မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth)နှင့် လွှမ်းမိုးနေသော အချက်များ

ပတ်ဝန်းကျင်နိုင်ငံများရဲ့ မျှော်မှန်းသက်တမ်း ၂၀၂၁ ခုနှစ်အတွင်းမှာရှိတဲ့ အာဆီယံနိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို ကြည့်မယ်ဆိုရင် စင်ကာပူနိုင်ငံဟာ မျှော်မှန်းသက်တမ်း ၈၄ ဒသမ ၁ နှစ်နဲ့ အမြင့်ဆုံး ဖြစ်တာကို တွေ့ရမှာ ဖြစ်တယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ ၇၇ ဒသမ ၇ နှစ်၊ မလေးရှား ၇၆ ဒသမ ၆ နှစ်၊ ဘရူနိုင်း ၇၆ ဒသမ ၃ နှစ်၊ ဗီယက်နမ် ၇၅ ဒသမ ၇ နှစ်၊ အင်ဒိုနီးရှား ၇၂ ဒသမ ၃ နှစ်၊ ဖိလစ်ပိုင် ၇၁ ဒသမ ၆ နှစ်၊ ကမ္ဘောဒီးယား ၇၀ ဒသမ ၅ နှစ်၊ လာအို ၆၈ ဒသမ ၉ နှစ်နဲ့ မြန်မာနိုင်ငံအနေနဲ့ ၆၇ ဒသမ ၈ နှစ်နဲ့ အစဉ်လိုက် ရပ်တည်နေတာကို တွေ့ရမှာဖြစ်တယ်။

အခြားသောအိမ်နီးချင်းနိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို ကြည့်လိုက်တဲ့ အခါမှာလည်း တရုတ်နိုင်ငံ ၇၆ ဒသမ ၉ နှစ်၊ အိန္ဒိယနိုင်ငံ ၆၉ ဒသမ ၇ နှစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၇၂ ဒသမ ၆ နှစ်အသီးသီးရှိတာကို တွေ့ရမှာ ဖြစ်တယ်။ ဒီအချက်တွေကို လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ မျှော်မှန်းသက်တမ်း အနိမ့်ဆုံး ဖြစ်နေတာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းနှင့် ပတ်သက်၍ သိသင့်သောအချက်များ

 မြန်မာနိုင်ငံ လူဦးရေတစ်ရပ်လုံးရဲ့ မျှော်မှန်းသက်တမ်းဟာ ၂၀၂၁ ခုနှစ်မှာ ၆၇ ဒသမ ၈ နှစ်ဖြစ်တာကို တွေ့ရမှာဖြစ်တယ်။ ဒီနေရာမှာ မြန်မာအမျိုးသားများရဲ့ မျှော်မှန်းသက်တမ်းကတော့ ၆၄ ဒသမ ၇ နှစ်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၇၀ ဒသမ ၈ နှစ် ဖြစ်တာကို တွေ့ရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၅၀ ပြည့်နှစ်မှာ မျှော်မှန်းသက်တမ်း ၃၃ ဒသမ ၆ နှစ်ပဲရှိခဲ့ရာကနေ ၁၉၉၅ ခုနှစ်မှာ ၅၈ ဒသမ ၅  နှစ်၊ ၂၀၀၀ ပြည့်နှစ်မှာ ၆၀ ဒသမ ၁ နှစ်၊ ၂၀၀၅ ခုနှစ်မှာ ၆၁ ဒသမ ၆ နှစ်၊ ၂၀၁၀ ပြည့်နှစ်မှာ ၆၃ ဒသမ ၅ နှစ်၊ ၂၀၁၅ ခုနှစ်မှာ ၆၅ ဒသမ ၈ နှစ်နဲ့ ၂၀၂၀ ပြည့်နှစ် မှာတော့ ၆၇ ဒသမ ၂ နှစ်နဲ့ တဖြည်းဖြည်းချင်း တိုးတက်လာတာကို တွေ့ရပါတယ်။ 

နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းအပေါ်   အဓိက သက်ရောက်မှုရှိတဲ့ အချက်တစ်ခုကတော့ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ပဲ ဖြစ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုစနစ်အရ ပြောမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေတာကို တွေ့ရမှာဖြစ်တယ်။

နိုင်ငံလူဦးရေအများစုဟာ ကျန်းမာရေးပြုစု စောင့်ရှောက်မှုအတွက် ကိုယ်တိုင်ကုန်ကျခံရတဲ့ နည်းလမ်း (Out of Pocket Payment)ကိုသာ အလေးထားနေရဆဲဖြစ်တယ်။ နိုင်ငံလူဦးရေ ၅၅ သန်းရှိတဲ့အထဲက လူဦးရေ ၆ သိန်းကျော်လောက်သာ ကျန်းမာရေး အာမခံစနစ်ရှိတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒါ့အပြင် ကျန်းမာရေး ဝန်ထမ်းပြတ်လပ်မှုကိုလည်း အပြင်းအထန် ကြုံတွေ့နေရတဲ့ နိုင်ငံလည်းဖြစ်တယ်။ ဒီလိုပြတ်လပ်တဲ့ နေရာမှာ ဆရာဝန်တစ်ခုတည်းမဟုတ်ဘဲ  သူနာပြု၊ ဆေးဝါးကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင် အစရှိတဲ့လူသား အရင်းအမြစ်များကပါ လျော့ပါးလာနေတာကို တွေ့ရှိရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဆရာဝန်နဲ့ လူဦးရေအချိုးအစားကို ကြည့်မယ်ဆိုရင်လည်း လူတစ်သိန်းမှာ ဆရာဝန် ၆၁ ဦးပဲရှိတာကိုတွေ့ရမှာဖြစ်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံသတ်မှတ်ချက်အရဆိုရင် လူဦးရေ တစ်သိန်းမှာ ဆရာဝန် ၁၀၀ ဦးရှိသင့်တယ်လို့ ဆိုထားတာကို တွေ့ရမှာဖြစ်တယ်။ ဒီသတ်မှတ်ချက်အရဆိုရင် မြန်မာနိုင်ငံအနေနဲ့ လုံလောက်တဲ့ ဆရာဝန်အချိုးအစား ရရှိဖို့အတွက် ကြိုးစားရဦးမယ်ဆိုတာကို တွေ့ရှိရမှာ ဖြစ်တယ်။ စာရင်းဇယားများအရ မြန်မာနိုင်ငံအနေနဲ့ ၁၉၉၅ ခုနှစ်မှ   ၂၀၂၀ ပြည့်နှစ်အထိ   ပြည်တွင်း ဆေးတက္ကသိုလ်တွေကနေ ဆရာဝန်ပေါင်း သုံးသောင်းကျော်မွေး ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီလို မွေးထုတ်ပေးခဲ့တဲ့ ဆရာဝန်တွေထဲက ၂၀၂၀ ပြည့်နှစ်အထိ ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေသူ တစ်သောင်းခွဲကျော်သာ ရှိတဲ့အတွက် လုပ်ငန်းခွင် ဝင်ရောက်နိုင်မှုအနေနဲ့ ထက်ဝက်ကျော်ခန့်သာ ရှိတာကို တွေ့ရှိခဲ့ရပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်နိုင်မှုမရှိတဲ့ ဆရာဝန်အရေအတွက် များပြားခြင်းဟာလည်း နိုင်ငံတော်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ပဲ ဆိုရမှာဖြစ်တယ်။ ဒီလိုလုံလောက်တဲ့ ဆရာဝန်ဦးရေမရရှိခြင်းဟာ နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် တိုက်ရိုက်သက်ရောက်စေတဲ့အချက်တွေ ဖြစ်ပါတယ်။

ကျန်းမာရေးစနစ်အနေနဲ့ အားနည်းနေပေမယ့်လည်း အစိုးရအဆက်ဆက်ဟာ တိုးတက်ကောင်းမွန်အောင် ကြိုးစားလာခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ ကျန်းမာရေး အသုံးစရိတ်အနေနဲ့ ၂၀၁၁ ခုနှစ်မှာ ဂျီဒီပီတစ်ခုလုံးရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်မှာ ၅ ရာခိုင်နှုန်းအထိ အသီးသီး တိုးတက်လာတာကို တွေ့ရမှာဖြစ်တယ်။    အထူးသဖြင့် အဆိုပါ ကျန်းမာရေး အသုံးစရိတ်တွေကို  မိခင်နဲ့ကလေးကျန်းမာရေး ကဏ္ဍတွေမှာ တိုးတက်သုံးစွဲခဲ့တာကို လေ့လာတွေ့ရှိရမှာ ဖြစ်တယ်။    နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းကို  တိုးတက်လာစေဖို့အတွက် အခုလို ဆောင်ရွက်လာတာဟာ ပြည့်စုံကောင်းမွန်ပြီဟု မဆိုသာပေမယ့် မြန်မာနိုင်ငံအနေနဲ့ မှန်ကန်တဲ့လမ်းကြောင်း တစ်ခုပေါ်ကို ရောက်ရှိနေတယ်လို့တော့ ဆိုရမှာဖြစ်တယ်။

ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်   တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ နိုင်ငံတကာရဲ့ ပံ့ပိုးဆောင်ရွက်မှုတွေပဲ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးမျှော်မှန်းချက် ၂၀၃၀ (Myanmar Healths Vision 2030) အတွက် ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်တယ်။   ကမ္ဘာ့ဘဏ်အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ မရှိမဖြစ်သော ကျန်းမာရေးဝန်ဆောင်မှု (Essential Healthcare Services Package) အတွက် ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ အဲဒီလိုပဲ (Japan International Cooperation Agency-JICA) နဲ့ (Cooperative for Assistance and Relief EveryWhere-CARE)လို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကျန်းမာရေး စောင့်ရှောက်မှုစနစ်အတွက် ထောက်ပံ့ကူညီနေတာကို တွေ့ရှိရမှာဖြစ်တယ်။ ဒါတွေဟာ နိုင်ငံရဲ့မျှော်မှန်း သက်တမ်းအပေါ်ကို သက်ရောက်စေမှာ ဖြစ်တယ်။

နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းအပေါ် သက်ရောက်စေတဲ့ အခြားအချက်တစ်ခုကတော့ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေအနေနဲ့ ဘယ်လိုရောဂါမျိုးတွေနဲ့ သေဆုံး နေကြသလဲဆိုတာပဲ ဖြစ်တယ်။ ယခင်ကတော့ မြန်မာလူမျိုးတွေရဲ့ သေဆုံးမှု အကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင် ငှက်ဖျား၊ တီဘီ၊ ဝမ်းရောဂါနဲ့ ခုခံအားကျဆင်းမှု ရောဂါတွေဖြစ်တဲ့ကူးစက်ရောဂါကြောင့် သေဆုံးမှုများ ခဲ့ကြတာကို တွေ့ရမှာဖြစ်တယ်။ အခုအခါမှာတော့ သေဆုံးမှုရဲ့ ၆၈ ရာခိုင်နှုန်းဟာ မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါနဲ့ ရင်ကျပ်ရောဂါတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအနေနဲ့ မျှော်မှန်းသက်တမ်း တိုးတက်လာဖို့အတွက် ဘယ်လိုရောဂါမျိုးတွေကို ထိန်းချုပ်ဆောင်ရွက်ဖို့သင့်သလဲဆိုတဲ့အချက်ကို မီးမောင်းထိုးပြနေတာလည်းဖြစ်တယ်။

သဘာဝဘေးအန္တရာယ်တွေနဲ့ ကပ်ရောဂါဘေးတွေဟာလည်း မျှော်မှန်းသက်တမ်းကို လျော့ကျစေတဲ့ အချက်ဖြစ်တယ် ဆိုတာကိုလည်း သိထားရမှာ ဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၀၈ ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း သဘာဝဘေးအန္တရာယ်ကြောင့် မျှော်မှန်းသက်တမ်း နိမ့်ကျခဲ့တာကို တွေ့ရှိရမှာဖြစ်တယ်။ အခု

အချိန်မှာဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့်လည်း လာမယ့်နှစ်တွေမှာ နိုင်ငံအချို့ရဲ့ မျှော်မှန်းသက်တမ်း နိမ့်ကျသွားနိုင်တယ်လို့ ပညာရှင်တွေက အသိပေးပြောဆို ထားကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့  ဒေသတွင်းနိုင်ငံတွေထဲမှာ မျှော်မှန်းသက်တမ်း အနိမ့်ဆုံးနိုင်ငံ ဖြစ်နေရခြင်းရဲ့ အကြောင်းရင်း တစ်ခုကတော့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတဲ့ အချိန်ကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနွံထဲကို နစ်ခဲ့ခြင်းပဲဖြစ်တယ်။ တိုင်းရင်းသား အချင်းချင်း ဖြစ်ပွားနေခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် လူငယ်လူရွယ်များ အချိန်မတိုင်မီ သေဆုံးရမှု၊ နိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေမှာ အားနည်းလာခြင်းကြောင့် နိုင်ငံရဲ့မျှော်မှန်းသက်တမ်းဟာ တိုးတက်သင့်သလောက် မတိုးတက်တာကို တွေ့ရမှာဖြစ်တယ်။

ဒီလိုမျိုး နှစ်ပေါင်း ၅၀ ကျော် လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေခဲ့ပေမယ့်လည်း မြန်မာနိုင်ငံရဲ့ မျှော်မှန်းသက်တမ်းဟာ ဖြည်းဖြည်းမှန်မှန် တိုးတက်ခဲ့တာကို လည်း တွေ့ရပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းတွေထဲက တစ်ခုကတော့ ဆင်းရဲမွဲတေမှုတွေ လျော့ပါးလာတဲ့အတွက်ပဲဖြစ်တယ်။ ဆင်းရဲမွဲတေမှုအနေနဲ့ ၂၀၀၅ ခုနှစ်မှာ လူဦးရေရဲ့ ၄၈ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ ရှိခဲ့ပေမယ့် ၂၀၁၇ အရောက်မှာတော့ လူဦးရေရဲ့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းပဲ ရှိတော့တာကို တွေ့ရပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအဆက်ဆက်ဟာ ကျန်းမာရေး အသုံးစရိတ်တွေကို တိုးတက်ဖြန့်ခွဲပေးခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မိတ်ဆွေနိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုလျှော့ချဖို့အတွက် ထောက်ပံ့ကူညီခဲ့ကြတာကို တွေ့ရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ကမ္ဘာ့ဘဏ်က ၂၀၁၇ ခုနှစ်မှာ နိုင်ငံအတွင်း စီးပွားရေး တည်ငြိမ်ဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ခဲ့တာကို တွေ့ရှိရမှာဖြစ်သလို တရုတ်နိုင်ငံကလည်း ကျေးလက်ဒေသဆင်းရဲမွဲတေမှု လျော့ပါးရေးအတွက် အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ အသက်မွေးမှုပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့တာတွေလည်း တွေ့ရှိရမှာဖြစ်တယ်။   ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် ဆင်းရဲမွဲတေမှု လျော့ပါးလာပြီး နိုင်ငံရဲ့ မျှော်မှန်းသက်တမ်းကို တိုးတက်လာစေမှာဖြစ်တယ်။

ဆေးဝန်ထမ်းတစ်ဉီး