
ယမန်နေ့မှအဆက်
သို့သော် နောင်အေးကတော့ ကြိုးစား၍ပြုံးမြဲဖြင့်-
“သူက ပန်းပါ မေမေ။ သူကတော့ ပန်းမေမေ အန်တီ မခင်ရီပါ”
“ထင်သားပဲ”
ဒေါ်လှမြတ်မင်းက ပန်းအား ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ရာဇဝတ်သားအားကြည့်သော အထင်သေး စက်ဆုပ်သည့် မျက်လုံးများက တောက်ပြောင်စူးရှ၏။
“အေး၊ မင်းရုပ်ရည်ကလေးကတော့ သနားကမားပဲကွယ့်။ ငါ့သားကြိုက်မယ်ဆိုလည်း ကြိုက်စရာပဲ”
ပန်းသည် နောင်အေးအားကြည့်၏။ နောင်အေးသည် တောင်းပန်အသနားခံသော အကြည့်ဖြင့် ပြန်ကြည့်နေစဉ် ဒေါ်လှမြတ်မင်းက မခင်ရီအား ကြည့်ပြန်လေသည်။ မခင်ရီက မျက်နှာလွှဲနေလိုက်ရာ-
“ညည်းကတော့ သနားကမားကလေး ရှိချင်ပေမယ့်၊ကိုယ့်လင်ကိုယ်မှ မထိန်းတတ်မသိမ်းတတ်တော့ အလကားမိန်းမပဲ”
“ရှင်”
မခင်ရီက ချာခနဲလှည့်ကြည့်ရင်း-
“အစ်မကြီး ဘာပြောလိုက်တာလဲရှင်”ဟု ဒေါသသံ မပါဘဲမေး၏။
“ညည်း ငါ့ကို အစ်မ မခေါ်ပါနဲ့။ ညည်းလိုမိန်းမမျိုးနဲ့ ညီအစ်မတော်တယ် အဆိုခံရမှာနာလွန်းလို့ပါ မအဝှာ”
“ကျွန်မက ညီအစ်မတော်တယ်ဆိုပြီး ပြောတာမဟုတ်ပါဘူးရှင်။ အစ်မအရွယ်မို့ အစ်မကြီးခေါ်တာပါ။ ဒါပါပဲ”
“အေး ဒါဖြင့် ပြီးတာပဲ”
အသံလေးအေးသော်လည်း၊ ပစ္စည်းသိပ်မရှိ လှသော်လည်း ငုံ့၍မခံတတ်သော မခင်ရီ၏ ထိုးပက်မှုကို ဒေါ်လှမြတ်မင်း မခံချင်ပေ။ မခံချင်ပေမယ့် ဘာမျှ မတတ်နိုင်သောကြောင့် နောင်အေးအား ဒေါသနှင့် လှည့်ကြည့်၏။
“မင်းက ဒီကို ဘာလာလုပ်တာလဲ”
“ဒါများ အဆန်းလုပ်ပြီး မေးနေရသေးသလား မေမေရယ်။ ခါတိုင်းလည်း ကျွန်တော်သွားချင်ရာ သွားနေတာပဲ မဟုတ်လား။ ဒါ ကျွန်တော့်မိတ်ဆွေတွေရဲ့အိမ်ပဲ၊ ကျွန်တော် လာလည်တယ်လေ”
“မိတ်ဆွေ”
ဒေါ်လှမြတ်မင်းက တမင်မဲ့လိုက်ပြီး အော်ဟစ်ရယ်မော၏။
“ငါ အဲဒီလိုရယ်လိုက်ချင်တယ် သိလား။ ဘာမိတ်ဆွေလဲ”
“မိတ်ဆွေပဲ မေမေရဲ့၊ ဘာမိတ်ဆွေရယ် ဘယ်ရှိမလဲ။ သာမန် ခင်မင်တဲ့မိတ်ဆွေပေါ့”
“ဟွန်း”
စိန်လက်စွပ်ကြီး ဝင်းခနဲ တောက်ပလာအောင် စီးကရက်ကိုမြှောက်ဖွာလိုက်သည်။
“ဒါ မေးရအောင် လိုက်လာတာလားမေမေ။ တော်တော်မောမှာပဲနော်”
“မောတာ၊ မမောတာ နင့်အပူမရှိပါဘူး။ ငါ မောချင်မောမယ်၊ မမောချင် မမောဘူး”
“သြော်...မမောချင်ရင်လည်းရ၊ မောချင်လည်း ရတယ် ဟုတ်ပါကလား မေမေရဲ့”
နောင်အေးသည် မခင်ရီတို့သားအမိဘက်သို့ အဘွားကြီးမလှည့်နိုင်စေရန် ဒေါသဖြစ်အောင် ဆွနေခြင်း ဖြစ်၏။
“အေး ဟုတ်တယ်။ ငါ မမောချင်ရင် မမောဘူး။ သိပြီလား”
“သိပါပြီခင်ဗျာ။ မြူနီစီပယ် ရွေးကောက်ပွဲကတည်းကသိပါတယ်”
“ဘာသိတာလဲ၊ ဘာသိတာလဲဟင်”
မျက်စောင်းထိုးကာ မေးထိုးကာ ရိုက်မလိုပုတ်မလို တိုးကပ်လာရာ၊ နောင်အေးက နောက်ဆုတ်ပေးလိုက်ရင်း ရယ်မော၍-
“အဲဒီတုန်းကလေ၊ မေမေက မဏ္ဍပ်ထဲမှာထိုင်ပြီး ဘာမှမလုပ်ဘဲ သူများတွေကို ပါးစပ်နဲ့ခိုင်းနေတာပဲ။ ဟော မဏ္ဍပ်ထဲကို ဝန်ကြီးချုပ်လည်းဝင်လာရော ပါးစပ်ကဟပြီး မောနေလိုက်တာ၊ ခတ်လိုက်ရတဲ့ ယပ်တောင်လည်း မနားဘူး။ မောလိုက်တာ ဝန်ကြီးချုပ်ရယ်တဲ့”
“ဒီလိုပဲ ဟန်လုပ်ရသဟ။ မမောပေတဲ့ မောချင်ယောင်ဆောင်ပြီး ညာနိုင်လို့ နင် ဘဲလယားကြီးစီးနိုင်တာ”
“တတ်နိုင်ပါပေ့ဗျာ။ ကျွန်တော်တော့ မလုပ်တတ်ပေါင်ဗျာ”
“ဘယ်လုပ်တတ်မလဲဟဲ့။ နင်လည်း နင့်အဖေလိုပဲ အဖျင်းပဲ။ မိန်းမနဲ့တွေ့မှ ဟမ်းဟမ်းဟမ်းဟမ်းနဲ့”
အဘွားကြီးက ပါးစပ်ဖြင့် တစ်စုံတစ်ရာကို လိုက်ဟပ်ဟန်လုပ်ပြ၏။
“အခုလည်း နင့်အဖေ အချိုးမျိုးချိုးပြီး ဒီရောက်နေတာ မဟုတ်လား”
နောင်အေး သက်ပြင်းချလိုက်ရ၏။ ဘယ်လိုပဲစိတ်ပြောင်းအောင် စနေပေမယ့် နောက်ဆုံးတော့ ဒီပဲဆိုက်သည်။
ဒေါ်လှမြတ်မင်းက မခင်ရီနှင့်ပန်းအား တစ်ချက်မျက်စောင်းခဲသည်။
“ဟင်း မိန်းမတွေကိုက”
မခင်ရီက ဒေါ်လှမြတ်မင်းအား စူးစိုက်ကြည့်ကာ ပန်းကနောင်အေးအား ကြည့်သည်။
“မေမေ ကျွန်တော့်ကို ဘာပြောစရာရှိလို့လိုက်လာသလဲ မေမေ။ ပြောစရာရှိရင် ကျွန်တော်လိုက်ခဲ့ပါ့မယ်။ ပြောစရာမရှိလည်း ပြန်ပါမေမေ။ သူတစ်ပါးရဲ့ ပိုင်နက်ထဲဝင်လာပြီး မချေမငံ ပြောတာဆိုတာ မကောင်းပါဘူး”
“ဘာပိုင်နက်လဲ။ ဒီမြေကွက်မျိုး အကွက်တစ်ရာ ဝယ်နိုင်တယ် နားလည်လား”
မဆိုင်တာမပြောစမ်းပါနဲ့ မေမေရယ်။ တရားနည်းလမ်းနဲ့ ပြောစမ်းပါ။ အန်တီနဲ့ ပန်းတို့ဟာ သူတို့အဘိုးအိမ်ကို ခဏလာနေကြတာ။ ခြံပိုင်ရှင် အဘိုးကြီးပြန်ရောက်လာရင် မေမေ ပြောပုံဆိုပုံမျိုးနဲ့ခက်မယ်သိလား”
“ဘာခက်တာလဲ။ လာတော့ကော ဘာဖြစ်လဲ။ ငါ့ကိစ္စရှိလို့ ငါလာတယ် ဘာဖြစ်လဲ”
ဆက်လက်ဖော်ပြပါမည်။
ဆင်ဖြူကျွန်းအောင်သိန်း