလုံးသွေးကြော ရောဂါဖြစ်လာစေနိုင်တယ်။ ဆေးပညာရှင်များရဲ့ စမ်းသပ်လေ့လာတွေ့ရှိချက်အရ သကြားသုံး စွဲမှုပမာဏနဲ့နှလုံးရောဂါကြောင့် သေပျောက်နှုန်းနှိုင်းယှဉ်တဲ့အခါ သကြားအချို အစားများလေ နှလုံးသွေးကြောရောဂါပိုဖြစ်လေတွေ့ရှိရပါတယ်။

(၅) အာဟာရချို့တဲ့ရောဂါ

သကြားအချိုလွန်ကဲခြင်းဟာ အာဟာရဓာတ်ချို့တဲ့ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သကြားနဲ့ ချိုတဲ့အစားအစာတွေ အစားလွန်ကျူးတာနဲ့အမျှ သွေးချိုပမာဏမြင့်တက်ပြီး ကလေးများမှာ ထမင်းစားချင်စိတ်ပျက်ပြား စေတယ်။ သကြားအချိုကြိုက်တဲ့ကလေးများဟာ ဗီတာမင်များ၊ ကယ်စီယမ်၊ ပိုတက်စီယမ်စတဲ့သတ္တုဓာတ်ချို့တဲ့ရောဂါများဖြစ်လာနိုင်ပါတယ်။

(၆) ကင်ဆာရောဂါများ

အချိုဓာတ်သကြားနဲ့ တိုက်ရိုက်ပတ်သက်မှုမရှိပေမယ့် အချိုများခြင်းဟာ မြုပ်ကွယ်နေတဲ့ ကင်ဆာရောဂါအရင်းအမြစ်ဖြစ်နိုင်တယ်။ ဝဖြိုးတဲ့ကလေးငယ်တွေ၊ အချိုအစားများတဲ့ကလေး တွေမှာ နောင်တစ်ချိန် ပန်ကရိယကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အစာအိမ်နဲ့အူလမ်းကြောင်း ကင်ဆာရောဂါများရစေနိုင်တယ်။ ကင်ဆာဆဲလ်ပျံ့နှံ့မှုအားပေးစေတယ်။

(၇) ဆီးသွားများခြင်း

ဆီးသွားများလာတာကြာရင် စိတ်ဓာတ်ကျရောဂါဖြစ်လာနိုင်တယ်။ အခြားသူနဲ့မတူဘဲ ရောဂါ တစ်ခုခုခံစားနေရသလိုဖြစ်နေနိုင်တယ်။  စိတ်ဓာတ်ကျလိုက် တက်လိုက်နဲ့ အများနဲ့ လိုက်လျော ညီထွေအောင် မနေနိုင်တဲ့သူဖြစ်နိုင်တယ်။

(၈)အဝလွန်ခြင်း

စိတ်ဓာတ်ကျသူအချို့ဟာ အစားပိုစားခြင်း၊ အချိုပိုစားခြင်းကြောင့် လှုပ်ရှားမှုနည်းနိုင်တာ နဲ့အမျှ အဝလွန်လာတယ်။ လေးလံထိုင်းမှိုင်းလာတယ်။ နားလေးခြင်း၊ မျက်စိမှုန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ညဘက်ဆီးခဏခဏသွားရတာနဲ့အမျှ အအိပ်အနေနည်းလာနိုင်တယ်။ အချိုအစားများလေ အအိပ်နည်းလေဖြစ်တယ်။

(၉) ရောဂါများဖြစ်စေနိုင်တယ်

ဆီးလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးများဝင်လာနိုင်တယ်။ အသက်ကြီးသူများမှာ ဆီးကျိတ် ရောဂါ၊ ဆီးကျိတ်ကင်ဆာဖြစ်နိုင်တယ်။  ဆီးပိုက်နဲ့ဆီးချူထားပြီး အာထရာဆောင်းရိုက်ကြည့် ရင် ရောဂါအဆင့်သိနိုင်ပါတယ်။ အမျိုးသမီးတွေမှာ မီးယပ်ရောဂါများ၊ ကင်ဆာရောဂါများ ဖြစ်နိုင်ပါတယ်။

(၁၀) လူကိုအိုမင်းစေခြင်း

သကြားအစားများခြင်း၊ ဆီးမကြာခဏသွားခြင်း၊ မျက်စိမှုန်ခြင်းတို့ဟာ နောက်ပိုင်း လူကိုအိုမင်း စေနိုင်ပါတယ်။ အရေပြားတွန့်ခေါက်လွယ်ခြင်း၊ အရေပြားရဲ့အင်္ဂါအစိတ်အပိုင်း ပျော့တွဲစေခြင်း ကိုဖြစ်စေနိုင်တယ်။

(၁၁) ဆီးသွားများခြင်း

ဆီးသွားများခြင်းနှင့်မျက်စိမှုန်ခြင်းကို မကုသဘဲထားရင် ဆီးချိုသွေးချိုရောဂါ၊ ဆီးချိုကြောင့် မျက်စိမှုန်ခြင်း၊ အတွင်းတိမ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါတို့  ဖြစ်လာနိုင်ပါတယ်။ မိသားစုဆရာဝန်နဲ့ပြသကာ  ကုသမှုခံယူသင့်ပါတယ်။