မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth)နှင့် လွှမ်းမိုးနေသောအချက်များ
ယမန်နေ့မှအဆက်
မျှော်မှန်းသက်တမ်းကို သက်ရောက်စေတဲ့ အခြား အချက်တစ်ခုကတော့ နိုင်ငံအတွင်း လျှပ်စစ်မီးရရှိမှုပါ။ မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီး ရရှိမှုကိုကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ နိုင်ငံလူဦးရေရဲ့ ၆၉ ဒသမ ၈ရာခိုင်နှုန်းအထိ လျှပ်စစ်မီးကို လက်လှမ်းမီခဲ့တာကို တွေ့ရှိရမှာ ဖြစ်တယ်။ နိုင်ငံအတွင်းလျှပ်စစ်မီးရရှိမှုဟာ နိုင်ငံရဲ့မျှော်မှန်းသက်တမ်းအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် လျှပ်စစ်မီးရရှိတဲ့ အတွက်ကြောင့် လူတွေရဲ့ဘဝအရည်အသွေး (Quality of Life) တိုးတက်လာပြီး လူတွေကိုအသက်ရှည်ရှည် နေထိုင် စေနိုင်မှာ ဖြစ်တယ်။
မြန်မာနိုင်ငံအနေနဲ့ မျှော်မှန်းသက်တမ်းကို တိုးတက် စေဖို့အတွက် ကနဦးဆောင်ရွက်သင့်တဲ့အချက်ကတော့ မိခင်နဲ့ကလေး ကျန်းမာရေးကို တိုးတက်အောင် ပြုစု စောင့်ရှောက်စေဖို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အားလုံးဟာ စနစ်ကျသော ကိုယ်ဝန် ဆောင်စောင့်ရှောက် ရေးစနစ် (Antenatal Care) ကို လက်လှမ်းမီပြီး စောင့်ရှောက်မှုခံယူနိုင်ရန် လိုအပ်ပါတယ်။ မွေးဖွားတဲ့ အချိန်မှာလည်း ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ စနစ်တကျမီးဖွားနိုင်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာ သန်စွမ်း သည့် ကလေးငယ်များ မွေးဖွားနိုင်မှာဖြစ်တယ်။ ဒါ့အပြင် မွေးကင်းစမှစပြီး အသက်အရွယ်အလိုက် မဖြစ်မနေထိုးနှံရမည့် ကာကွယ် ဆေးများကို ထိုးနှံသွားဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ငါးနှစ်အောက်ကလေးသေနှုန်း လျော့ကျမယ့်အပြင် အရွယ်မတိုင်မီ ရောဂါ ကြောင့် အသက်ဆုံးရှုံးရမှုများ လျော့နည်းမှာဖြစ်ပါတယ်။
ကလေးငယ်များအနေနဲ့ မတော်တဆထိခိုက်မှုများနဲ့ လက်နက်ကိုင်ပဋိပက္ခများတွင် သေဆုံးမှုများမဖြစ် ပွားစေရေးအတွက် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေဖို့ ပညာရေးကိုလက်လှမ်းမီပြီး မဖြစ် မနေ ကျောင်းပညာသင်ကြားခွင့်ရရန်မှာလည်း အရေးကြီးပါတယ်။ ဒါဟာ မျှော်မှန်းသက်တမ်း တိုးမြင့်စေဖို့ အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ အသက်ငါးနှစ်နှင့်အထက် ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ဟာ ကျောင်းမနေ ဖူးတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အသက် ၂၅ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့် အောက် ပညာသင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းရှိပါတယ်။ နိုင်ငံ့လူဦးရေရဲ့သုံးပုံတစ်ပုံလောက် ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ပညာရည်မြှင့်တင်ရေး၊ ပြည်သူလူထုရဲ့ ပညာရည်မြှင့်တင်ရေးကို ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ကိုင်ရမှာဖြစ်ကြောင်း ပြနေပါ တယ်။ ဒါကြောင့် ပညာရေးနဲ့ပတ်သက်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်သဖွယ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ယခုကဲ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပညာရေးတိုးတက်မြင့်မားရေးအတွက် အားသွန် ခွန်စိုက်လုပ်ဆောင်သွားပါက တစ်မျိုးသားလုံး ပညာ ရည်တိုးတက်မြင့်မားလာပြီး မျှော်မှန်းသက်တမ်း တိုးမြှင့်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတော်ဝန်ကြီးချုပ်က “အဓိက ကတော့ ကျန်းမာရေးပါ။ ကျန်းမာမှ အလုပ်လုပ်နိုင်မှာ၊ ကျန်းမာမှ ပညာသင်ကြားနိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ ကျန်းမာရေးထက် အရေးကြီးတာ မရှိပါဘူး” ဟု ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ ကျန်းမာရေးကို အလေးထားပြောကြားခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ မျှော်မှန်း သက်တမ်းတိုးမြှင့်စေဖို့ဆိုရင် နိုင်ငံတော်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်ရမှာဖြစ်သလို လူတစ်ဦးချင်းစီတိုင်း ကလည်း မိမိတို့ရဲ့ အသက်ဇီဝကို စောင့်ရှောက်နိုင်ရန်လိုအပ်ပါတယ်။ ထိုသို့စောင့်ရှောက်နိုင်ဖို့ဆိုပါက သိပ္ပံနည်းကျ ကျန်းမာရေး အသိရှိပြီး လိုက်နာကျင့်သုံးရန်လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ နေထိုင်စားသောက်မှုပုံစံနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်မှုများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့နေရာမှာလည်း အားကစားရုံ (Gym) သို့ သွားရောက် လေ့ကျင့်ခြင်းမျိုးတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ တစ်နေ့လျှင် မိနစ် ၃၀ ခန့် မှန်မှန်လမ်းလျှောက်ရုံဖြင့်လည်း ရေရှည်မှာ ထူးခြားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။
ဒါ့အပြင် နေ့စဉ်စားသောက်နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့လျော်ညီတဲ့ နေထိုင်စားသောက်မှုပုံစံ ဖြစ်ရန်လိုအပ်ပါတယ်။ ဒီနေရာမှာ လည်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ “ဆန်ကို အဓိကထားပြီး စားတဲ့အတွက်ကြောင့် ဆန်ကနေရတဲ့ အာဟာရကတော့ ပိုပြီးရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ဗိုက်ဝဖို့ကိုအဓိကဆိုပြီး စားတဲ့ အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်၀၀မရတာရှိပါတယ်။ ဒါကြောင့် ဆန်စားသုံးမှု ကို အနည်းငယ်လျှော့ချပြီးတော့မှ အခြား လိုအပ်တဲ့ အသားတို့ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကို ထိုက်သင့်သလို ရရှိအောင် ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူရ မယ်လို့ ကျွန်တော်တွေ့မိပါတယ်” ဟု မြန်မာလူမျိုးများရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံပြောင်းလဲနိုင်ရေး လိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံလို့ဆိုရာမှာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သည့် အာဟာရဓာတ်များ လုံလောက်စွာ ရရှိစေရန်အပြင် အချိုလွန်ကဲ၊ အငန်လွန်ကဲ၊ ဆီလွန်ကဲမှုတို့ကို ရှောင်ကြဉ်ပြီး ညီညွတ်မျှတစွာစားသောက်ရန် လိုအပ်ပါတယ်။ ဒီနေရာမှာ တန်ဖိုးကြီးတဲ့ ပြည်ပကတင်သွင်းလာတဲ့ အစားအသောက်တွေကိုသာ စားသောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိမိဒေသမှာပဲ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ထားတဲ့ လတ်ဆတ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တွေကို ညီညွတ်မျှတစွာ စားသုံးခြင်းဟာလည်း အလားတူ အာဟာရဓာတ်ကြွယ်ဝပြီး နိုင်ငံခြားငွေသက်သာ စေရုံသာမက ဒေသတွင်းမှာ နေထိုင်ကြတဲ့သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်မှုကိုလည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုတယ်ဆိုတာကို သတိမူရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခုအခါ ဒေသအချို့မှာ စိုက်ပျိုးနေကြတဲ့ တစ်သျှူးငှက်ပျောသီးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ အသီးအနှံ ဖြစ်တဲ့အပြင် စိုက်ပျိုးသူ တောင်သူများကိုလည်း ဝင်ငွေတိုးတက်ရရှိစေနိုင် မှာဖြစ်ပါတယ်။
ဒါ့အပြင် လူထုအတွင်းမှာ ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံစွဲမှုဟာလည်း မျှော်မှန်းသက်တမ်း တိုစေတဲ့ အကြောင်း ရင်းပဲ ဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဆေးလိပ်ကြောင့် သေဆုံးမှုနှုန်းဟာ လူတစ်သိန်းမှာ ၁၇၅ ဦး၊ အရက်ကြောင့် သေဆုံးမှုဟာ လူတစ်သိန်းမှာ ၂၇ ဦးနဲ့ မူးယစ်ဆေးကြောင့် သေဆုံးမှုနှုန်းဟာ လူတစ်သိန်းမှာ သုည ဒသမ ၇ ဦး အသီးသီးရှိခဲ့တာကို တွေ့ရမှာဖြစ်တယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ အခုနှစ်ပိုင်းတွေမှာ လူငယ်ထုအတွင်း အလျင်အမြန်တိုးပွားလာတာကို တွေ့လာရတဲ့ အတွက် တိုင်းပြည်ရဲ့ မျှော်မှန်းသက်တမ်းအပေါ်ကိုသာမက ရာဇဝတ်မှုများပါ တိုးပွားလာစေမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံသား တစ်ဦးချင်းစီအနေနဲ့ ကျန်းမာရေးသာမက လူမှုစီးပွားဘဝများကိုပါ ထိခိုက် စေနိုင်သော ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်း များကိုရှောင်ကြဉ်ရန် အသိ၊ သတိနဲ့ယှဉ်ပြီး နေထိုင် သွားကြဖို့လည်းလိုအပ်ပါတယ်။ ဒါတွေဟာ နိုင်ငံသား တစ်ဦးချင်းစီအတွက် မျှော်မှန်းသက်တမ်းအတိုင်း သို့မဟုတ် မျှော်မှန်းသက်တမ်းထက်ကျော်ပြီး အသက် ရှင်နေထိုင်နိုင်ရေးအတွက် အရေးကြီးတဲ့ အချက်တွေလည်းဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ တွေရဲ့ မျှော်မှန်းသက်တမ်းဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အကြမ်းဖျင်း သုံးသပ်ရမယ်ဆိုရင် စီးပွားရေး၊ ပညာရေးဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတွေဟာ မျှော်မှန်းသက်တမ်းကောင်း လေ့ရှိကြတာကို တွေ့ရှိရမှာဖြစ်တယ်။ နိုင်ငံတစ်ခုအနေဖြင့် ပြည်တွင်းပဋိပက္ခတွေလျော့နည်းမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝတိုးတက်မြင့်မားလာကာ မျှော်မှန်းသက်တမ်းလည်း တိုးမြင့်လာမှာဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍအသီး သီးမှာ တိုးတက်မှုတွေရရှိအောင် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိပါတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း ကျန်းမာရေးကောင်းမွန်စေရန် နေထိုင် ခြင်း၊ အာဟာရမျှတမှုရှိစေရန် စားသုံးခြင်း စတဲ့အချက်များကို တစ်ဦးချင်းစီလိုက်နာ လုပ်ဆောင်ကြမယ်ဆိုပါက မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီရဲ့ မျှော်မှန်း သက်တမ်းဟာ လျင်မြန်စွာ တိုးတက်လာမှာဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။ ။
ဆေးဝန်ထမ်းတစ်ဦး