၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့်အခြေအနေများအား ဆွေးနွေး

ရန်ကုန်   ဒီဇင်ဘာ   ၄

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပမည့်အခြေအနေများအား ဆွေးနွေး

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ လာမည့်ဇန်နဝါရီလတွင် တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲများကို မတ် ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည့် အခြေအနေများအား ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ သင်ကြားစီမံဌာနများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်ဌာန ၂၁ ခုရှိရာ ဌာနတစ်ခုချင်းစီ၏ စာကြည့်တိုက်များတွင် စာအုပ်များ ဖြည့်ဆည်းပေးရန် ဘတ်ဂျက်နှင့် ဗီရို၊ စာအုပ်စင်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်နှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့အတွက်လည်း လိုအပ်ချက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်ဇန်နဝါရီလတွင် တက္ကသိုလ်များဖွင့်လှစ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ် ၃၀ ရက်မှ  ဧပြီ  ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊  သို့ဖြစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများကို အချိန်မီ စစ်ဆေးနိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခြား တက္ကသိုလ်များနှင့် ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU)များကို တက္ကသိုလ်များအနေဖြင့် လွတ်လပ်စွာ လက်မှတ်ရေးထိုးခွင့်   ပြုထား ကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် များသည် စံပြထိပ်တန်းတက္ကသိုလ်များ ဖြစ်အောင် ဦးတည်ဖော်ဆောင် ကြရမည် ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြင့် ကျောင်းသား၊ ကျောင်းသူ များအပေါ်  စေတနာထားပြီး သင်ကြားပေးကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦးဆက်ဆံရာတွင်  အပြန်အလှန် လေးစား တန်ဖိုးထား ဆက်ဆံကြ၍ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်အလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး သက်ဆိုင်ရာဌာနအလိုက် တင်ပြကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပါမောက္ခဌာနမှူးများက ဘာသာရပ်ဌာနတစ်ခုချင်းအလိုက် လိုအပ်ချက်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်ပတ်သက်၍  ဖြည့်ဆည်းပေးမည့် အစီအစဉ်များအား  ပြန်လည်ဆွေးနွေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်း ဥပဓိရုပ် ကောင်းမွန်ရေးအတွက် ကျောင်းဆောင်များ သေသပ်စွာ ဆေးသုတ်နိုင်ရေးမှာကြားခဲ့ပြီး သိပ္ပံလက်တွေ့ခန်း၊ ကျောင်းစာ ကြည့်တိုက်၊ ဆရာများနားနေဆောင်၊ ရေသန့်စက်၊ လက်ဆေးဘေစင် လိုအပ်ချက်များကို  လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး  ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများက တင်ပြသည့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် လိုအပ်လျက်ရှိသည့် ကျောင်းဆောင်များ အသစ်ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ လက်တွေ့ခန်းလိုအပ်ချက်၊ ဘောလုံးကွင်းနှင့်အားကစားရုံလိုအပ်ချက်များ၊ အားကစားမှူးလိုအပ်ချက်များ၊ ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ၊ ဆရာမ လိုအပ်ချက်များဖြည့်ဆည်း ခန့်အပ်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

လင်းကြည်လင်း