ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို နှေးကွေးနေစေဦးမယ့် အိုမီခရွန်
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့သည် မျက်မှောက်ခေတ်တွင် ကမ္ဘာ့တိုးတက်မှုအဆုတ်ယုတ်ဆုံးသောနှစ်များအဖြစ် ပါဝင်သွားပြီ ဖြစ်သည်။ ထိုသို့ဆုတ်ယုတ်သွားသော တိုးတက်မှုများသည် ထိုနှစ်နှစ်တည်းနှင့်အဆုံးသတ်မည့်လက္ခဏာမရှိပေ။ အကြောင်းရင်းမှာ အိုမီခရွန်ဟုခေါ်သော ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထိုအချက်နှင့် ပတ်သက်ပြီး ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုက နှေးကွေးနေဦးမည်ဟု မူလခန့်မှန်းချက်ထက် လျှော့ချ ခန့်မှန်းထားသည်။
ယင်းကဲ့သို့ ကမ္ဘာ့တိုးတက်မှုကို လျှော့ချခန့်မှန်းခြင်းသည် အမြဲတစေပြောင်းလဲနေသော ကမ္ဘာ့ကပ်ရောဂါကြောင့်ဖြစ်သည့် နောက်ထပ် ဝရုန်းသုန်းကား အခြေအနေတစ်ရပ်အတွက် လက္ခဏာတစ်ခုပင်ဖြစ်သည်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာပင်။ ပြီးခဲ့သည့်သီတင်းပတ်ကမှ တောင်အာဖရိကနိုင်ငံ၌ စတင် ဖြစ်ပွားသော အိုမီခရွန်ဗီဇပြောင်းရောဂါပိုးသည် ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၀ ခန့်ကို ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။
ဒီအတွက်ကြောင့်လည်း နိုင်ငံတကာမှတာဝန်ရှိသူများက ၎င်းတို့၏နိုင်ငံများအတွင်း ထိုရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ကောင်းစွာ ထိန်းချုပ်နိုင်ရေးအတွက် ခရီးသွားလာရေးစည်းမျဉ်းများကို တင်းကျပ်လိုက်ရပြန်သည်။
အိုမီခရွန်၏ မြန်ဆန်လှသည့်ကူးစက်မှုနှုန်းက အလွန်ကြောက်စရာကောင်းလှသည်။ ထို့ပြင် သူ့အကြောင်းနှင့်ပတ်သက်၍လည်း ပညာရှင်များက ဂဃနဏ မသိသေးသည့်အတွက် နည်းနည်းတော့စိုးရိမ်စရာကောင်းနေသည်။သုတေသီများ၏ ခန့်မှန်းယူဆချက် အရဖြစ်နိုင် သည့်အချက်မှာ အိုမီခရွန်ဗီဇပြောင်းရောဂါပိုးသည် သာမန်တုပ်ကွေး ရောဂါပိုးကဲ့သို့သော အခြားဗိုင်းရပ်မှ မျိုးရိုးဗီဇ အချို့ကို ရယူထားဖွယ်ရှိသည့်အတွက် လူသားများ၏ ကိုယ်ခံအားစနစ်ကို အလွယ်တကူ ကျော်လွှား ဝင်ရောက်ကူးစက် နိုင်ခြင်း ဖြစ်သည်။
ယခုအခါ ဥရောပဒေသတစ်လွှားနှင့်အမေရိကန်ပြည်ထောင်စုတို့က ပြင်းထန်လွန်းလှသော ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု လှိုင်း အမျိုးမျိုးနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ထိုအချိန်တွင် ကူးစက်မှုအလွန်မြန်ဆန်သည့် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးထွက်ပေါ် လာခြင်းကြောင့် လော့ဒေါင်းများချမှတ်ခြင်း၊ အသွားအလာများကန့်သတ်ခြင်းကဲ့သို့ ရောဂါပိုးကူးစက် ပျံ့နှံ့မှုထိန်းချုပ်ရေး လုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် စီးပွားရေးသည်လည်း မည်သည့်နည်းနှင့်မျှ တည်ငြိမ်မှုရှိနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် နာလန်ထူခါစ ကုန်သွယ်ရေးလုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများသည် ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားစဉ် ကကဲ့သို့ တစ်ဖန်ပြန်လည်ရပ်တန့်ဖွယ်ရှိနေသည်။ သို့သော် ယင်းအချက်နှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ကြောက်လန့် စရာ လည်း မလိုပေ။“မိမိတို့အနေနဲ့လုပ်ရမှာက ကြိုတင်ပြင်ဆင်ထားဖို့နဲ့ သတိရှိဖို့ဖြစ်ပြီး ကြောက်လန့်တကြား ဖြစ်နေရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မိမိတို့ဟာ မနှစ်ကနဲ့မတူညီတဲ့အခြေအနေကို ပိုင်ဆိုင်ထားပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာ ရှင်အကြီးအမှူး ဆိုမြဆွာမိနာသန်ကပြောသည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်ကိစ္စများဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ရိုင်ယန်ကလည်း အိုမီခရွန်ကို တိုက်ထုတ် နိုင်ရေးအတွက် လက်ရှိထုတ်လုပ်ပြီးသား ကာကွယ်ဆေးများကို အဆင့်မြှင့်တင်ပြောင်းလဲရန်လိုအပ်သည်ဟူသော သက်သေ အထောက် အထားမရှိကြောင်း ပြောထားသည်။
အလားတူ တာဝန်ရှိသူများအနေဖြင့် လက်ရှိဈေးကွက်အတွင်း ရရှိနိုင်သောကာကွယ်ဆေးများကိုအသုံးပြုခြင်းဖြင့်သာ ပြည်သူများကို ကာကွယ်ဆေးထိုးပေးရန်လုပ်ဆောင်သင့်ကြောင်း ၎င်းကဆက်ပြောသည်။
ဤသို့ဆိုလျှင် အိုမီခရွန်ကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မနှေးကွေးစေရေးအတွက် အဖြေတစ်ခုတော့ရှိရမည် ဖြစ်သည်။ တကယ်တမ်းလည်း အဖြေရှိပါသည်။
ထိုအဖြေမှာ ခရီးသွားလာမှုများကို တားမြစ်ပိတ်ပင်ခြင်း၊ ကုန်သွယ်လုပ်ငန်းများကိုလျှော့ချခြင်းနှင့်သွားလာမှုများ နှောင့်နှေးကြန့် ကြာအောင်လုပ်ခြင်းတို့ မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စွမ်းကိုတိုးမြှင့်ခြင်းနှင့် လူတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်းသာဖြစ်သည်။
ခရီးသွားလာမှုများကို တားမြစ်ပိတ်ပင်ခြင်းသည် အချိန်ကုန်ပြီးအကျိုးနည်းသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်စပ် များကို ထိန်းချုပ်ခြင်းသည် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် အလုပ်မဖြစ်ကြောင်း၊ နိုင်ငံတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းက နောက်ထပ်ကူးစက်လာနိုင်သည့် အခြေအနေများအတွက် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အနောက် ပစိဖိတ်ဒေသညွှန်ကြားရေးမှူးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
ထို့ပြင် နိုင်ငံများအနေဖြင့် ကိုယ့်နိုင်ငံအတွင်းရှိ ရောဂါပိုးကူးစက်ခံရနိုင်ခြေများသူများကို ကာကွယ်ဆေး အပြည့်အဝ ထိုးပေးခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေခြင်းတို့ကဲ့သို့ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ လိုက်နာ စေရန် တင်းကျပ်စေခြင်းသာဖြစ်ကြောင်း ညွှန်ကြားရေးမှူးတာကဲ့ရှီကာဆိုင်းက တိုက်တွန်းထားသည်ကို တွေ့ရသည်။
ထို့အတွက် သိပ္ပံပညာရှင်အားလုံးတညီတညွတ်တည်း ပြောဆိုထားသည့် အလွန်အရေးကြီးအချက်တစ်ချက်လည်း ရှိသေးသည်။ ယင်းအချက်မှာ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရပ်တန့်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းက ချမ်းသာသော နိုင်ငံများ တွင် ထပ်တိုးကာကွယ်ဆေးများ လွှမ်းခြုံထိုးပေးနိုင်ရေးမဟုတ်ဘဲ ဆင်းရဲသောနိုင်ငံများအနေဖြင့် ကာကွယ်ဆေး အပြည့်အဝ ရရှိနိုင်ရေးပင် ဖြစ်သည်ဟုပြောထားခြင်းဖြစ်သည်။
သို့သော်လည်း နိုင်ငံအများအပြားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် သိပ္ပံပညာရှင်အချို့၏ တိုက်တွန်းချက်များကို လိုက်နာ ခြင်းမရှိသည့်အလျောက် ချမ်းသာသောနိုင်ငံများကသာ ကာကွယ်ဆေးကိုအပြည့်အဝရရှိထားကြသည်မှာ ဓမ္မတာပင်ဖြစ်နေ သည်ကို လည်း လက်တွေ့တွင်မြင်တွေ့နေရပြန်သည်။
မည်သို့ပင်ဆိုစေကာမူ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးသည် ကမ္ဘာ့စီးပွားရေးကို နောက်တစ်ကြိမ် ကိုင်လှုပ် နိုင်လောက် အောင်အထိ အစွမ်းရှိနေသည်ကတော့ အသေအချာပင်ဖြစ်သည်။ထိုရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် လည်း သက်ဆိုင်ရာနိုင်ငံများ၏ အခွင့်အရေးနှင့်လုပ်ပိုင် ခွင့်အပေါ်သာ မူတည်သည့်အတွက်ပညာရှင်များက အတင်းအကျပ် ဖိအားပေးနိုင်မည်မဟုတ်ပေ။
ထို့အတွက်ကြောင့် အိုမီခရွန်သည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ယခင်ကလိုအဆိုးဆုံးမဟုတ်တောင် အတိုင်းအတာတစ်ခု အထိ တော့ နှေးကွေးနေစေဦးမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Ref: TST, Bangkok Post
ထက်မြတ်