![](https://myawady.net.mm/sites/default/files/Myawady%20Daily%20Newspaper333345.jpg)
ငြင်းမရနိုင်သော သက်သေများ
ခေါင်းစဉ်ကိုဖတ်မိတာနဲ့ ဘာတွေကိုငြင်းနေသလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။ ငြင်းမရနိုင်တဲ့ သက်သေများလို့ ဆိုတဲ့ အတွက် ဒီဆောင်းပါးမှာ တင်ပြမယ့်အကြောင်းအရာများသည် ထင်မြင်ချက်တွေ၊ စွပ်စွဲချက်တွေမဟုတ်ကြောင်း လက်တွေ့ ဖြစ်စဉ်များနဲ့တကွ ရှင်းပြသွားမှာဖြစ်ပါတယ်။ ရှင်းပြချက်တွေကို နိုင်ငံရေးအရောင်အသွေးမပါဘဲ ကြားနေပြည်သူတစ်ဦးအနေနဲ့ ပကတိအရှိတရားအတိုင်း မှန်မှန်ကန်ကန် ရှုမြင်ကြည့်ရင်တော့ ငြင်းလို့မရနိုင်တဲ့ သက်သေများရဲ့အဖြေက ပိုမိုရှင်းလင်းမှာ ဖြစ်ပါတယ်။
ငြင်းနေတဲ့အကြောင်းအရာကတော့ NUG အဖွဲ့ဟာ အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/မဟုတ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အချို့သံတမန်အသိုင်းအဝိုင်း ကြားမှာ NUG အဖွဲ့ကို မြန်မာပြည်သူလူထုအများစုက ထောက်ခံနေတဲ့အတွက် အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ဖို့ခက်ခဲတယ်ဆိုတဲ့ လွဲမှားတဲ့အကြောင်းပြချက်မျိုးကိုလည်း အံ့သြဖွယ်ရာကြားသိနေရပါတယ်။ လက်တွေ့ မြန်မာပြည်သူတွေအကြားမှာတော့ NUG ကို ထောက်ခံနေသူတွေ၊ ပါဝင်လှုပ်ရှားသူတွေဘက်က သူတို့လုပ်ရပ်ဟာ အကြမ်းဖက် လုပ်ရပ် မဟုတ်ကြောင်း ငြင်းဆိုနေကြသလို တစ်ဖက်မှာလည်း NUG အဖွဲ့ရဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်ခံစားနေရတဲ့ ပြည်သူ အများစုကတော့ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်တယ်လို့ မြင်နေကြပါတယ်။ ဒါကြောင့်လည်း NUG အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်း ဟုတ်/မဟုတ်ဆိုတဲ့အချက်ကို ဓမ္မဓိဋ္ဌာန်ကျကျဆန်းစစ်ကြည့်ဖို့ လိုလာပါတယ်။
NUG/PDF အကြမ်းဖက်အဖွဲ့တွေကို ပြည်သူအများစုက ထောက်ခံနေတယ်ဆိုတဲ့ နိုင်ငံတချို့ရဲ့ထင်မြင်ချက်က NLD ကို မြန်မာ နိုင်ငံက လူအများစုထောက်ခံနေတယ်ဆိုတဲ့ထင်မြင်ချက်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ First-pastthe-post (FPTP) ရွေးကောက်ပွဲစနစ်ကြောင့် သောင်ပြိုကမ်းပြိုနိုင်ခဲ့ တယ်လို့ ဆိုကြပေမယ့် လက်တွေ့မှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၈၀၂၀၂၉၇ ဦး (၃၈ သန်းကျော်) မှာ ၂၆၃၆၈၂၀၇ ဦး (၂၆ သန်းကျော်) မဲလာ ပေးခဲ့ပြီး NLD ပါတီကရရှိခဲ့တဲ့ ထောက်ခံမဲပေါင်း ၁၂ သန်းသာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ရင် မဲလာပေး ခဲ့တဲ့ ပြည်သူထဲမှာတောင် NLD ကိုမထောက်ခံသူက ၁၄ သန်းကျော်ရှိခဲ့ပါတယ်။ ဒါကြောင့် NLD ကို မြန်မာပြည်သူအားလုံးက ထောက်ခံနေကြတယ်လို့ ပြည်တွင်း/ပြည်ပမှာ ပျံ့နှံ့နေတဲ့ယူဆချက်က ချဲ့ကားပုံဖော်မှုခံခဲ့ရခြင်းသာဖြစ်ပါတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ NLD အစိုးရရဲ့သက်တမ်း ၅ နှစ်တာကာလအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး အဘက်ဘက်မှာ မအောင်မြင်ခဲ့တဲ့အပြင် တိုင်းရင်းသားများနဲ့ အဆင်မပြေဖြစ်ခဲ့ရခြင်းကြောင့် ပြည်သူလူထုရဲ့ ထောက်ခံမှု ထပ်မံကျဆင်းလာခဲ့တာ အားလုံးသိတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုပြောလို့ NLD ပါတီကိုဆန့်ကျင်စိတ်နဲ့ တစ်ဖက်သတ် စွပ်စွဲတယ်လို့ မထင်စေချင်ပါဘူး။ NLD အစိုးရ ၅ နှစ်တာကာလ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့မှုတွေကတော့ အများသတိထားမိတဲ့ ကိစ္စဖြစ်ပြီး NLD ပါတီကိုထောက်ခံသူများကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့၊ အားမလိုအားမရဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်များဖြစ်ပါတယ်။ NLD ပါတီက တာဝန်ရှိသူတွေကိုယ်တိုင် ဝန်ခံထုတ်ဖော်ပြောကြားထားတဲ့ အထောက်အထားတွေလည်းရှိပါတယ်။
တပ်မတော်က နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေအရထိန်းသိမ်းလိုက်ရပြီး နောက်ပိုင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က လူဦးရေအများဆုံးဆန္ဒပြခဲ့ကြတဲ့နေ့မှာတောင် လူဦးရေ ၅ သန်းကျော်ခန့် (မြန်မာနိုင်ငံ လူဦးရေရဲ့ ၉.၅၂ ရာခိုင်နှုန်း) သာ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံတကာက မွေးမြူထားတဲ့ ပြည်တွင်း/ပြည်ပ မီဒီယာတွေ၊ တက်ကြွလှုပ်ရှားသူ (Activitists) တွေနဲ့ လူမှုရေးအရ သြဇာလွှမ်းမိုးနိုင်သူ (Social Influencers) တွေပေါင်းပြီး တစ်နိုင်ငံလုံး ဆန္ဒပြနေကြသယောင် ရည်ရွယ်ချက်ရှိရှိ ကမ္ဘာကိုပုံဖော်ပြခဲ့ကြပါတယ်။ ယခုအချိန်ထိလည်း ဒီလိုပုံ ဖော်ပြနေကြဆဲဖြစ်ပါတယ်။
NLD ပါတီအနေနဲ့ ၎င်းတို့အာဏာရှိခဲ့စဉ်က Facebook လို ဆိုရှယ်မီဒီယာကို မြန်မာကျပ်ငွေ သန်းပေါင်း ခြောက်ထောင် ကျော် သုံးစွဲပြီး ထိန်းချုပ်ခဲ့ပါတယ်။ NLD ပါတီနဲ့ အစိုးရကို မထောက်ခံသူတွေရဲ့ ဆန္ဒနဲ့ အသံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ထိန်းချုပ် ထားပြီး NLD ပါတီကို ထောက်ခံသူများရဲ့ အသံတွေသာလွှမ်းမိုးအောင် ငွေကြေးအကူအညီ၊ နည်းပညာအကူအညီနဲ့ ဆောင်ရွက် ခဲ့ကြပါတယ်။ အချို့နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ Activitists များ၊ Journalists များ၊ Social Influencers များ မွေးမြူခြင်းကို ဇာတ်တိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ မြင်တွေ့နေရတဲ့ ချဲ့ကားထားတဲ့ ဆန္ဒပြမှုတွေနဲ့ NLD ထောက်ခံမှုတွေဆိုတာ ရည်ရွယ်ချက်ရှိရှိဖန်တီးထားတဲ့ အတုအယောင် (illusions) တွေသာဖြစ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာကို အသုံးချပြီး ပြည်သူလူထုအားလုံးက ထောက်ခံမှုရှိသယောင် ပုံဖော်တာ၊ ထောက်ခံမှုရအောင် မလိမ့်တပတ် ဆောင်ရွက်တာတွေက NLD ကနေ ပေါက်ဖွားလာတဲ့ NUG အကြမ်းဖက်အဖွဲ့အပေါ်မှာလည်း သက်ရောက်မှုရှိခဲ့ပါတယ်။
နောက်တစ်ချက်က ပြည်သူတချို့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတာမှန်ပေမယ့် NLD အစွန်းရောက်ထောက်ခံသူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ပြောင်းလဲလာတဲ့အချိန်မှာ ပြည်သူအများစု မထောက်ခံကြတော့ပါဘူး။ ဒီလို မထောက်ခံကြတော့တဲ့အတွက် NLD အစွန်းရောက်တွေက ၎င်းတို့ကိုမထောက်ခံသူ၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဝင်မပါဘဲ ငြိမ်းချမ်းစွာနေလိုတဲ့ သာမန်အပြစ်မဲ့ ပြည်သူတွေကို လူမှုရေးအရအပြစ်ပေးခြင်း (Social Punishment) အမည်ခံပြီး လူမှုရေးအရအနိုင်ကျင့်ခြင်း (Social Bullying) တွေကို စတင်ဆောင်ရွက်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာကော၊ ပြင်ပမှာပါ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အထောက် အထားများစွာ ရှိပါတယ်။ ပါတီတစ်ခုရဲ့လုပ်ရပ်ကို မထောက်ခံလို့ လူမှုရေးအရအနိုင်ကျင့်တာကို နိုင်ငံတကာမှာ လက်ခံကြပါ သလား၊ ဒီမိုကရေစီကျင့်စဉ်တွေ တန်ဖိုးတွေနဲ့ ကိုက်ညီပါသလားဆိုတာကို မေးခွန်းထုတ်ကြည့်သင့်ပါတယ်။
နိုင်ငံတကာကို ယခုလက်ရှိအခြေအနေတွေအရ အထူးသတိပြုသိစေချင်တာက NUG/PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက် ပစ်မှတ်တွေကိုတိုက်ခိုက်နေမှုနဲ့၊ လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေကြတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ NLD အမတ်တွေနဲ့ အစွန်းရောက်ထောက်ခံသူတွေကနေ CRPH/NUG/PDF အဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြပြီး ၎င်းတို့ကို မထောက်ခံသူတွေ၊ အယူအဆမတူတဲ့ အပြစ်မဲ့ပြည်သူတွေ၊ တိုက်ခိုက်ရေး စစ်သည်မဟုတ်တဲ့ အရပ်သား သာမန်ပြည်သူတွေကို ပစ်မှတ်အဖြစ် ဒလန်လို့စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နေကြခြင်းဖြစ်ပါတယ်။ NUG အဖွဲ့က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှစပြီး D-Day အမည်ခံပြီး အကြမ်းဖက်လုပ်ရပ်များ အရှိန်မြှင့်တင်ဖို့ လှုံ့ဆော်ခဲ့ကြတာ ကမ္ဘာသိဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ NUG/PDF အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုနဲ့ ဒလန်လို့ စွပ်စွဲပြီး အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လက်နက်မရှိတဲ့ အပြစ်မဲ့ပြည်သူ ၁၀၃၁ ဦး သေဆုံးခဲ့ပြီး ၁၀၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရဟန်း၊ သံဃာတော် ၁၃ ပါး ပျံလွန်တော်မူခဲ့ရပြီး ၅ ပါး ကို နှိပ်စက်ညှဉ်းပန်းခဲ့ပါတယ်။ အစိုးရဝန်ထမ်းများ သေဆုံး (၃၈) ဦး၊ ဒဏ်ရာရ (၈၁) ဦး ရှိပါတယ်။ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနဲ့ သက်ဆိုင်ရာဝန်ထမ်းများ သေဆုံး (၂၀၇) ဦး၊ ဒဏ်ရာရ (၁၅၅) ဦးရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများ သေဆုံး (၃) ဦး၊ ဒဏ်ရာရ (၈) ဦးရှိပါတယ်။ ဆရာ/ဆရာမများအပါအဝင် ပညာရေး ဝန်ထမ်းများ သေဆုံး (၁၂) ဦး၊ ဒဏ်ရာရ (၁၅) ဦးနဲ့ ပျက်စီး/ဆုံးရှုံးခဲ့ရတဲ့ စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦပေါင်း (၄၄၅) ခုရှိပါတယ်။ ကိုဗစ်-၁၉ စင်တာများကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၃၃) ခုမှာ သေဆုံး (၁၃) ဦး၊ ဒဏ်ရာရ (၂၇) ဦးရှိပြီး ဆေးရုံ/ဆေးခန်းများကို တိုက်ခိုက်ခံရမှု (၂၅) ကြိမ် ရှိပြီဖြစ်ပါတယ်။ အများပြည်သူသုံး လမ်းတံတားများကို (၃၉၇) ကြိမ်ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒီလိုနေ့စဉ်နဲ့အမျှ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၄၂၂၆) ကြိမ်ရှိခဲ့ ပြီဖြစ် ပါတယ်။
ဒီလိုစစ်ဘက်နဲ့မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်များကို နေ့စဉ်နီးပါး အကြမ်းဖက်တိုက်ခိုက်နေကြတာကို အစိုးရမီဒီယာများက အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးနေသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံရုံးများနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်း များကိုလည်း သက်သေအထောက်အထားများနဲ့တကွ အစဉ်မပြတ် အသိပေးနေတယ်လို့ သိရပါတယ်။ ဒီလိုခိုင်မာတဲ့ အထောက် အထားတွေရှိပါလျက်နဲ့ NUG/PDF နဲ့ အစွန်းရောက် NLD အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုပြီး ပြည်သူအများစုက ထောက်ခံနေတယ်လို့ လွဲမှားစွာထင်မြင်ယူဆနေတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒီအဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေကို ဒီမိုကရေစီစံနှုန်းအရပဲဖြစ်ဖြစ်၊ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ကြည့်၊ လူသားချင်းစာနာတဲ့ စိတ်နဲ့ပဲ စဉ်းစားစဉ်းစား၊ ဂျီနီဗာကွန်ဗန်းရှင်းလို နိုင်ငံတကာစံနှုန်းများနဲ့ပဲချိန်ထိုးချိန်ထိုး ဘယ်လိုရှုထောင့်ကနေပဲ ကြည့်သည်ဖြစ်စေ အကြမ်းဖက် လုပ်ရပ် များသာဖြစ်တယ်ဆိုတာ ထင်ရှားပေါ်လွင်ပြီး ငြင်းလို့မရတဲ့ သက်သေများပဲဖြစ်ပါတယ်။
ဒီ့ထက်ပိုပြီးခိုင်မာတဲ့ သက်သေအထောက်အထားများကတော့ မကြာသေးမီကမှ ဖမ်းဆီးရမိတဲ့ NLD ပါတီက ဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေအရ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အကြမ်း ဖက် တိုက်ခိုက်မှုတွေကို NUG က ဦးဆောင် ညွှန်ကြားနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ သက်သေတွေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာလမှာဖြစ်ပေါ်ခဲ့တဲ့ အောက်ဆီဂျင်အခက်အခဲကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေဆောင်ရွက်ဖို့ လက်နက်ခဲယမ်း တွေကို အောက်ဆီဂျင်အိုးတွေထဲ ထည့်ပြီး တင်ပို့ခဲ့ကြပါတယ်။ EAOs တချို့က ကူညီခဲ့ကြပါတယ်။ NUG ရဲ့ "Hit List" ဆိုတာ အမှန်တကယ်ရှိကြောင်း ၎င်းရဲ့မှတ်စုစာအုပ်က မှတ်တမ်းများက သက်သေခံနေပါတယ်။
ဒီလိုဘာသာရေးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ဆရာ/ဆရာမတွေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆောင်ရွက်နေတဲ့နေရာတွေအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို NUG ရဲ့ စီစဉ်စေခိုင်းချက်အရ တိုက်ခိုက်သတ်ဖြတ်နေကြ တာက အကြမ်းဖက်ဝါဒ (Terrorism) မဟုတ်ဘူးလားလို့ မေးခွန်းထုတ်ချင်ပါတယ်။ နေ့စဉ်ဖြစ်ပေါ်နေတဲ့ NUG/PDF နဲ့ အစွန်းရောက် NLD ထောက်ခံသူများရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား ဆိုတာကိုလည်း မေးခွန်း ထုတ်ရမ လိုဖြစ်နေပါတယ်။ ဒါကြောင့် အစဉ်အလာကြီးမားတဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ နိုင်ငံကြီး သားဆိုသူတွေက အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေကြသလားလို့တောင် ထင်မြင်ယူဆနေသူတွေ ရှိနေပြီဖြစ် ပါတယ်။
သီအိုရီတွေအရ ထပ်မံထောက်ပြရရင် ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒ (Terrorism) နဲ့ ပတ်သက်ပြီး အားလုံးသဘောတူ လက်ခံထားတဲ့ တိကျတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသေးပါဘူး။ သို့ပေမယ့် ဥပမာတစ်ခုအနေနဲ့ အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက် ဝါဒနဲ့ အကြမ်းဖက်အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ယခုလက်ရှိ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အဖွဲ့အစည်းပေါင်း ၇၂ ဖွဲ့ ရှိပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့တဲ့ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့ ရှိပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ဒီလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ရာမှာ Foreign Relations Authorization Act, Fiscal Years 1988 and 1989 က အကြမ်းဖက်ဝါဒရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်(Terrorism Defi nition) ကို အသုံးပြုပြီး Immigration and Nationality Act Section 212 ရဲ့ အကြမ်းဖက်မှု ဆောင်ရွက် ချက် (Terrorist Activity) တွေနဲ့ ချိန်ထိုးဆုံးဖြတ်ပါတယ်။
အကြမ်းဖက်ဝါဒဆိုတာကို အမေရိကန်နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အကြမ်းဖက်ဝါဒဆိုတာ နိုင်ငံတစ်ခုထက် အဆင့်နိမ့်တဲ့ အဖွဲ့တွေ သို့မဟုတ် လျှို့ဝှက်ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေကနေ တိုက်ပွဲဝင်စစ်သည်မဟုတ်တဲ့ပစ်မှတ်တွေကို ကြိုတင်ကြံရွယ်ပြီး နိုင်ငံရေးအရ အရင်းခံတဲ့ အကြမ်းဖက်မှုများဖြစ်တယ်” "terrorism" as "premeditated, politically motivated violence perpetrated against noncombatant targets by subnational groups or clandestine agents" လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ အကြမ်းဖက်မှု ဆောင်ရွက်ချက်အဖြစ် သတ်မှတ်ချက်တွေမှာ ပေါက်ကွဲစေနိုင်တဲ့ လက်နက်တွေနဲ့ အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်အသုံးပြုမှုတွေနဲ့ မည်သည့်ခြိမ်းခြောက်မှု၊ လျှို့ဝှက်ကြံစည်မှုနဲ့ ကြိုးစားမှုတွေမဆို အကျုံးဝင် ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ NUG/PDF တွေရဲ့အကြမ်းဖက်လုပ်ရပ်များဟာ မြန်မာ့စံနှုန်းနှင့်သာမက ဒီမိုကရေစီ သက်တမ်းနှစ်ပေါင်း (၂၀၀)ကျော်နေပြီဖြစ်တဲ့ အမေရိကန်နိုင်ငံက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုသတ်မှတ်ချက်တွေနဲ့ ချိန်ထိုး ကြည့်ရင်လည်း အကျုံးဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလို မြန်မာပြည်သူလူထုကို အကြမ်းဖက်ပြီး အကြောက်တရားလွှမ်းမိုးအောင်လုပ်နေတဲ့ NUG အဖွဲ့ရဲ့ ရည်ရွယ်ချက်က ၎င်းတို့နဲ့ ဆန့်ကျင်ဘက်အသံတွေ ထွက်ပေါ်မလာအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ကို မထောက်ခံ သူတွေကို အကြောက်တရားနဲ့ထိန်းချုပ်ပြီး ထောက်ခံလာအောင်လုပ်နေသလို မထောက်ခံ သူများမရှိသယောင် ပုံဖော်ခြင်းလည်း ဖြစ်ပါတယ်။ သူတို့ကိုကြောက်လို့ အသံမထွက်ရဲတာကို ပြည်သူအများ ထောက်ခံနေတယ်လို့ ထင်မြင်ယူဆလာအောင် ဆိုရှယ် မီဒီယာတွေကနေတစ်ဆင့် လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
အီတလီနိုင်ငံက နိုင်ငံတကာဥပဒေပညာရှင် ပါမောက္ခ Antonio Cassese ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ လူထုကို အန္တရာယ် ဖြစ်စေဖို့ လူထုကြားထဲမှာ အကြောက်တရားပျံ့နှံ့အောင် လုပ်ဆောင်တဲ့ရည်ရွယ်ချက် (the intent to spread fear among the population which would generally entail the creation of public danger) ကိုတောင် အကြမ်းဖက်ဝါဒရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း လက်နက်ကိုင် ပဋိပက္ခဥပဒေ "The Law of Armed Conflict" ဆိုတာရှိပါတယ်။ ဒီဥပဒေအရ မည်သည့်ပဋိပက္ခအတွင်းမှာမဆို စစ်ဘက် မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ရန်ပြု သတ်ဖြတ် တာတွေကို တားမြစ်ထားပါတယ်။ ဒီလိုတိုက်ခိုက်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက် ပစ်မှတ်တွေကို အကြမ်းဖက်နေတဲ့ အစွန်း ရောက် အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နေရတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များရဲ့ ဆောင်ရွက်ချက်သည် မည်သည့် နိုင်ငံတကာ ဥပဒေ၊ ပြည်တွင်းဥပဒေနဲ့ပဲကြည့်ကြည့် တရားဝင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအဆင့်တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ပစ်ခတ်နှိမ်နင်းတာမတွေ့ရဘဲ အကြမ်း ဖက် ဆန္ဒပြမှုတွေအဖြစ် ပြောင်းလဲလာချိန်မှသာ ဥပဒေနဲ့အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ထိန်းသိမ်း ဆောင်ရွက် ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတကာမှာလည်း အလားတူဆောင်ရွက်နေကြပါတယ်။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီး တွေမှာတောင် ဆူပူဆန္ဒပြမှုများက အကြမ်းဖက်လုပ်ရပ်တွေနဲ့ ယှဉ်တွဲလာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်သလိုအင်အားသုံးပြီး ထိန်းသိမ်း နေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ NUG/PDF အဖွဲ့တွေရဲ့ အစွန်းရောက် အကြမ်းဖက် မှု လမ်းစဉ်နဲ့ လက်တွေ့အကြမ်းဖက်မှု ကျူးလွန်နေကြတာတွေကို သိပါလျက်နဲ့ ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတချို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရှိပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ NUG နဲ့ ထိတွေ့ဆက်ဆံနေကြတာက အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှုတွေကို အားပေး အားမြှောက်ပြုရာရောက်နေပြီး အကြမ်းဖက်ဝါဒ ပိုမိုတိုးပွားလာအောင် ဆောင်ရွက်နေကြသလို ဖြစ်နေတယ်ဆိုတာကို သတိပြုမိကြစေချင်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုကို အလေးထားပါတယ်ဆိုတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများအနေနဲ့ ဒီလောက်ဆိုးရွား ရက်စက် ကြမ်းကြုတ်တဲ့ NUG အဖွဲ့ရဲ့လုပ်ရပ်တွေကို အကောင်းမြင်စိတ်နဲ့ကြည့်နေရင်တော့ အကြမ်းဖက်အဖွဲ့အနေနဲ့ အသိအမှတ်ပြုဖို့ ခက်ခဲနေလိမ့်မယ် ထင်ပါတယ်။ လက်တွေ့အရှိတရားကို ယထာဘူတကျကျရှုမြင်မယ်ဆိုရင်တော့ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကို လက်ခံရပါလိမ့်မယ်။ ဥပမာ အာဖဂန်နစ္စတန်နိုင်ငံကို ကြည့်မယ်ဆိုရင် တစ်ချိန်က ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက် အဖွဲ့တွေ လက်ခံထားတဲ့နိုင်ငံအဖြစ်ရှုမြင်ပြီး စစ်ပွဲကြီးတွေ ဆင်နွှဲခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ နိုင်ငံတကာ ကထိတွေ့ဆက်ဆံမှုတွေ၊ ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြည့်ရှုသူရဲ့ ရှုထောင့် ပေါ်မှာမူတည်ပြီးသာ အမြင်တွေအမျိုးမျိုးပြောင်းလဲနေတာဖြစ်ပါတယ်။ အကြမ်းဖက်သမား NUG/PDF အဖွဲ့တွေကတော့ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အကြောင်းပြပြီး သူတို့ကိုမထောက်ခံသူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ ဆက်လက် လုပ်ဆောင် နေကြဆဲဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်တော့ နိုင်ငံတကာက NUG/PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို သိသည်ဖြစ်စေ၊ မသိချင်ယောင် ဆောင်နေသည် ဖြစ်စေ ၎င်းအဖွဲ့တွေရဲ့ ပကတိလုပ်ရပ်များအရ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံရဲ့အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်။ NLD ကို မြန်မာပြည်သူ အများစု ထောက်ခံနေတယ် ဆိုတဲ့ယူဆချက်က အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်ပါတယ်။ NLD ပါတီရဲ့ အရည်အချင်းမပြည့်ဝမှုနဲ့ NUG/PDF ရဲ့ အကြမ်းဖက် လုပ်ရပ်တွေ ကြောင့် မြန်မာ ပြည်သူလူထုရဲ့အမြင်တွေပြောင်းလဲသွားခဲ့ပြီဖြစ်သလို NLD ကပေါက်ဖွားလာတဲ့ NUG၊ NUG က မွေးဖွားခဲ့တဲ့ PDF တွေကြောင့် NLD ရဲ့ ပုံရိပ်ဟာ သမိုင်းမှာအမည်းစက်ထင်ခဲ့ပြီဖြစ်ပါတယ်။ စိတ်ခံစားချက်ပြင်းထန်တဲ့ NLD ပါတီဝင်အချို့နဲ့ အစွန်းရောက် ထောက်ခံသူ အင်အားစုများရှိနိုင်သော်လည်း အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုတဲ့ ပြည်သူလူထု အများစုကတော့ NLD၊ NUG၊ PDF အဖွဲ့တွေကို မလိုလားဘဲ ဆန့်ကျင်နေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုအစွန်းရောက် အဖွဲ့တွေကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစု ဘဝပေါင်း များစွာကို စာနာသနားတတ်တဲ့ မြန်မာပြည်သူအများစုက ရွံရှာကြောက်ရွံ့ မုန်းတီးနေကြပြီဖြစ်ပါတယ်။
ဒါကြောင့် NUG ကိုပြည်သူအများစုလက်ခံထောက်ခံနေတယ်လို့ လွဲမှားစွာထင်မြင်ယူဆနေတဲ့ အချို့နိုင်ငံများအနေနဲ့ ဆိုရှယ်မီဒီယာ ပေါ်က သတင်းအမှားများနဲ့ မြန်မာနိုင်ငံအကျိုးစီးပွားကို ပျက်ပြားစေလိုတဲ့ ပြည်တွင်း/ပြည်ပမီဒီယာတချို့ရဲ့ ဖော်ပြချက်တွေမှာပဲ လမ်းဆုံးမနေကြဘဲ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်တွေ့အရှိတရားတွေကို မြင်အောင်ကြည့်နိုင်ကြဖို့လိုပါကြောင်း တိုက်တွန်း လိုက်ရပါတယ်။ ။
ရည်ညွှန်းချက်
United States' Foreign Terrorist Organizations, Defifi nitions of Terrorism and Terrorist Activity
- https://www.state.gov/foreignterrorist-organizations/
- https://2001-2009.state.gov/s/ct/rls/fs/08/103399.htm
- https://2001-2009.state.gov/s/ct/rls/fs/08/103401.htm
မင်းခန့်