မျှတစွာမရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေး အိုမီခရွန်ကြောင့် လိုအပ်ချက် ပိုမြင့်တက်လာ
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလိုအပ်ချက် ရုတ်တရက်ဆိုသလိုမြင့်တက်လာသည်။
အကြောင်းရင်းမူကား ကမ္ဘာတစ်ဝန်း၌ အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် ရုတ်ခြည်း မြင့်တက်လာခြင်းကြောင့်ပင်ဖြစ်သည်။
နိုင်ငံအများအပြားရှိ အစိုးရအသီးသီးကလည်း ၎င်းတို့၏ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် အလောတကြီး လုပ်ဆောင်မှုများရှိလာရာ နဂိုကတည်းကမှ ညီမျှစွာ ရရှိထားခြင်းမရှိသည့် ကာကွယ်ဆေး လိုအပ်ချက်က ပိုမိုမြင့်တက်လာရသည်။
ယခုကဲ့သို့ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းခံမှာလည်း ကာကွယ်ဆေးများကို အညီအမျှ မရရှိထားခြင်းကြောင့်သာဖြစ်သည်။
အနည်းဆုံး ပြည်နယ် ၁၆ ခု၌ အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်မှု ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော အမေရိကန်ပြည်ထောင်စုတွင် ကာကွယ်ဆေးထိုးမှု ခံယူနိုင်ရန် လူတန်းရှည်ကြီးက စောင့်နေသကဲ့သို့ ထိုသို့ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ကြိုတင်စာရင်းပေးသွင်းခြင်း လုပ်ငန်းမှာလည်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်ဟု တာဝန်ရှိသူများကပြောသည်။
အိုမီခရွန်ဗီဇပြောင်း ရောဂါပိုး ကူးစက်ခံရသူ အယောက် ၁၆ဝ ရှိသည့် ဗြိတိန်နိုင်ငံတွင်မူ အရွယ်ရောက်ပြီးသူများကို ထပ်တိုးကာကွယ်ဆေး ထိုးပေးမည့်ကာလ ထက်ဝက်လျှော့ချကာ သုံးလသာ သတ်မှတ်ပြီး ကလေးငယ် အများအပြားကို ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပေးနေသည့်အတွက် ကာကွယ်ဆေးထိုးမှု ခံယူသူအရေအတွက်မှာ အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရသည်။
''အိုမီခရွန်ကြောင့် ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေကို အခုထက်ပိုပြီး ဝယ်ယူသိုလှောင်ပါလိမ့်မယ်။ ပြီးတော့ မဖြစ်စလောက်သာ ပြန်လှူပါလိမ့်မယ်။ သူ့ရဲ့ပြည်သူတွေကိုတော့ ထပ်တိုးကာကွယ်ဆေးတွေ ထိုးပေးပြီး နယ်စပ်တွေကို ပိတ်ပါလိမ့်မယ်။ ဒီလိုနှုန်းထား အတိုင်းဆိုရင် တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး ဘယ်လိုထိုးပေးရပါ့မလဲ'' ဟု ကနေဒါနိုင်ငံ မက်ဂေးတက္ကသိုလ်ရှိ လူဦးရေနှင့် ကမ္ဘာ့ကျန်းမာရေးကျောင်းမှ ကပ်ရောဂါဗေဒ ပညာရှင် ဒေါက်တာမတ်ဟူကာပိုင် ကပြောသည်။
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ၂ဝ၂ဝ ပြည့်နှစ် အကုန်ပိုင်းတွင် စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ပွားနေသော ကပ်ရောဂါကို အပြီးသတ် တိုက်ဖျက်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးရှိ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်အဝ ထိုးပေးရမည် ဖြစ်သည်။
ထို့အတွက် ကာကွယ်ဆေး အရေအတွက် စုစုပေါင်း ၁၁ ဘီလီယံ လိုအပ်မည်ဟု ကျန်းမာရေး ပညာရှင်များက ၂ဝ၂ဝ ပြည့်နှစ်အကုန်ပိုင်းတွင် ပြောထားသည်။
လက်ရှိအချိန်အထိ ရရှိသောစာရင်းများအရ ပြည်သူများကို ထိုးပေးပြီးသည့် ကာကွယ်ဆေးအရေအတွက် ၈ ဒသမ ၁၄ ဘီလီယံရှိပြီဖြစ်ကာ ထိုပမာဏသည် ကနဦးသတ်မှတ် လိုအပ်ချက်ဖြစ်သော ၁၁ ဘီလီယံ၏ ၇၄ ရာခိုင်နှုန်းရှိသည်။
သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကာကွယ်ဆေးထိုးရန်လိုအပ်သော ၇ဝ ရာခိုင်နှုန်းအနက် ကာကွယ်ဆေးထိုးမှု ခံယူပြီးသူ အရေအတွက်မှာ ၄၄ ရာခိုင်နှုန်းသာ ရှိသေးသည်။
အဆိုပါ ၄၄ ရာခိုင်နှုန်းတွင်လည်း ချမ်းသာသော နိုင်ငံများရှိ ပြည်သူလေးပုံသုံးပုံကျော်မှာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ်ထိုးထားပြီး ဖြစ်သည်။
ဝင်ငွေနည်းနိုင်ငံများရှိ ကာကွယ်ဆေးထိုးပြီးသည့် မျက်နှာမွဲပြည်သူ အရေအတွက်မှာ ၆ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိသည်။
ထိုနိုင်ငံများအနက် အများစုမှာ အာဖရိကတိုက်မှဖြစ်သည်။
''ဒီလိုမျိုးကာကွယ်ဆေးရရှိမှု မညီမျှခြင်းကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ နောက်ထပ်အန္တရာယ် များလွန်းလှတဲ့ ဗီဇပြောင်းရောဂါပိုးတွေနဲ့ ရင်ဆိုင်ရနိုင်ခြေ မြင့်တက်နေပါတယ်။ ဒီလိုမျိုးအထိန်းအချုပ်မဲ့ ရောဂါပိုးပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ရောဂါပိုးကလည်း တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာဖို့ အခွင့်အလမ်း ပိုများနေရတာပါ'' ဟု အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနမှ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာတွမ်ဖရိုင်းဒန်က ပြောသည်။
ဝင်ငွေနည်းနိုင်ငံများ အနေဖြင့် ကာကွယ်ဆေး မလောက်ငမှုကို ဆက်လက်ကြုံတွေ့နေရမည်ဖြစ်သည့်အပြင် ထိုနိုင်ငံများရှိ အစိုးရများကလည်း ၎င်းတို့၏ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးရာမှာ နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
ထိုနိုင်ငံများအနေဖြင့် ၎င်းတို့ထံ ကာကွယ်ဆေး ပမာဏမည်မျှက မည်သည့်အချိန်တွင် ရောက်ရှိမည်ကို မမျှော်မှန်းနိုင် ဖြစ်နေရသေးသည်။
ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် ကာကွယ်ဆေး အများဆုံး ထုတ်လုပ်နိုင်သော အိန္ဒိယနိုင်ငံက ကိုဗက်အမည်ရှိ ကာကွယ်ဆေး ခွဲတမ်းအစီအစဉ်သို့ ကာကွယ်ဆေးများပေးအပ်နေသည့် နိုင်ငံဖြစ်သည်။ ထိုအစီအစဉ် ဆိုသည်မှာလည်း ဆင်းရဲသော နိုင်ငံများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေးနေသည့် အစီအစဉ်ဖြစ်သည်။
သို့သော် အိန္ဒိယအစိုးရသည် ၎င်းနိုင်ငံအတွင်းရှိ ပြည်သူများကိုသာ ကာကွယ်ဆေးဦးစားပေးထိုးပေးနိုင်ရန် ဧပြီလတွင် ကာကွယ်ဆေး တင်ပို့မှုနှင့် လှူဒါန်းမှုများ အားလုံးကိုရပ်ဆိုင်းလိုက်သည်။
ထို့နောက် ကာကွယ်ဆေး ပြန်လည်တင်ပို့မှုကို အောက်တိုဘာလတွင် စတင်မည်ဟုကြေညာခဲ့ပြန်သည်။ တကယ်တမ်း တွင်မူ နိုဝင်ဘာလကုန်မှသာ ကာကွယ်ဆေးပြန်လည်တင်ပို့မှုကို စတင်ခြင်းဖြစ်သည်။
ယင်းကဲ့သို့သော မမျှော်မှန်းနိုင်သည့် အခြေအနေများအပြင် လှူဒါန်းမှုကို လက်ခံရရှိရာတွင် ဆေးထိုးအပ်များ၊ ရောစပ်ရမည့်အရည်နှင့် သယ်ယူပို့ဆောင် စရိတ်များမပါဝင်ခြင်းကလည်း ဆင်းရဲသောနိုင်ငံများရှိ ပြည်သူများ၏ ကာကွယ်ဆေး ရရှိနိုင်မှုကို ပိုမိုခက်ခဲစေပြန်သည်။
ရရှိလာသည့်အချို့သော ကာကွယ်ဆေးများကလည်း သက်တမ်း အလွန်တိုပြီး သုံးလ သို့မဟုတ် နှစ်လအတွင်း သက်တမ်းကုန်မည့်ဆေးများ ဖြစ်နေကြောင်း အာဖရိကရောဂါ ကာကွယ်ထိန်းချုပ်ရေး ဌာနဆိုင်ရာ တောင်အာဖရိက ကိုယ်စားလှယ်က ပြောသည်။
ထိုသို့ ကာကွယ်ဆေး ညီညွတ်မျှတစွာ မရရှိခြင်းအတွက် အရေးအကြီးဆုံးသော အရာမှာ ကာကွယ်ဆေးများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ထုတ်လုပ်ရန် ဖြစ်သည်ဟု ကိုလံဘီယာတက္ကသိုလ်မှ ဒေါက်တာပီတာမူးနင်းကပြောသည်။
''ကျွန်တော်တို့အနေနဲ့ ကာကွယ်ဆေးကိုသာမက ဆေးထိုးပြွန်များနဲ့ ဆေးထိုးအပ်များကို နိုင်ငံအသီးသီးမှာ အရေအတွက် တိုးမြှင့်ထုတ်လုပ် နိုင်ဖို့အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အကောင်းဆုံးသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေပါတယ်။
ထိုအတွက်လည်း နိုင်ငံတကာအစိုးရ အသီးသီးရဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်'' ဟု ဒေါက်တာပီတာမူးနင်းက ဆက်ပြောသည်။
ယခုကဲ့သို့ ကာကွယ်ဆေးများ၊ ဆေးထိုးပြွန်များ၊ ဆေးထိုးအပ်များကို အရေအတွက်တိုးမြှင့် ထုတ်လုပ်လိုက်မည်ဆိုလျှင် ကမ္ဘာ့ကာကွယ်ဆေး ရောင်းလိုအားကွင်းဆက်တွင်ဖြစ်ပေါ်နေသည့်အခက်အခဲများကို လျှော့ချနိုင်မည်ဖြစ်သည့် အပြင် ထိုသို့အရေအတွက် တိုးမြှင့်ထုတ်လုပ်မှုကို အရှိန်မှန်မှန်ဖြင့် နှစ်စဉ်ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ အနည်းငယ်သာ လိုအပ်မည်ဖြစ်သည်။
ထို့ကြောင့် အကျဉ်းချုပ်ပြန်ပြောရမည် ဆိုလျှင် ကူးစက်ပျံ့နှံ့မှု အလွန်တရာ မြန်ဆန်လွန်းလှသည်ဆိုသော အိုမီခရွန် ဗီဇပြောင်း ရောဂါပိုးကြောင့် နဂိုကတည်းကမှ အညီအမျှရရှိထားခြင်း မရှိသည့် ကိုဗစ်ကာကွယ်ဆေး လိုအပ်ချက်မှာ ပိုမိုကြီးမားလာသည်။
ချမ်းသာသောနိုင်ငံများက ထုတ်လုပ်သမျှသော ကာကွယ်ဆေးများကို နောက်လူအတွက် မကျန်တော့လောက်အောင် ငွေပေးဝယ်ယူ သိုလှောင်နေစဉ် ဆင်းရဲသော နိုင်ငံများတွင် လက်ချိုးရေနိုင်သော ပြည်သူအရေအတွက်သာ ကာကွယ်ဆေး ထိုးထားရသေးသည်။
ထိုသို့ကာကွယ်ဆေးရရှိမှု မညီမျှခြင်းကြောင့် လူသားများကို ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုက တစ်ဆင့်ထက်တစ်ဆင့် ပြင်းထန်လာရသည်။ ထိုအခြေအနေမှာ လွတ်လမ်းမရှိသည့် သံသရာလည်ပတ်မှုနှင့်ပင် ဆင်တူနေသေး သည်။
ထိုအခြေအနေမှ ရုန်းထွက်ရန် အရေးတကြီး အလိုအပ်ဆုံးသော လုပ်ဆောင်ရမည့်အရာမှာ ကာကွယ်ဆေးများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေအတွက် တိုးမြှင့်ထုတ်လုပ်ခြင်းဖြစ်သည်။
ယင်းသို့တိုးမြှင့် ထုတ်လုပ်ရန်မှာလည်း အစိုးရအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ငွေကြေးရင်းနှီး စိုက်ထုတ်မှုတို့ လိုအပ်မည်ဖြစ်သည်။
အဆိုပါအခြေအနေသို့ မရောက်သေးခင် ကာလမှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာဟု ဆိုရာဝယ် အထူးသဖြင့် ဆင်းရဲသောနိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလိုအပ်ချက်က တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။