တောကျွဲအင်း-ညောင်ခြေထောက် အဆန်လမ်းပိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်ရန်လျာထား

တောကျွဲအင်း-ညောင်ခြေထောက် အဆန်လမ်းပိုင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်ရန်လျာထား

ရန်ကုန်၊ ရထားပို့ဆောင်ရေး

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအပိုင်း(၁) CP-103 ရှိ တောကျွဲအင်း-ညောင်ခြေထောက် အဆန်လမ်း ပိုင်းအဆင့်မြှင့်တင်မှု ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ရာ ၂၀၂၂ ခုနှစ်ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်ရန်လျာထားကြောင်း ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တောကျွဲအင်း - ညောင်ခြေထောက် အဆန်လမ်းပိုင်းကို   ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်လောက် ဖွင့်လှစ်ဖို့လျာထားပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီ။ အခု အပြီးသတ်လုပ်ငန်းတွေလုပ်ဆောင်နေပါပြီ” ဟု ၎င်းကပြောသည်။

ရန်ကုန်-မန္တလေး   ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအပိုင်း(၁)  CP-103 ကို  ဆောင်ရွက်လျက်ရှိရာ  လက်ရှိတွင် အဆန်လမ်း ပိုင်းကို ပြုပြင်လျက်ရှိပြီး လမ်းပိုင်းများကို အပိုင်းလိုက်ဖွင့်လှစ်ပေးရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလက ပိန်းဇလုပ်-တောကျွဲ အင်းရထားလမ်းပိုင်းကို ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ညောင်လေးပင်-ပိန်းဇလုပ် အဆန်လမ်းပိုင်းကို ဖွင့်လှစ် ပေးခဲ့သည်။ လက်ရှိတွင် တောကျွဲအင်း-ညောင်ခြေထောက်အဆန်လမ်းပိုင်းကို အဆင့်မြှင့်တင်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေ ပြီဖြစ်သည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင်   အပိုင်း(၁)ရန်ကုန်-တောင်ငူ ၁၆၆ မိုင်ဖြစ်ပြီး အပိုင်း(၂) တောင်ငူ-မန္တလေး ၂၁၉ မိုင်ဖြစ်သောကြောင့် စုစုပေါင်း ၃၈၅ မိုင်ရှည်လျား၍ အဓိကမြို့ကြီးများဖြစ်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့်  ကျန်မြို့နယ်ပေါင်း ၂၃ မြို့နယ်ကို ဖြတ်သန်းဖောက်လုပ်ထားသော လမ်းပိုင်းဖြစ်ကြောင်း သိရသည်။                          

စောယု