တနင်္သာရီမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအခမဲ့ဆောင်ရွက်ပေး

တနင်္သာရီ၊ လူမှုရေး

တနင်္သာရီမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအခမဲ့ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ ၂၀၂၁ ခုနှစ် မေလမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီတွင် ဦးစီးမှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းခုနစ်ဦးတို့က ဆင်ခြေ ဖုန်းကျေးရွာ အုပ်စုအတွင်းရှိ မိဘပြည်သူများအား လယ်တောင်ယာကျေးရွာ ဇေယျာသုခဘုန်းတော်ကြီးကျောင်းအတွင်း၌ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးမှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းခုနစ်ဦးတို့က ကျေးလက်နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေ ပေးကြသည်။

ယင်းသို့  ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  လက်ရှိဇာတိရွာမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ လက်ရှိဇာတိရွာမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အခြားအရပ်ဒေသမှ ရွှေ့ပြောင်းနေထိုင်လာပြီး အိမ်ထောင်စုလူဦးရေ စာရင်းမရှိ သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း လုပ်ငန်းစဉ်လေးမျိုးဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် အသက်  ၁၀ နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့်ကတ်တစ်မျိုးမျိုးလူတိုင်းရရှိရေးအတွက် ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ ၃ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)